Thursday, July 12, 2012

အိုလံပစ်အားကစားပွဲကြောင့် နှစ်နိုင်ငံချစ်ကြည်ရေး တိုးတက်မြင့်မားနိုင်ဟု အား/ကာညွှန်မှူးပြောကြား

၂၀၁၂ခုနှစ်၊ ဇူလိုင်(၂၇)ရက်နေ့တွင် စတင်တော့မည့် အိုလံပစ်အားကစားပွဲကိုအခြေခံ၍ နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုတိုးတက်မြင့်မားလာမည်ဟု မျှော်လင့်ကြောင်း “Road to London”  အိုလံပစ် အထိမ်းအမှတ်ပွဲတွင် အား ကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့သည်။

“လန်ဒန်မှာကျင်းပမည့် အိုလံပစ်ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်တာကြောင့် အိုလံပစ်အားကစားပွဲကို အခြေခံပြီး အရင်က ရှိထားတဲ့ ဗြိတိန်နိုင်ငံသူနိုင်ငံသားတွေနဲ့ ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်နားလည်လေးစားမှုတို့ကိုလည်း ပိုမိုတိုးတက် မြင့်မားလာမယ်လို့မျှော်လင့်ပါတယ်” ဟု အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်က ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ်ပွဲတော်တွင် မြန်မာနိုင်ငံက မြှားပစ်၊ သေနတ်ပစ်၊ လှေလှော်၊ ပြေးခုံပစ် နှင့် ဂျူဒို အားကစား နည်းများတွင် စုစုပေါင်းအားကစားသမား (၁၇)ဦး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ဗြိတိသျှသံရုံးနှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီတို့မှ ပူးပေါင်းကျင်းပသော “Road to London”  အိုလံပစ်အထိမ်း အမှတ်ပွဲ ကို ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစာကွင်းတွင် ဇူလိုင်လ(၁၁)ရက် နံနက် (၉) နာရီခန့်၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ဇူလိုင်လ(၂၇)ရက်နေ့မှ သြဂုတ်လ(၁၂) ရက်နေ့အထိကျင်းပပြုလုပ်မည့် (၃၀)ကြိမ်မြောက် အိုလံပစ်အားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံမှ အားကစားသမားများအားဂုဏ်ပြုသည့်အနေဖြင့်ယခုကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ကိုလည်း သိရှိရသည်။
 
မြန်မာနိုင်ငံသားများ၏အားကစားဝိဉာဉ်အား အံ့သြလေးစားမိကြောင်း မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံအမတ်ကြီးက  “Road to London”  အိုလံပစ် အထိမ်းအမှတ်ပွဲတွင် ပြောကြားလိုက်သည်။

 “ အိုလံပစ်ပွဲတော်ကြီးကို ကျင်းပရတဲ့အကြောင်း ရင်းတွေထဲက တစ်ခုကတော့ ကမ္ဘာ့နိုင်ငံတွေတစ်ခုနဲ့တစ်ခု စည်းစည်း လုံးလုံး ရှိနေကြဖို့ ရည်ရွယ်ချက်ဖြစ်ပါတယ်၊ မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့ အားကစားစိတ်ဓာတ် ၀ိဉာဉ်ရှင်သန်နေမှု ကိုလည်း အံ့မခန်းတွေ့ရပါတယ်”  ဟု ဗြိတိသျှသံအမတ်ကြီး Mr.Andrew Heyn က ပြောကြားခဲ့သည်။
 
ကမ္ဘာ့နိုင်ငံအသီးသီးတို့ရဲ့ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေး၊ အားကစားမှတဆင့် ငြိမ်းချမ်းသာယာဝပြော သော ကမ္ဘာကြီးတည်ဆောက်နိုင်ရေး၊ နိုင်ငံတကာချစ်ကြည်ရင်းနှီးမှု၊အပြန်အလှန် လေးစားလိုက်နာမှု ပိုမိုကျယ်ပြန့်လာ ရေးကို ရည်ရွယ်၍ အိုလံပစ်အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း  ၄င်းက ဆက်ပြောသည်။
 
လန်ဒန်အိုလံပစ်အပါအ၀င် အိုလံပစ်ပွဲတော်များကြောင့် မြန်မာလူငယ်တွေအနေဖြင့် အားကစားဘ၀၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ဆောင်ရွက်ရန် စိတ်ကူးစိတ်သန်းများရရှိသွားကြမည်ဟု မျှော်လင့်ကြောင်း  ဗြိတိန်နိုင်ငံစွမ်းအင်ဝန်ကြီးနှင့် UKTI စီးပွားရေးသံတမန်အဖွဲ့ ဥက္ကဌ Mr.Lord Marland က ပြောကြားခဲ့သည်။

အဆိုပါ “Road to London”  အိုလံပစ် အထိမ်းအမှတ်ပွဲသို့  မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး Mr.Andrew Heyn ၊ ဗြိတိန်နိုင်ငံစွမ်းအင်ဝန်ကြီးနှင့် UKTI ၏ စီးပွားရေးသံတမန်အဖွဲ့ ဥက္ကဌ နှင့်  အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက် တို့ တက်ရောက်သည်။
 
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အမြင့်ဆုံးပြိုင်ပွဲဖြစ်သော အိုလံပစ်ပြိုင်ပွဲကို  ၁၉၄၈ ခုနှစ် လန်ဒန်တွင် ကျင်းပခဲ့သော(၁၄) ကြိမ်မြောက် အိုလံပစ်အားကစားပြိုင်ပွဲမှစ၍ ၂၀၀၉ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တွင်ကျင်းပခဲ့သော (၂၉)ကြိမ်မြောက်အိုလံပစ်ပြိုင်ပွဲအထိ စဉ်ဆက်မပြတ်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်းကိုလည်း သိရှိရသည်။


သစ်ထူးလွင်

No comments:

Post a Comment

My Blog List