Wednesday, July 11, 2012

ဘိလပ်မြေ လုပ်ငန်း၌ ပြည်ပ ကုမ္ပဏီကြီးများ ရင်းနှီး မြုပ်နှံရန် လေ့လာ

Cement_02မြန်မာပြည်၏ ဘိလပ်မြေ လုပ်ငန်းကို ဂျာမနီ၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ တရုတ်နှင့် အိန္ဒိယနိုင်ငံများမှ ဘိလပ်မြေ လုပ်ငန်းရှင် ကြီးများက လာရောက် ရင်းနှီးမြှုပ်နှံရန် သက်ဆိုင်ရာ များနှင့် ဆွေးနွေးမှုများ ရှိနေကြောင်း ဘိလပ်မြေ ထုတ်လုပ်နေသော ပြည်တွင်း ကုမ္ပဏီများက ပြောပါသည်။ 
ပြင်သစ်နိုင်ငံမှ LAFARGE ဘိလပ်မြေ လုပ်ငန်း၊ ဂျာမနီနိုင်ငံမှ Heidelberg ၊ ဆွစ်ဇာလန်နိုင်ငံမှ Holcim ၊ တရုတ်နိုင်ငံမှ Huaxin ဘိလပ်မြေ လုပ်ငန်းနှင့် အိန္ဒိယနိုင်ငံမှ Birla ဘိလပ်မြေ လုပ်ငန်းတို့က ပြည်တွင်း၌ လာရောက် ရင်းနှီးမြှုပ်နှံရန် လေ့လာ နေကြပြီး ဖြစ်သည်။
“ဥပဒေအရ ပြည်တွင်း လုပ်ငန်းရှင်လေးတွေနဲ့ ဖက်စပ် လုပ်လို့ရအောင် နည်းလမ်း ရှာနေတာပါ။ ဒါပေမဲ့ ကျနော်တို့မှာက
လျှပ်စစ် အလုံအလောက် မရှိတော့ နိုင်ငံခြား လုပ်ငန်းရှင် တွေရဲ့ အလိုကျ ဘယ်လိုမှ လုပ်လို့ ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ လုပ်လို့ ရနိုင်မဲ့ နည်းလမ်းတွေကိုတော့ အသေအချာ လေ့လာ နေတာဖြစ်ပါတယ်” ဟု ပြည်တွင်း ဘိလပ်မြေ လုပ်ငန်းရှင် တဦးက ပြောပါသည်။

ပြည်တွင်း ဘိလပ်မြေ လုပ်ငန်းတွင် ပြည်တွင်း လုပ်ငန်းရှင်များ ပိုင်သော စက်ရုံ၌ နေ့စဉ်တန် (၅၀၀) ကျ စက်ရုံသည်သာ အကြီး ဆုံးဖြစ်ပါသည်။ နိုင်ငံခြား ကုမ္ပဏီများ မှာမူ တနေ့လျှင် တန် (၃၀၀၀) ကျမှ အထက် တန်တသောင်း စက်ရုံကြီးများဖြင့် ထုတ်လုပ်ကြမည် ဖြစ်ပါသည်။ ဤသို့ကြောင့် လိုအပ်သော လျှပ်စစ်ဓါတ်အား၊ လမ်းပမ်း ဆက်သွယ်မှုနှင့် ဆိပ်ကမ်းများ ရှိရန်လို အပ်ပါသည်။ သို့သော် မြန်မာနိုင်ငံ၌ ဤလိုအပ်ချက်ကို ဖြည့်ဆီး နိုင်မည် မဟုတ်ဟု ပြည်တွင်း လုပ်ငန်းက ဆိုပါသည်။
ဤကဲ့သို့ ပြည်ပ ဘိလပ်မြေ လုပ်ငန်းရှင်များကို ခွင့်ပြုခဲ့ပါလျှင် ပြည်တွင်း ဘိလပ်မြေ လုပ်ငန်းရှင်များမှာ နစ်နာ ဆုံးရှုံးမည် ဖြစ်ပါသည်။ ထုတ်လုပ်မှု စရိတ်များသည်၊ စက်ရုံကြီးလေ သက်သာလေဖြစ်သဖြင့် ပြည်တွင်း စက်ရုံငယ်လေးများ နစ်နာ ရခြင်းဖြစ်ပါသည်။
Cement_01ပြည်တွင်းထုတ်စက်ရုံမှ ဘိလပ်မြေလုပ်သားများ
 ပြည်တွင်း၌ ဘိလပ်မြေ ထုတ်လုပ်မှု အမြင့်ဆုံး စက်ရုံမှာ မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်းမှ ပိုင်ဆိုင်သည့် တစ်နေ့လျှင်တန် ၄,၀၀၀ ကျ မြိုင်ကလေး ဘိလပ်မြေ စက်ရုံတရုံသာ ရှိပါသည်။  အစိုးရသည် စီးပွားရေး လုပ်ငန်းရှင်များအား ဘိလပ်မြေ စက်ရုံ ၂၅ ရုံခန့် တည်ဆောက်ခွင့် ပေးထားသော်လည်း ရင်းနှီးမြုပ်နှံမှု အခက်အခဲကြောင့် ရာခိုင်နှုန်း အနည်းငယ်သာ တည်ဆောက် နိုင်ခဲ့သည်။

ရွှေဟင်္သာ

No comments:

Post a Comment

My Blog List