Monday, March 28, 2016

ပါရီအကြမ်းဖက်မှုတွင် သေးငယ်သော အခန်းကဏ္ဍမှသာ ပါဝင်ခဲ့ဟု အက်ဘ်ဒီဆာလမ် ထွက်ဆို


ပါရီအကြမ်းဖက်မှုကြီးတွင် ၎င်း၏ ပါဝင်ပတ်သက်မှုသည် သေးငယ်သော အခန်းကဏ္ဍမျိုး၌သာ ရှိခဲ့သည်ဟု ဆာလား အက်ဘ်ဒီဆာလမ်က ထွက်ဆိုခဲ့ကြောင်း သတင်းရရှိသည်။ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင် ဖမ်းဆီးရမိသည့် အက်ဘ်ဒီဆာလမ် သည် ပါရီတွင် လူပေါင်း ၁၃၀ ကျော် သေဆုံးခဲ့သည့် အကြမ်းဖက် ဗုံးခွဲမှု၊ ပစ်ခတ်မှုများနှင့် ပတ်သက်၍ တစ်ဦးတည်းသော အသက်ရှင် ကျန်ရစ်သူ သံသယ တရားခံအဖြစ် ယူဆရသည်။ 
၎င်းကို မတ် ၁၈ ရက်တွင် ဖမ်းမိ ခဲ့ပြီးနောက် ဘယ်လ်ဂျီယံ အာဏာပိုင်များက စစ်မေးရာ အက်ဘ်ဒီဆာလမ် က ပါရီ တိုက်ခိုက်မှုတွင် ၎င်း၏ အခန်းကဏ္ဍသည် ကြီးကြီးမားမား မရှိခဲ့ဟု ထွက်ဆိုခဲ့ကြောင်း ပြင်သစ် မီဒီယာ နှစ်ခုက ဖော်ပြခဲ့သည်။

အက်ဘ်ဒီဆာလမ်ကို ဖမ်းဆီးရမိပြီး လေးရက်အကြာ မတ် ၂၂ ရက်တွင်မူ ဘရပ်ဆဲလ်၌ အကြမ်းဖက်သမား ၃ ဦးက အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့ရာ လူ ၃၁ ဦး သေဆုံးခဲ့သည်။ အဆိုပါ တိုက်ခိုက်မှု သတင်းကို ကြားသိပြီးချိန်တွင်မူ အက်ဘ်ဒီဆာလမ်သည် ဆက်လက် စကားပြောဆိုခြင်း မပြုရန် ငြင်းဆန် ခဲ့ကြောင်း ဘယ်လ်ဂျီယံ အစိုးရ ရှေ့နေများက ပြောကြားထားသည်။

အက်ဘ်ဒီဆာလမ်က ပါရီအကြမ်းဖက်မှုအတွင်း ပါဝင်ခဲ့ပြီး သေဆုံးသွားသည့် ၎င်း၏ အစ်ကို ဘရာဟင်မ် အက်ဘ်ဒီဆာလမ်သည် ယင်းတိုက်ခိုက်မှု ပိုမိုအရေးပါသည့် ဦးဆောင်နေရာ၌ ရှိခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ ၎င်း၏ ထွက်ဆိုမှုများကို ရယူနိုင်ခဲ့သည့် Le Mondeနှင့် BFMTVတို့က ယခုသတင်း ကို ဖော်ပြလာကြခြင်း ဖြစ်သည်။

အက်ဘ်ဒီဆာလမ် ညီအစ်ကို နှစ်ဦးသည် ပါရီရှိ ဘိုဘစ်ဂ်နီ ဆင်ခြေဖုံးတွင် ပုန်းအောင်းနေခဲ့ကြပြီး အစ်ကိုဖြစ်သူက အက်ဘ်ဒီဆာလမ်ကို အသေခံ ဗုံးခွဲခါးပတ် တစ်ခုကို ပေးအပ်ခဲ့ကြောင်း၊ လိုအပ်သည့် ငွေကြေးများကို အစ်ကိုဖြစ်သူထံမှ ရရှိလာကြောင်း၊ အစ်ကိုဖြစ်သူသည် နိုဝင်ဘာ ၁၃ ရက်၊ ပါရီအကြမ်းဖက်မှု ဖြစ်ပွားသည့်ညတွင် မြို့လယ်ရှိ Voltaire ကဖေးရှေ့၌ မိမိကိုယ်ကို အသေခံ ဖောက်ခွဲသွားခဲ့ကြောင်းတို့ကိုလည်း ထွက်ဆိုချက်ထဲ တွင် တွေ့ရသည်။

အစ်ကိုဖြစ်သူ၏ အဆိုအရ ယခုတိုက်ခိုက်မှုတွင် (သေဆုံးသွားပြီဖြစ်သည့်) အခြားတရားခံ တစ်ဦးဖြစ်သော အက်ဒီလ်ဟာမစ်ဒ် အေဘာရွတ်က အဓိက ဦးဆောင်သူဟု သိရကြောင်းလည်း အက်ဘ်ဒီဆာလမ်က ပြောကြားခဲ့သည်။ ပါရီအကြမ်းဖက်မှုတွင် ပါဝင်သူများအနက် တစ်ဦးကိုသာ သိကြောင်း၊ ၎င်းမှာ ဘီလယ်လ် ဟက်ဒ်ဖီဖြစ်ကြောင်း၊ အခြားနှစ်ဦးသည် ၎င်းမသိသည့် အီရတ် နိုင်ငံသားများ ဖြစ်ကြကြောင်းလည်း အက်ဘ်ဒီဆာလမ်က ထွက်ဆိုထား သည်။

ဘယ်လ်ဂျီယံ အာဏာပိုင်များက အက်ဘ်ဒီဆာလမ်ကို ဖမ်းဆီးရမိချိန်တွင် ၎င်းသည် နောက်ထပ် အကြမ်းဖက်မှု တစ်ခုကို ကျူးလွန်ရန် ပြင်ဆင်နေ သည်ဟု ပြောကြားခဲ့ပြီး ထို့နောက် ရက်ပိုင်းအတွင်း ဘရပ်ဆဲလ် တိုက်ခိုက် မှုကြီး ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ပါရီနှင့် ဘရပ်ဆဲလ် အကြမ်းဖက်မှု နှစ်ခုစလုံးကို ၎င်းတို့ စီစဉ်ညွှန်ကြားကြောင်း အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့က ကြေညာထားသည်။

Ref: BFMTV
7Day News Journal

No comments:

Post a Comment

My Blog List