Monday, March 28, 2016

ဒလိုင်းလားမားသည် တိဘက် ဗုဒ္ဓဘာသာဝင်များကို အရူးလုပ်နေ ကြိုးစား နေဟု တရုတ်စွပ်စွဲ


ဘုန်းတော်ကြီး ဒလိုင်းလားမားသည် တိဘက်ဗုဒ္ဓဘာသာဝင်များကို အရူး လုပ်ရန် ကြိုးစားနေသူ တစ်ဦးဖြစ်ကြောင်း တရုတ်အစိုးရ ခေါင်းဆောင်ပိုင်းက စွပ်စွဲ ပြောကြားလိုက်သည်။တိဘက် ဗုဒ္ဓဘာသာဝင်များက ဒလိုင်းလားမားသည် ပျံလွန်တော် မူသွားချိန်တွင် ကလေးတစ်ဦး၏ ခန္ဓာကိုယ်၌ ပြန်လည်ဝင်စားနိုင်ကာ ဒလိုင်းလားမား ဘဝကို တစ်ကျော့ပြန် ဆက်ခံသည်ဟု ယုံကြည်လေ့ ရှိသည်။ 
အဆိုပါ အယူဝါဒကို ကျင့်သုံးရာတွင် ဒလိုင်းလားမားသည် အစဉ်အလာပိုင်းကို ဖောက်ဖျက်ကာ ၎င်းလိုသလို သတ်မှတ်ချက်များဖြင့် ရိုးသားသော တိဘက် ဗုဒ္ဓဘာသာဝင်များကို လှည့်ဖျား အရူးလုပ်ရန် ကြိုးစားနေကြောင်း တရုတ်အစိုးရ ထိပ်တန်းအရာရှိ တစ်ဦးက စွပ်စွဲ ရေးသားခဲ့သည်။

ဒလိုင်းလားမားသည် တရုတ်၏ အုပ်စိုးမှုကို တွန်းလှန်ရန် အားထုတ်ခဲ့သည့် ၁၉၅၉ အုံကြွမှုတစ်ခု မအောင်မြင်ဘဲ ဖြစ်ခဲ့ပြီးနောက် တိဘက်မှ ထွက်ပြေးနေရသည်။ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီးကို တရုတ်အစိုးရက ပြည်နှင်ထားပြီး ဒလိုင်းလားမား ကိုယ်တိုင်ကမူ ၎င်းသည် အကြမ်းဖက်မှုများ ပြုလုပ်ရန် လှုံ့ဆော်မှု မရှိခဲ့ကြောင်း၊ တိဘက်ကို စစ်မှန်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိလာစေရန် အားထုတ်ခဲ့ခြင်းသာဖြစ် ကြောင်း မိန့်ကြားထားသည်။

တိဘက်ဗုဒ္ဓဘာသာဝင်များက လားမားဘုန်းတော်ကြီးတစ်ပါး ပျံလွန်တော် မူသွားသည့်အခါ ၎င်း၏ ဝိညာဉ်ကို သိုမှီးထားပြီး သင့်တော်သော ကလေးငယ် တစ်ဦးတွင် ပြန်လည် ဝင်စားစေသည့် ယုံကြည်မှုကို လက်ခံထားသည်။ တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲများက အဆိုပါ ဓလေ့ထုံးစံကို ဆက်လက် ကျင့်သုံးနိုင်သော်လည်း ဒလိုင်းလားမားနေရာ ဆက်ခံမည့် ကလေးငယ်ကို မိမိတို့ ရွေးချယ်ပိုင်ခွင့် ရှိကြောင်း ဆိုသည်။ တရုတ်အင်ပါယာ ဘုရင်များ လက်ထက်က အဆိုပါ အခွင့်အရေးကို ရရှိခဲ့ရာ ယခုအခါတွင်လည်း အစိုးရက ဒလိုင်းလားမားအဖြစ် ဝင်စားဆက်ခံမည့် ကလေးကို ရွေးချယ်နိုင်ကြောင်း ပါတီဘက်က ပြောကြားခဲ့ဖူးသည်။

ယခုအခါ တရုတ်အစိုးရ၏ တိုင်းရင်းသားနှင့် ယုံကြည်မှုရေးရာ ကော်မတီ ဥက္ကဋ္ဌ ဇူဝေချန်က အစိုးရပိုင် Global Times သတင်းစာတွင် ဆောင်းပါး တစ်စောင် ရေးသားခဲ့ရာ ဒလိုင်းလားမား အနေဖြင့် ပြန်လည်ဝင်စားမှု၏ ဘာသာရေးနှင့် သမိုင်းကြောင်း ဓလေ့ထုံးစံများကို လိုက်နာရလိမ့်မည်ဟု သတိပေးထားသည်။

“ဒလိုင်းလားမားက ပြန်လည်ဝင်စားမှုဆိုတာ ဘာသာရေးကိစ္စ သက်သက်ဖြစ်ပြီး သူတစ်ယောက်တည်းသာ အလုံးစုံ ဆုံးဖြတ်နိုင်တယ်လို့ တောက်လျှောက် ပြောဆိုနေတယ်။ ဒါပေမဲ့ တကယ့် ကိုးကွယ်ယုံကြည်မှုကို တွန်းလှန်ပြီး သူ့စိတ်ကြိုက် ပြင်ဆင်ဖို့ ဆိုတာမျိုးက မဖြစ်သင့်ဘူး။ အခုဆိုရင် သူ့အပြောအရ သူပြန်ဝင်စားသူဟာ နိုင်ငံခြားသားတစ်ယောက်၊ ပျား တစ်ကောင်၊ ရွှေရောင်ဆံပင်နဲ့ ပေါ့ပေါ့တန်တန် မိန်းကလေးတစ်ယောက် တောင် ဖြစ်နိုင်တယ် ဆိုတာမျိုး သဘောသက်ရောက်နေတယ်”ဟု ဇူက ဆိုသည်။

၎င်းက “ပြောရရင် အားလုံးက တိဘက် ဗုဒ္ဓဘာသာဝင်တွေကို အရူးလုပ်နေသလိုပဲ။ ပြန်လည်ဝင်စားခြင်းရဲ့ ခက်ခဲနက်နဲမှုကို သူကလွဲရင် ဘယ်သူမှ မဖြေရှင်း၊ မကယ်တင်နိုင်တဲ့ သဘောမျိုး သက်ရောက်အောင် ဒလိုင်းလားမားက လုပ်ဆောင်နေတယ်”ဟုလည်း စွပ်စွဲရေးသားထားသည်။

သက်တော် ၈၀ ရှိပြီဖြစ်သည့် ဒလိုင်းလားမားသည် ကျန်းမာရေး ဖောက်ပြန် ယိုယွင်းမှုများ ရှိနေပြီး ဘုန်းတော်ကြီး ပျံလွန်တော်မူသွားလျှင် တရုတ် အစိုးရက ၎င်းတို့စိတ်ကြိုက် ဆက်ခံသူ တစ်ဦး ခန့်အပ်လာမည်ကို ပြည်ပတိမ်းရှောင် တိဘက်အနွယ်များက အထူးတလည် စိုးရိမ်နေသည်။

၁၉၉၅ ခုနှစ်က ဒလိုင်းလားမားသည် တိဘက်မှ ယောက်ျားလေးငယ် တစ်ဦးကို ပွန်ချန်လားမားခေါ် ဝင်စားဆက်ခံသူအဖြစ် ရွေးချယ်ကြေညာခဲ့သည်။ အဆိုပါ ဂုဏ်ပုဒ်သည် တိဘက် ဗုဒ္ဓဘာသာတွင် ဒုတိယ အမြင့်ဆုံး ဘွဲ့လည်းဖြစ်သည်။ သို့သော် တရုတ်အစိုးရက ထိုကလေးကို နေအိမ်အကျယ်ချုပ် ချထားလိုက်ပြီး အခြားတစ်ဦးကို ပွန်ချန်လားမားအဖြစ် သတ်မှတ်ခဲ့ဖူးသည်။

ဇူက တရုတ်အစိုးရသည် ဒလိုင်းလားမားနှင့် နိုင်ငံခြား ခေါင်းဆောင်များ တွေ့ဆုံမှု လျော့ပါးသထက် လျော့ပါးအောင် လုပ်ဆောင်နေခဲ့ပြီး အောင်မြင်မှုများလည်း ရရှိနေကြောင်း ဆိုသည်။ ယင်းသည် ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခုဖြစ်သည့် တရုတ်၏ အမျက်ဒေါသကို အခြားနိုင်ငံများက မတွေ့ကြုံလို၍ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။

“တရုတ်ရဲ့ ဖိအားပေးလာမှုမျိုးကို ဘယ်သူမှ မလိုလားကြပါဘူး။ အဲဒီ အခြေအနေမှာ ပထမဆုံး အကျိုးဆက်ဒဏ်ကို အဲဒီနိုင်ငံတွေ အနေနဲ့ မဖြစ်မနေ ကြုံလာမှာပါ”ဟု ဇူက ရေးသားထားသည်။

Ref: Reuters
7Day News Journal

No comments:

Post a Comment

My Blog List