Tuesday, March 29, 2016

တရုတ်တိုင်ပေတွင် လူစည်ကားသည့် နေရာတစ်ခု၌ ၄ နှစ်အရွယ် မိန်းကလေးတစ်ဦး ခေါင်းဖြတ်ခံရမှု ဖြစ်ပွား


တရုတ်တိုင်ပေတွင် လူစည်ကားသည့် နေရာတစ်ခု၌ ၄ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သူမ၏မိခင်ရှေ့ တွင်ပင် လူတစ်ဦးက ခေါင်းဖြတ်ခဲ့သည့် အမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မတ် ၂၈ ရက် နံနက်ပိုင်းက တိုင်ပေမြို့တော် ရှိ မြေအောက်ရထားဘူတာ တစ်ခု အနီးတွင် အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးက ကလေး မလေးကို သားလှီးဓားတစ်ချောင်းဖြင့် အလစ်အငိုက်တိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်။ သေဆုံးသွားသည့် ကလေးမလေး၏ မိခင်က သမီးငယ်သည် သူမနှင့် တစ်မီတာမျှအကွာတွင် စက်ဘီးစီးနေခဲ့ပြီး လူသတ်သမားက ရုတ်တရက် နောက်မှဆွဲကာ ဓားဖြင့်ခုတ်ခဲ့ခြင်းဟု ထွက်ဆိုခဲ့သည်။
“ကျွန်မသမီးကို အဲဒီလူ ဓားနဲ့ခုတ်တာကို တွေ့လိုက်တာနဲ့ ချက်ချင်း သူ့ကို အတင်းသွားဆွဲဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အားချင်းမမျှလို့ မအောင်မြင်ခဲ့ ဘူး” ဟု သူမက ဝမ်းနည်းကြေကွဲစွာ ပြောကြားခဲ့သည်။ သူမ၏ စူးစူးဝါးဝါး အော်သံကြောင့် လမ်းသွားလမ်းလာများက သတိပြုမိပြီး ထိုသူကို ဝိုင်းဖမ်း ခဲ့သော်လည်း ကလေးမလေး၏ ဦးခေါင်းမှာဖြတ်တောက်ခံရပြီး ဖြစ်နေ ခဲ့သည်။ ထို့နောက်တွင် ရဲများရောက်ရှိလာကာ တရား ခံကို ခေါ်ဆောင် သွားခဲ့သည်။ ကလေး၏အမည်ကို ဖော်ပြခြင်း မပြုသော်လည်း မိသားစုက သူမကို မီးအိမ်လေးဟု ချစ်စနိုးခေါ်ဝေါ်ကြောင်း သတင်းများတွင် ရေးသား ထားသည်။

ကနဦး စစ်ဆေးမှုများအပြီးတွင် တိုက်ခိုက်သူ၏ မျိုးရိုးအမည်ကို ဝမ်ဟုသာ ရဲများ က ပြောကြားခဲ့သည်။ ၎င်းသည် အစောပိုင်းက ဈေးဝယ်စင်တာ တစ်ခုမှ သားလှီးဓားတစ်ချောင်းကို ဝယ်ယူလာက မြေအောက် ရထားဘူတာ အနီးတွင် လာရောက်စောင့်ဆိုင်းနေခဲ့သည်။ ဝမ်သည် ယခင်က စိတ်ကျန်းမာရေးပြဿနာများ ရှိခဲ့ဖူးပြီး စိတ်ကျန်းမာရေး ဆေးရုံတွင်လည်း တက်ရောက်ကုသမှု ခံယူဖူးကြောင်း ရဲတပ်ဖွဲက ဆိုသည်။ ဝမ်နှင့်သတ်ဖြတ် ခံရသည့် ကလေးငယ်၏ မိသားစုတို့ကြား မည်သည့် ဆက်နွှယ်မှုမျှ မရှိချေ။

ဝမ်ကို ထိန်းသိမ်းထားသည့် ရဲစခန်းရှေ့သို့ ဒေါသအကြီးအကျယ် ထွက်နေသည့် လူအများ စုရုံးလာသဖြင့် ရဲများအတွက် အခက်တွေ့ခဲ့သေး သည်။ မျက်နှာတွင် သွေးများစွန်းပေနေဆဲ တရားခံကို ရဲအစောင့်အရှောက် ဖြင့် ခေါ်ထုတ်ချိန်တွင် လူအများက ၎င်းကိုရန်ပြုရန် ပြေးလာသဖြင့် ရဲစခန်း ထဲ ပြန်လည်ဝင်ရောက် ရှောင်တိမ်းခဲ့ရကြောင်းလည်း သိရသည်။

ထိုင်ဝမ်မြို့ရှိ မြေအောက်ရထားဘူတာတစ်ခုတွင် ဓားဖြင့်ရမ်းကား တိုက်ခိုက် မှုသည် ယခုတစ်ကြိမ် ပထမဆုံး မဟုတ်ချေ။ ၂၀၁၄ ခုနှစ်ကလည်း အသက် ၂၁ နှစ်အရွယ် ချန်ချီရာ အမည်ရှိ အမျိုးသားတစ်ဦးက လူအများကို ဓားဖြင့် လိုက်ထိုးသဖြင့် လူ ၄ ဦး သေဆုံးကာ ၂၄ ဦး ဒဏ်ရာများ ရရှိခဲ့ဖူးသည်။

Ref: CNN
7Day Daily 



No comments:

Post a Comment

My Blog List