IISS က မွေးထုတ်ထားတဲ့ ဆွေးနွေးပွဲတွေ ဆိုတော့ အမေရိကန်နဲ့ဗြိတိန်တို့ ဦးဆောင်တဲ့ မဟာဗျူဟာမြောက် လှုပ်ရှားမှုတွေထဲက တစ်ခုလို့ နားလည်နိုင်တယ်။ IISS ဆိုတာ စစ်အေး ခေတ်ကာလ အနုမြူ အပါအ၀င် လက်နက် အင်အား အပြိုင် ချဲ့ထွင်မှုအပေါ် ထိန်းချူပ်ဖို့ရာ ဆိုပြီး စတင် ဖွဲ့စည်းခဲ့တဲ့ အနောက်အုပ်စုရဲ့ မူဝါဒပိုင်းဆိုင်ရာ အကြံပေး သုခမိန်အဖွဲ့။ ဗြိတိန်မှာ ပုဂ္ဂလိက ကုမ္ပဏီ လိမိတက် အနေနဲ့ရော၊ မှတ်ပုံတင်ထားတဲ့ ချရတီ အလှုရှင်အဖွဲ့အနေနဲ့ပါ ရပ်တည် အခြေစိုက် ထားတယ်။ အစိုးရများ အကြား လုံခြုံရေးနဲ့ စစ်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးဖို့ရာ အရှေ့တောင်အာရှဒေသ ဗမာပြည် အပါအ၀င် အာရှ-ပစဖိတ် ဒေသကြီးအတွက် စင်္ကာပူ ရှန်ဂရီလာဟိုတယ်မှာ၊ ပါးရှန်းပင်လယ်ကွေ့ဒေသအတွက် ဘာရိန်းမှာ Manama Dialogue အမည်တွင်တဲ့ စကားပြောပွဲတွေကို ကျင်းပပေးနေတယ်။
တရုတ် အနေနဲ့ ဒေသတွင်း လုံခြုံရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ဆိုကာ ရှန်ဂရီလာ ဆွေးနွေးပွဲတွေအတွင်း စစ်ဘက်ဆိုင်ရာ အဆင့်မြင့် အရာရှိတွေကို စေလွှတ်ခဲ့တာမှာ မနှစ် ၂၀၁၁ ဂျွန် မှာတော့ ကာကွယ်ရေးဝန်ကြီး Liang Guanglie ကိုယ်တိုင် ပထမဆုံး ၀န်ကြီးအဆင့် ကိုယ်စားလှယ်အဖြစ် တက်ခဲ့တယ်။ ရှန်ဂရီလာကို တရုတ်ရဲ့ ထိပ်တန်းအဆင့် ရာထူးကြီး ကိုယ်စားလှယ်တွေ စေလွှတ်ခြင်းဟာ အပြည်ပြည်ဆိုင်ရာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ရာ တရုတ်အနေနဲ့ အင်မတန်လိုလား စိတ်ထက်သန်မှုရှိကြောင်း ပြသခြင်းအားဖြင့် အင်မတန် အကဲဆတ် ရန်လိုတတ်တယ်လို့ အိမ်နီးချင်းနိုင်ငံများက အစဉ်အဆက် ရှုမြင်ခြင်းခံရတတ်တဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ ပုံရိပ်ကို ပျော့ပြောင်းစေကာ၊ ဒေသတွင်း သံတမန်ရေးရာ တင်းမာမှုတွေကို လျှော့ချနိုင်တယ်ဆိုပြီး IISS ကလည်း ရှူ့မြင်တယ်။
ဒီနှစ် ဂျွန်မှာတော့ တရုတ်က ကာကွယ်ရေးဝန်ကြီး မလွှတ်ပြန်ပါဘူး၊ ဘာအခြေအနေတွေများ ရှန်ဂရီလာအကြို ထူးကဲပြောင်းလဲနေခဲ့သလဲ။ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ၂၀၁၀ မူဝါဒရေးရာလမ်းညွှန် စက္ကူဖြူစာတမ်းမှာလည်း ရှန်ဂရီလာဒိုင်ယာလော့ဂ်တွေကို ထိပ်တန်းကိုယ်စားလှယ်တွေ စေလွှတ်ခြင်းဟာ ဒေသတွင်းလုံခြုံရေးအတွက် အပြည်ပြည်ဆိုင်ရာနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ရပ်အဖြစ် အတိအလင်း ထည့်သွင်းရေးသားထားတာပဲ။
တကယ်တော့ ထားရှိမယ့် မူဝါဒရေးရာ သဘောထားတွေကို ဖွင့်ထုတ် ကြေညာခြင်း အားဖြင့် အာရှ-ပစဖိတ်ဒေသအတွင်း စစ်ရေးမဟာဗျူဟာ လတ်တလော သွေးတိုးစမ်းလာတာ အမေရိကန်ပဲ။ အရင်နှစ် ၂၀၁၁ နိုဝင်ဘာကတည်းက အာရှတိုက်နဲ့စပ်လျှဉ်းတဲ့ နိုင်ငံခြားရေးရာ မူဝါဒတွေကို ပြန်လည် ချိန်ခွင်လျှာညှိမယ်လို့ လေသံစပစ်လာတာမှာ တရုတ်ကလည်း သူတို့ရဲ့ အာရှတိုက်အတွင်း တိုးမြင့်လာတဲ့သြဇာကို အမေရိကန်က ဘရိတ်အုပ်ဖို့ ကြိုးစားတဲ့ တိုက်ရိုက်စိန်ခေါ်မှုနှယ် မှတ်ယူခဲ့တယ်။
အခုဂျွန် ဒီနှစ်ရှန်ဂရီလာဆွေးနွေးပွဲမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး Leon Panetta က တရုတ်ရဲ့ စိုးရိမ်မှု စွပ်စွဲမှုတွေကို ပယ်ချပြီး၊ အာရှတိုက်မှာ အမေရိကန်ရဲ့ ကာကွယ်ရေးဆိုင်ရာ ပါဝင်ပတ်သက်မှု မူဝါဒတွေ ပြင်ဆင်တာ တိုးချဲ့တာမှန်သမျှ တိုးတက်ဖွံ့ဖြိုး ကြီးထွားလာတဲ့ တရုတ်ပြည်နဲ့ သဟဇာတဖြစ်ဖြစ် ဟန်ချက်ညီအပ်စပ်ဖို့သာပဲလို့ တရုတ်အပေါ် ရန်ဘက်သဖွယ် မယူဆတဲ့သဘော ရွှေပြည်အေးတရား ဟောခဲ့တယ်။ လက်တွေ့မှာ ဘာတွေ စလုပ်နေနှင့်ပြီးသလဲ။ ဒီနှစ်ဧပြီလကတည်းက သြစထြေးလျား မြောက်ပိုင်းမှာ မရိန်းတပ်တွေ နေရာချခဲ့တယ်၊ ကမ်းရိုးတန်းသွား စစ်သင်္ဘောအခြေစိုက်စခန်းတည်ဖို့ စင်္ကာပူနဲ့ သဘောတူညီမှု ရပြီးကြောင်း အခုဂျွန် ၂ရက်မှာ စင်္ကာပူရောက်နေတဲ့ Leon Panetta က ကြေညာတယ်။ တစ်ခါတည်းပဲ လေယာဉ်တင်စစ်သင်္ဘော ၆စင်းအပါအ၀င် အမေရိကန်ရဲ့ တိုက်ရေယာဉ် ၆၀ရာခိုင်နှုန်းကို အာရှတိုက်မှာ ၂၀၂၀မတိုင်မှီ အပြီးနေရာချမယ်လို့ ဖွင့်ဟတယ်။
ရှန်ဂရီလာ ဆွေးနွေးပွဲပြီးတော့ အဲဒီ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဟာ စင်္ကာပူကနေ ဗီယက်နမ်ဆိပ်ကမ်း Cam Ranh Bay ကို သွားပြန်တယ်။ အဲဒီ့ဆိပ်ကမ်းဟာ ဗီယက်နမ်စစ်တုန်းက အတော်ကြီးမားတဲ့ အမေရိကန်စစ်အခြေစိုက်စခန်း။ အခုလည်း ပဲန်တဂွန်က တောင်တရုတ်ပင်လယ်အတွင်း ဖြတ်သန်းမယ့် အမေရိကန် ရေတပ်သင်္ဘောတွေ ရပ်နားနိုင်တဲ့ ကြားစခန်းအဖြစ် အသုံးပြုလိုတယ်။ ဒီလို အမေရိကန်ရဲ့ခြေလှမ်းတွေကို တရုတ်က သူတို့အပေါ် ခြိမ်းချောက်မှုအနေနဲ့ မှတ်ယူတာ ဘယ်ဆန်းပါ့မလဲ။
အမေရိကန်ဟာ အီရတ်ကနေလည်း ခွာခဲ့အပြီး၊ အာဖဂန် စစ်အရှိန်လည်း သေသလောက် ဖြစ်နေပြီးတဲ့ အခုအချိန်မှာ counter-insurgency campaigns လို့ ခေါ်တဲ့ ပြည်တွင်းသူပုန်အဆင့် နှိမ်ရေးကို အဓိကထားရတဲ့ ကျန်ခဲ့တဲ့၁၀စုနှစ်အတွင်း စစ်ရေးလိုအပ်ချက်ကနေ၊ နောက်ရင်ဆိုင်ရမယ့် ရန်သူဟာ နည်းပညာအဆင့်မြင့် ဗျူဟာမြောက် ရန်သူအဖြစ် ပဲန်တဂွန်က တင်ကြိုသဘောထားလာတယ်။ အဲဒီ့ နောက်ရန်သူဟာ တရုတ်လို့ နာမည်တပ် မပြောပေသိ၊ နည်းပညာအဆင့်မြင့် ဗျူဟာမြောက်တဲ့စစ်အင်အားကို အရှိန်အဟုန် အကောင်းဆုံး တိုးချဲ့နေနိုင်တာကတော့ တရုတ်ပါပဲ။ ဘာဗျူဟာမြောက်တာလဲဆို anti-access/area denial (A2/AD) လုပ်နိုင်စွမ်း ဗျူဟာပါပဲ။ Anti-access ဆိုတာ တစ်ဖက်က ရန်သူ့အင်အား ကိုယ်ထိန်းချူပ်ရာဂွင်ထဲ ၀င်ရောက်မလာအောင် ဟန့်တားနိုင်စွမ်း၊ area denial ဆိုတာ ကိုယ့်ဂွင်ထဲ ၀င်ရောက်လာခဲ့ရင်လည်း ရန်သူ လှုပ်ရှားနိုင်မှုနယ်ပယ် ကျဉ်းနိုင်သမျှကျဉ်းအောင် ပြုလုပ်နိုင်စွမ်းကို ဆိုလိုပါတယ်။ ဒီလို A2/AD စစ်ရေးဗျူဟာမြောက်ဖို့ရာ လိုအပ်တဲ့ ဖျက်သင်္ဘော၊ ဒုံးကျဉ်၊ ဗုံးကြဲတိုက်လေယာဉ်၊ တော်ပီဒိုတပ် ရေငုပ်သင်္ဘောများလို အဆင့်မြင့် နည်းပညာများအပေါ် ငွေပုံအောသုံး တိုးချဲ့နေနိုင်သူ မများလှတဲ့ နိုင်ငံတွေထဲမှာမှ တရုတ်က ဗိုလ်စွဲနေတော့ နည်းပညာအဆင့်မြင့် ဗျူဟာမြောက် ရန်သူလို့ဆိုရင် ဆိုခဲ့သလိုပဲ၊ တရုတ်လို့ နာမည်တပ်ပြောစရာ မလို၊ တရုတ်ကို အဓိကထားသည့်နှယ် နားလည်ကြရတယ်။
အဲဒီ့ A2/AD ခြိမ်းချောက်မှုကို ချေမှုန်းဖို့ရာ ပဲန်တဂွန်က Joint Operational Access Concept (JOAC) ဆိုပြီး ဦးတည်နေပါတယ်။ စစ်အေးခေတ် ဆိုဗီယက်နဲ့ရင်ဆိုင်ဖို့ရာ လေတပ် ရေတပ် ပူးပေါင်းစစ်ဆင်ရေး နည်းနာဗျူဟာ AirSea Battle ကို မွမ်းမံထားတာပါပဲ။ JOAC အရ အမေရိကန်ရဲ့ ဒီနှစ်အပိုင်းအခြားမှာ ထူးကဲသိသာစွာ ပြင်ဆင်လာတဲ့ စစ်ရေးမဟာဗျူဟာ ခြေလှမ်းများဟာ အာရှ-ပစဖိတ်ဒေသအတွင်း ရည်စူးကြောင်း ရှန်ဂရီလာဒိုင်ယာလော့ဂ်မှာ ကာကွယ်ရေးဝန်ကြီးကိုယ်တိုင် ထုတ်ဖော်တဲ့နောက် အာရှ-ပစဖိတ်ဒေသတလွှား အထူးသဖြင့် အရှေ့တောင်အာရှတစ်ခွင်မှာ အမေရိကန်နဲ့တရုတ်တို့ရဲ့ စီးပွားရေးစားကျက် လုမှု၊ အင်အားပြိုင်ဆိုင်မှု၊ သြဇာတည်ထောင်မှုတို့ဟာ အရှိန်အမြင့်ဆုံးကို ရောက်လာပြီလို့ တွက်ဆနိုင်ပါတယ်။
အမေရိကန်နဲ့တရုတ်ဟာ သူတို့အချင်းချင်းတော့ ကုန်သွယ်ဖက် စီးပွားဖက်နိုင်ငံများ ဖြစ်နေကြတာကို ဌာနေဒေသတွင်း ဖွံ့ဖြိုးဆဲနိုင်ငံငယ်များ သတိချပ်စရာပါ။ အမေရိကန်နဲ့ တရုတ်တို့ရဲ့ ပြိုင်ဆိုင်မှုအရှိန်ဟာ အဲဒီ့ဖွံ့ဖြိုးဆဲနိုင်ငံငယ်များရဲ့ ပြည်တွင်းစီးပွားရေး နိုင်ငံရေးများအပေါ် မလွဲမသွေ သက်ရောက်ပါလိမ့်မယ်။ အာရှ-ပစဖိတ်ဒေသအတွင်း Gold Cobra ခေါ်တဲ့ အမေရိကန်ဦးဆောင်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ဗမာစစ်တပ် ၀င်ပါချင်ကြောင်း ဒီနှစ်ဆန်းပိုင်းမှာ ထိုင်းကတဆင့်ပူဆာခဲ့တာကို အခုဂျွန်လဆန်း ရှန်ဂရီလာဒိုင်ယာလော့ဂ်မှာပဲ အမေရိကန်ကာကွယ်ရေးဝန်ကြီးက ဗမာစစ်တပ်ကို မီးစိမ်းပြတယ်။ လူကြားကောင်းအောင် လူ့အခွင့်အရေး ဒီမိုကရေစီရေး ဆက်ပြီး ပြောင်းလဲဖော်ဆောင်ဖို့ တိုက်တွန်းခြင်းသကာ အုပ်ထားပေသိ၊ လိုရင်းကတော့ နိုင်ငံရေးရဲ့ လက်အောက်ခံ မဟုတ်ရုံမက နိုင်ငံရေးကို ချယ်လှယ်ကြိုးကိုင်နေတဲ့ ပြည်တွင်းစစ် ဆက်လက်တိုက်ခိုက်နေတဲ့ ဗမာစစ်တပ်အပေါ် အမေရိကန်က စစ်ရေးမဟာမိတ်အဖြစ် လက်တွဲနိုင်တယ်ဆိုတဲ့ အခြေအနေပါပဲ။
ရွှေဟင်္သာ