Friday, July 13, 2012

အာဏာပိုင်များက အာဇာနည်နေ့တွင် လွမ်းသူ့ပန်းခွေချခွင့် မပြု

ဇူလိုင်လ (၁၉) ရက်နေ့မှာ ကျရောက်မည့် (၆၅)နှစ်မြောက် အာဇာနည်နေ့မှာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက် (HRDP) က ပြည်မြို့ အာဇာနည်ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကျောက်ရုပ်ရှေ့တွင် လွမ်းသူပန်းခွေချဖို့ စီတန်းလမ်းလျောက် ပန်းခွေချခွင့်ပြုဖို့ တင်ပြလျှောက်ထားချက်ကို မြို့နယ်ရဲတပ်မှူးက ခွင့်မပြုကြောင်း အကြောင်းပြန်ခဲ့သည့်အတွက် အယူခံတက်ဖို့ပြင်ဆင်နေကြောင်း သိရသည်။ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၄)အရ စီတန်းလှည့်လည်ခွင့်ပြုပြီး ဗိုလ်ချုပ်အောင်ဆန်း မြင်းစီကျောက်ရုပ်ရှေ့မှာ လွမ်းသူပန်းခွေချခွင့်ပြုဖို့ ပြည်မြို့ မြို့နယ်ရဲတပ်မှူးရုံးကို ကျောင်းကြီးအိုတန်းရပ်ကွက် တပ်လမ်းနေ ရှေ့နေ ဦးမြင့်အေးနှင့် ရွာဘဲရပ်ကွက် ဗိုလ်ချုပ်လမ်းနေ ကိုဇော်ထွန်း (HRDP) က အခုလ (၁၀) ရက်နေ့ နေ့လည်ပိုင်းက
စာရေးသားလျောက်ထားခဲ့ခြင်းဖြစ်သည်။
အဆိုပါ လျှောက်ထားချက်ကို ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကတဆင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံ တင်ပြခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက စာဖြင့် “ပြည်မြို့တွင် အာဇာနည်ဗိမ္မာန်မရှိခြင်း၊ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်သည် လွတ်လပ်ရေးဖခင် အထိမ်းအမှတ်အဖြစ် တည်ဆောက်ထားသည့် အထိမ်းအမှတ်တခုသာဖြစ်ခြင်း၊ ဗိုလ်ချုပ်မြင်း စီးကျောက်ရုပ်သည် မြို့လယ်ခေါင်တွင်ရှိပြီး ၀မ်းနည်းဖွယ်ရာကိစ္စများဆောင်ရွက်ရန် မသင့်တော်ခြင်းတို့ကြောင့် ပြည်မြို့ ဆံတော်ရပ် ဗိုလ်ချုပ်လမ်းနှင့် လမ်းမတော်လမ်းဒေါင့်တွင်တည်ရှိသည့် ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်တွင် လွမ်းသူ့ပန်းခွေချရန်မသင့်ပါကြောင်းနှင့် လျှောက်ထားသူများအား မိမိနေအိမ်ခြံဝန်းအတွင်းသာ ပြုလုပ်သင့်ပါကြောင်း” သဘောထား ပြန်ကြားချက်နဲ့အတူ စီးတန်းလမ်းလျှောက်ခွင့် လွမ်းသူ့ပန်းခွေချခွင့်ပြုရန်တင်ပြမှုအပေါ် ခွင့်မပြုကြောင်း အကြောင်းပြန်ကြားစာကို ပြည်မြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး လက်မှတ်ထိုးကာ ရှေ့နေ ဦးအေးမြင့်ထံ (၁၁)ရက်နေ့ ည (၉) နာရီမှာ အကြောင်းပြန်ကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ မြိုနယ်ရဲတပ်ဖွဲ့မှူး အကြောင်းပြန်ကြားချက်နဲ့ပတ်သက်ပြီး စီတန်းလမ်းလျှောက်ခွင့် လွမ်းသူပန်းခွေချခွင့် ရရှိရေးအတွက် အယူခံတက်ဖို့ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးနှင့် ကိုဇော်ထွန်း (HRDP)တို့က ကြိုးပမ်းနေကြောင်း သိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို လူ့ဂုသိက္ခာ၊ လူ့အခွင့်အရေး၊ လွတ်လပ်ခွင့်များနှင့်အညီ ရပ်တည်ရှင်သန်ရန် သူ့ကျွန်ဘ၀မှလွတ်မြောက်အောင် အသက်သွေးတို့စတေး၍ လွတ်လပ်ရေးအရယူပေးခဲ့သော အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းဆွတ်သတိရဂုဏ်ပြုလိုသည့် ရည်ရွယ်ချက်ဖြင့် ဇူလိုင်လ (၁၉)ရက် အာဇာနည်နေ့တွင် စီတန်းလမ်းလျှောက်ပြီး ဗိုလ်ချုပ်အောင်ဆန်းမြင်းစီး ကျောက်ရုပ်ရှေ့တွင် လွမ်းသူ့ပန်းခွေချခွင့်ပြုဖို့ သက်ဆိုင်ရာကို တင်ပြလျှောက်ထားခြင်းဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment

My Blog List