Saturday, July 14, 2012

မော်တော်ယာဉ်လိုင်စဉ်များ ထုတ်ပေးရာတွင် မသမာမှုများ ရှိနေ

မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် လိုင်စင်မဲ့ မော်တော်ယာဉ်များအား လိုင်စင်ထုတ်ပေးမှုတွင် မသမာမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။ မြင်းခြံမြို့ပေါ်တွင် လိုင်စဉ်မဲ့ယာဉ်များကို မြို့နယ်အခွန်ဦးစီးဌာနနှင့် ကုန်းလမ်းညွှန်ကြားမှုဦးစီးဌာန (ကညန) တို့က ယခုလ ၁၄ ရက်နေ့မှ စတင်ကာ ယာဉ်လိုင်စင်များ ပြုလုပ်ပေးနေခြင်းဖြစ်ပြီး ယာဉ်အမျိုးအစားအပေါ် မူတည်ကာ လိုင်စဉ်အတွက် ကျပ်ခြောက်သောင်းမှ တစ်သိန်းအထိ ပေးနေရကြောင်း သိရသည်။
ထိုသို့ လိုင်စဉ်ပြုလုပ်ပေးရာတွင် လာရောက်ပြုလုပ်သူ များလွန်းသည့်အတွက် နေရာတန်းစီမှုတွင် မသမာမှုများ ဖြစ်ပေါ်နေကြောင်း မြင်းခြံမြို့ခံတဦးက ပြောသည်။
“နေရာမှောင်ခိုတန်းစီပြီး နေရာဦးထားတဲ့လူတွေက ပိုင်ရာဆိုင်ရာ အာဏာပိုင်တွေနဲ့ပေါင်းပြီး ရောင်းစားနေကြတယ်။ တစ်နေရာကို တစ်သောင်းခွဲပေးရတယ်။ အဲဒီလို နေရာမှောင်ခို ရောင်းစားနေတဲ့လူတွေက ခါးကြားမှာ ဓားတွေထိုးထားပြီး ခြိမ်းခြောက်တယ်” ဟု အဆိုပါ မြို့ခံက ပြောသည်။

ထိုကဲ့သို့ မသမာမှုများ ဖြစ်ပေါ်နေခြင်းကို မြို့နေလူထုက မကျေနပ်သည့်အတွက် မြို့နယ်အခွန်ဦးစီးမှူး ဗိုလ်ကြီး ကျော်သိန်းထံ သွားရောက်တိုင်တန်းခဲ့သော်လည်း ပြေလည်မှုမရှိခဲ့ပေ။
“အခွန်ဦးစီးမှူး ဗိုလ်ကြီး ကျော်သိန်းကို သွားတိုင်တယ်။ ဒီလိုတွေ လုပ်နေတယ်။ ဒီလိုတွေ ဖြစ်နေတယ် ဆိုတာကို။ အဲဒါ သူက ဘာပြောလဲဆိုတော့ ‘ငါနဲ့မဆိုင်ဘူး၊ ငါ့မှာ အဲဒီအတွက် တာဝန်မရှိဘူး’ လို့ တာဝန်မဲ့စကား ပြောလွှတ်လိုက်တယ်” ဟု မြို့ခံက ဆက်ပြောသည်။
မြန်မာနိုင်ငံတွင် လက်ရှိအစိုးရ ခေါင်းဆောင်များက ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းပေါ် အရှိန်အဟုန်နှင့် သွားနေပြီဖြစ်ကြောင်း ပြောဆိုနေသော်လည်း အစိုးရဌာနများမှ ဌာနဆိုင်ရာ အောက်ခြေဝန်ထမ်းများ၏ အကျင့်ပျက်ခြစားမှုများမှာ ရှိမြဲအတိုင်း ဆက်လက်ရှိနေသေးကြောင်း အများက ဝေဖန်နေကြသည်။

No comments:

Post a Comment

My Blog List