Monday, March 28, 2016

ပယ်လ်မိုင်ရာ မြို့ဟောင်းကို အိုင်အက်စ်တို့ ဖျက်ဆီးထားသည့် ဓာတ်ပုံများ ထွက်ပေါ်လာ


ပယ်လ်မိုင်ရာမြို့ကို အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ များလက်မှ ဆီးရီးယား အစိုးရတပ်များက ပြန်လည် သိမ်းယူပြီးနောက် ထုတ်ပြန်လိုက်သည့် ဓာတ်ပုံများတွင် ရှေးမြို့တော်ဟောင်းအတွင်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရသည်။
အိုင်အက်စ်တို့သည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ ခန့်က တည်ထားခဲ့သည့် မြို့တော်ဟောင်းကို ပြီးခဲ့သည့်နှစ်အတွင်း ဆီးရီးယား တပ်များလက်မှ အလစ်အငိုက် သိမ်းယူနိုင်ခဲ့သည်။ ထို့နောက်တွင်မူ UNESCOက ကမ္ဘာ့ အမွေအနှစ် နေရာတစ်ခုအဖြစ် သတ်မှတ်ထားသည့် မြို့တော်ဟောင်း အတွင်း ရှေးဟောင်းပစ္စည်းများကို အိုင်အက်စ်တို့က ဖျက်ဆီးခဲ့သည်။

အထူးသဖြင့် ဂရိနှင့်ရောမ ရှေးလက်ရာဟောင်းများ ရောပြွမ်းနေသည့် ဘုရားကျောင်းကြီး အနည်းဆုံး နှစ်ခုမျှကို ဘာသာရေး ဖောက်ပြန်မှုအတွက် အားပေးသည်ဆိုသော စွပ်စွဲချက်ဖြင့် အိုင်အက်စ်တို့က ဗုံးခွဲ ဖျက်ဆီးခဲ့သည်။ ထို့အပြင် အောင်ပွဲမုခ်ဦး ကျောက်တိုင်တစ်ခုလည်း ဖြိုချခံရသည်။ ယင်းအဆောက်အအုံများသည် နှစ်ပေါင်း ၂၀၀၀ မျှ သက်တမ်းရှိကြသည်။

ဆီးရီးယားတပ်များက ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ပယ်လ်မိုင်ရာကို ထိုးဖောက် သိမ်းယူပြီး မြို့၏ နေရာ အနှံ့အပြားကို မှတ်တမ်းယူ ဓာတ်ပုံရိုက်၍ သတင်းထုတ်ပြန်ခဲ့ရာ အလွန်အဖိုးတန်သည့် ရှေးလက်ရာအချို့ ပျက်စီးနေသော်လည်း မြို့၏ အစိတ်အပိုင်း အများစုကမူ ကံကောင်းထောက်မစွာဖြင့် ခြေရာလက်ရာမပျက် ကျန်နေသေးသည်ကို တွေ့ရသည်။ သို့သော် ပယ်လ်မိုင်ရာ ရှေးဟောင်းပြတိုက်ကဲ့သို့ အဆောက်အအုံများမှာမူ အကြီးအကျယ် ထိခိုက်ထားသည်။

ဆီးရီးယား ရှေးဟောင်းအမွေအနှစ်ဌာန အကြီးအကဲ မာမွန် အက်ဘ်ဒူလ် ကာရင်မ်က “ကျွန်တော်တို့က အဆိုးဆုံးကို မျှော်လင့်ထားတာပါ။ အခုတော့ နည်းနည်း သက်ပြင်းချနိုင်ခဲ့တယ်။ မြို့အနေအထားကို ခြုံကြည့်ရင် အခြေအနေ မဆိုးဘူးလို့ ပြောနိုင်တယ်”ဟု ဆိုသည်။ ဆီးရီးယား သမ္မတ ဘာရှာအယ်လ်အာဆတ်က အိုင်အက်စ်တို့ လက်ထဲမှာ ရှေးဟောင်းမြို့ကို စစ်တပ်က ပြန်လည် သိမ်းယူနိုင်ခြင်းကို ချီးကျူးခဲ့ပြီး အကြမ်းဖက်မှုကို ဆန့်ကျင်သော စစ်ပွဲတွင် အရေးပါသည့် အောင်မြင်မှု တစ်ခုအဖြစ် ညွှန်းဆိုခဲ့သည်။

ဆီးရီးယားစစ်ဘက် တာဝန်ရှိသူ တစ်ဦးက ရုရှား၏ လေကြောင်းပစ်ကူ ပေးမှုများနှင့်အတူ စစ်တပ်သည် ပယ်လ်မိုင်ရာကို ယခုအခါ အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီဟု ဆိုသည်။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကလည်း ပယ်လ်မိုင်ရာကို ပြန်လည် ရရှိခြင်းအတွက် အာဆတ်ထံ ဂုဏ်ပြုသတင်း စကား ပေးပို့ခဲ့ကြောင်း သိရသည်။ အကယ်၍ ရုရှား၏ ကူညီမှု မပါခဲ့လျှင် ပယ်လ်မိုင်ရာကို ဆီးရီးယား အစိုးရ ပြန်လည် သိမ်းပိုက်နိုင်မည် မဟုတ် ကြောင်းကို သမ္မတ အာဆတ်အနေဖြင့် နားလည်ထားပြီး ဖြစ်လိမ့်မည်ဟု လည်း ကရင်မလင်က သတိပေးခဲ့ကြောင်းလည်း သတင်းများက ဖော်ပြ ထားသည်။

အိုင်အက်စ်တို့သည် ၂၀၁၅ မေလတွင် ကမ္ဘာ့အမွေအနှစ် ရှေးမြို့ဟောင်း ရော၊ အနီးရှိ ပယ်လ်မိုင်ရာ မြို့သစ်ကိုပါ သိမ်းယူခဲ့သည်။ ထို့နောက်တွင်မူ ပယ်လ်မိုင်ရာ မြို့ဟောင်းနေရာကို နှစ်ပေါင်း ၄၀ ကျော်မျှ ဂရုတစိုက် စောင့်ရှောက်လာသည့် ရှေးဟောင်းသုတေသန ပညာရှင် ခါလတ်ဒ် အယ်လ်အာဆတ်ကို သုတ်သင်ခဲ့သည်။

ပယ်လ်မိုင်ရာသည် ရှေးမြို့တော်ဟောင်း တစ်ခုအနေဖြင့်သာ မကဘဲ မြို့တော် ဒမတ်စကက်နှင့် အရှေ့ပိုင်းဒေသ ဒီရာအယ်လ်ဇော မြို့တို့ကြား တွင် တည်ရှိနေခြင်းကြောင့် စစ်ရေးမဟာဗျူဟာ အရလည်း အရေးပါသည့် နေရာတစ်ခုဟု သိရှိရသည်။

Ref: BBC
7Day News Journal

No comments:

Post a Comment

My Blog List