Saturday, July 14, 2012

ဆန္ဒပြခွင့်အတွက် စာတင်သည့် လယ်သမားများအား ဒေသအာဏာပိုင်များက ခေါ်ယူခြိမ်းခြောက်

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ပင်းတလဲကျေးရွာနှင့် လေးမျက်နှာကျေးရွာများမှ လယ်သမား ၆ ဦးကို ဆန္ဒပြခွင့်အတွက် စာတင်သည့် ကိစ္စနှင့်ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ယနေ့ မနက်ပိုင်းတွင် ဆင့်ခေါ်ကာ ဆန္ဒပြလျှင် ထောင် ၁ နှစ် ချနိုင်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည်။ ဆန္ဒပြရန် အခုလ ၁၈ ရက်နေ့က မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ စာတင်ခဲ့သည့် ဝမ်းတွင်းမြို့နယ် လေးမျက်နှာနှင့် ပင်းတလဲကျေးရွာများမှ လယ်သမား ဦးဝင်း၊ ဦးသန်း၊ ဦးလင်းလင်းအောင်၊ ဦးအေးနိုင်စိုး၊ ဦးအောင်ထွန်းတို့ အပါအဝင် ၆ ဦးကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုထွေးနှင့် ဒုရဲမှူး တင့်ဇော်တို့က ခေါ်ယူတွေ့ဆုံပြီး အဆိုပါကဲ့သို့ ခြိမ်းခြောက်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“မနေ့က ဆန္ဒပြဖို့ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို စာတင်ခဲ့တဲ့ ကိစ္စပေါ့၊ အဲဒီစာတင်တဲ့ ၆ ဦးကို ဒီကနေ့ မြို့နယ်တာဝန်ရှိသူတွေက ခေါ်တွေ့တယ်။ ဆန္ဒပြခွင့် မပြုနိုင်ဘူး၊ တကယ်လို့ ခွင့်မပြုဘဲ ပြရင် ထောင် ၁ နှစ် ချနိုင်တယ်။ လျှပ်စစ်မီးရရှိရေး ဆန္ဒပြတဲ့သူတွေကိုတောင် သူတို့ ဘယ်လိုလုပ်လိုက်သလဲဆိုတာ သိတယ်မဟုတ်လားလို့ ခြိမ်းခြောက်တယ်။ ပြီးတော့ သူတို့ဘက်က ခေါ်ယူသတိပေး ပြောကြားတာတွေကို သိရှိကြောင်း လက်မှတ်ထိုးခိုင်းတယ်။ လယ်သမား ၆ ဦးစလုံး လက်မှတ်မထိုးခဲ့ဘူး” ဟု မြို့နယ်တာဝန်ရှိသူများ ဆင့်ခေါ်သတိပေးခြင်း ခံခဲ့ရသည့် လယ်သမားတဦးက ပြောသည်။
လေးမျက်နှာကျေးရွာနှင့် ပင်းတလဲကျေးရွာများမှ လယ်သမားများအနေဖြင့် ယခုကဲ့သို့ ဆန္ဒပြရန် တောင်းဆိုရခြင်းမှာ ပင်းတလဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မြက တောင်သူများအတွက်ရသည့် စိုက်ပျိုးစရိတ် ချေးငွေထဲက ငွေတသိန်းကို နှစ်ထောင်စီ ကောက်ယူသည့်ကိစ္စ မကျေနပ်၍ တိုင်းကြားခဲ့သည့် လယ်သမား ၁၄ ဦးကို ကျေးရွာအုပ်ချုပ်ရေးမှူးက ပြီးခဲ့သည့် မေလတွင် မမှန်မကန် တိုင်ကြားမှု ပုဒ်မ (၁၈၂) ဖြင့် ပြန်လည် တရားစွဲဆိုခြင်းကို မကျေနပ်သည့်အတွက် ဆန္ဒပြရန်တောင်းဆိုခြင်း ဖြစ်သည်။
ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးရွာသားများထံမှ ကျေးရွာစာကြည့်တိုက် ဆောက်လုပ်ရန်၊ ရေကန်တူးရန် အကြောင်းပြချက်များဖြင့် ငွေကြေးကောက်ခံခဲ့ခြင်း ဖြစ်သည်။
ဆန္ဒပြတောင်းဆိုရာတွင် အချက် ၃ ချက် ပါဝင်သည်။ ၎င်းတို့မှာ (၁) လယ်သမား ၁၄ ဦးကို ပုဒ်မ (၁၈၂) ဖြင့် မမှန်မကန် တရားစွဲဆိုမှုကို အမြန်ဆုံး ရပ်ပေးရန်၊ (၂) ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မြကို ခြွင်းချက်မရှိ တာဝန်မှ ရပ်ဆိုင်းရန်၊ (၃) တရားဥပဒေနှင့်အညီ ကျေးရွာအုပ်ချုပ်ရေးမှူးအသစ် ခန့်ထားပေးရန်တို့ ဖြစ်သည်။

No comments:

Post a Comment

My Blog List