Tuesday, March 29, 2016

ဝန်ကြီးချုပ်အသစ်များနှင့် ပြည်သူ့အသံ


တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုရှိ လွှတ်တော်များတွင် မတ်လ ၂၈ ရက်က တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များ အသီးသီးတင်မြှောက် အတည် ပြုခဲ့သည်။ ထို့ကြောင့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် အငြိမ်းစား တပ်မတော်အရာရှိများက ၀န်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည့်နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် အရပ်သားစစ်စစ် ဒီချုပ်အမတ်များ ၀န်ကြီးချုပ်သစ်များဖြစ်လာသည်။

ဝန်ကြီးချုပ်သစ်များအပေါ် ပြည်သူများ၏ အမြင်များကို စုစည်းတင်ဆက် ပေးလိုက်ပါသည်။
ဦးစိန်ဝင်း (အောင်လံကုန်သည်ကြီးများအသင်း၊ ဒုဥက္ကဋ္ဌ)
ဒါဟာ ကောင်းလာတဲ့ အခြေအနေတစ်ခုပါ။ အရင်က ကျွန်တော် တို့ မကွေးတိုင်းဆိုရင် မြေခွေးတိုင်းလို့တောင် ပြောခံရတယ်။ စာပေ ဟောပြောပွဲတွေ ပိတ်ခံရတယ်။ ဆရာတော်တချို့ တရားဟောခွင့် မရ တာတွေဖြစ်တယ်။ ခေတ်ပြောင်းပြီဆိုပေမယ့် ကျန်ခဲ့တာအားလုံးအသိ ပဲ။ အခုက အရပ်သားဝန်ကြီးချုပ်ဖြစ်လာပြီဆိုတော့ ဒီမိုကရေစီပိုပီပြင် လာပြီလို့ ဆိုရမှာပဲ။ ဒါပေမဲ့ ၀န်ကြီးချုပ်အသစ်အတွက် စိန်ခေါ်မှုတွေ အများကြီးရှိ တယ်။ လက်သင့်ရာလုပ်ပိုင်ခွင့်ပေးတာတွေ၊ သဘာဝ သယံဇာတစီမံခန့် ခွဲတာတွေ၊ ဥပမာ ရေနံမှော်လိုကိစ္စတွေ၊ အထူးသဖြင့် မပြောင်းလဲချင်သေး တဲ့ ၀န်ထမ်းတွေ၊ ဒါတွေ ရင်ဆိုင်ရမယ်။ ပြတ်ပြတ် သားသား ဆောင်ရွက်ပေး ပါလို့ အကြံပြုချင်တယ်။ ဌာနဆိုင်ရာတွေ ပွင့်လင်းမြင်သာမှုမရှိ လုပ်တာ တွေကို အရင်ဆောင်ရွက်ပေးပါ။ ဒီမို ကရေစီအစိုးရတစ်ခုဆိုပြီး ငါးနှစ် သက်တမ်းကုန်ခဲ့ပြီဖြစ်ပေမယ့် ပွင့်လင်းမြင် သာမှုဆိုတဲ့ ဒီမိုကရေစီအရ သာကို မကွေးတိုင်းက မခံစားရသေးလို့ပါ။

ကိုအောင်နေမျိုး (FOTO၊ စားသောက်ဆိုင်ပိုင်ရှင်၊ မုံရွာမြို့)
အရပ်သားဝန်ကြီးချုပ်တာဝန် လွှဲပြောင်းယူရတော့မယ်ဆိုတော့ ကျွန်တော်တို့ရဲ့ အိပ်မက်တွေ အကောင်အထည်ပေါ်လာတဲ့အတွက် ၀မ်းသာပါတယ်။ အာဏာရှင်ဆိုတာက အမှန်တရားမဟုတ်တဲ့အတွက် ပျက်သုဉ်းရမှာပဲလေ။ အခုနိုင်ငံရေးအပြောင်းအလဲမှာ အာဏာရှင်တွေ အတွက် အကောင်းဆုံး အာဏာစွန့်လွှတ်လိုက်ရတဲ့ ပုံစံနဲ့ စွန့်လွှတ်လိုက် တာပါ။ ၀န်ကြီးချုပ်တွေအနေနဲ့ အဂတိလိုက်စားမှုတွေ နည်းနိုင်သမျှ နည်းအောင် ဦးစားပေးဆောင်ရွက်စေချင်ပါတယ်။ အရပ်သားဝန်ကြီး ချုပ်စစ်စစ်တွေကို အာဏာရှင်တွေမဖြစ်အောင်၊ ပြည်သူ့အစိုးရစစ်စစ် ဖြစ်ဖို့၊ စီးပွားရေးသမားတွေရဲ့ ချဉ်းကပ်ဖျက်ဆီးမှုတွေကို မခံရအောင် သတိထားဆက်ဆံဖို့တော့ လိုပါတယ်။
ကိုကျော်စွာ (မကွေးမြို့)
စစ်ဗိုလ်ချုပ်ဟောင်း ၀န်ကြီးချုပ်တွေ ပြုတ်သွားတာ၊ အရပ်သားစစ် စစ် ဒီချုပ်၊မတ်တွေ ၀န်ကြီးချုပ်ဖြစ်လာတဲ့ ပြောင်းလဲမှုက ပြည်သူလူထု က ရွေးချယ်ခဲ့တာပါ။ ပြည်သူက ပေးအပ်တဲ့ ရာထူးနဲ့နေရာကို တန်ဖိုး ထားရင် အဲကွန်းတပ်ထားတဲ့ ရုံးခန်းထဲမှာ အောက်ခြေက တင်ပြတဲ့ အလိမ်အညာသတင်းတွေကို စာရွက်ပေါ်မှာဖတ်ပြီး လက်မှတ်ထိုးနေ မယ့်အစား ပြည်သူလူထုရှိတဲ့နေရာကို အရောက်သွားပြီး အမှန်တကယ် လိုအပ်တာတွေ ဖြည့်ဆည်းပေးမယ်ဆိုရင်တော့ ပြည်သူကချစ်တဲ့၊ လက်ခံတဲ့ အစိုးရအဖြစ် ရပ်တည်နိုင်မှာပါ။ မကွေးတိုင်းဝန်ကြီးချုပ် အနေနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍ ကို ဦးစားပေးလုပ်စေချင်ပါတယ်။ အခုတက်လာမယ့် အရပ်သားဝန်ကြီးချုပ်စစ်စစ်တွေဟာ ပြည်သူက ရွေးချယ်ပေးအပ်တဲ့ နေရာကနေ ပြည်သူချစ်အောင်နေပါ။ ဖိနှိပ်ချုပ်ချယ်ခြင်းကင်းတဲ့ ပြည်သူလူထုကို မိဘ သဖွယ် လေးစားတန်ဖိုးထားပြီး ငါ့အတွက် ငါလုပ်ချင်တာလုပ်မယ်ဆိုတဲ့ အရင်ဝန်ကြီးချုပ်ဟောင်းတွေရဲ့ အတ္တနဲ့မူဘောင်တွေကို ရှောင်ရှားကြပါလို့ပြောချင်ပါတယ်။
ကိုနေဆေး (ရန်ကုန်မြို့)
အရပ်သားအစိုးရတက်လာတာကတော့ ကောင်းတဲ့ပြောင်းလဲမှု အဖြစ် ကြိုဆိုရမယ်။ ကျွန်တော်မကြုံတဲ့ အစိုးရဖြစ်တော့ ပြည်သူ တစ်ဦးအနေနဲ့ စိတ်ပူမိတယ်။ လက်ရှိတက်လာတဲ့ ၀န်ကြီးတွေကလည်း ဝေဖန်ခံနေရတဲ့ အနေအထားရှိတဲ့အပေါ်မှာ သူတို့ရဲ့ ပညာအရည်အ ချင်းတွေ၊ တွေးခေါ်နိုင်မှုတွေ၊ လုပ်နိုင်မှုစွမ်းအားတွေကို အကဲခတ်နိုင်ဖို့ တော်တော်စဉ်းစားရတယ်။ မယုံတာတော့ မဟုတ်ဘူး။ စိတ်ပူမိတာပေါ့။ လုပ်ဆောင်ချက်တွေကို အခုအချိန်မှာ ပြောဖို့ခက်သေးတယ်။ကျွန်တော် တို့ကတော့ မျှော်လင့်ချက်များစွာရှိနေတယ်။ အစိုးရက ဧပြီ ၁ ရက်မှ ပြောင်းမှာဆိုတော့ လုပ်ဆောင်ချက်မရှိသေးတဲ့အတွက် ဘာတွေစွမ်း ဆောင်နိုင်လဲဆိုတာ အခုချိန်မှာ ချက်ချင်းတော့ ဆုံးဖြတ်လို့မရသေးဘူး။ ဒါပေမဲ့ အဲဒီအပေါ်မှာ ကျွန်တော်တို့တွေက ယုံကြည်မှုတစ်ခုတော့ရှိတယ်။ နိုင်ငံအပေါ် ကောင်းမယ်ဆိုတဲ့လူတွေချည်းပဲ အင်န်အယ်လ်ဒီထဲမှာ ၀င်ပြီး စည်းရုံးခဲ့တာဆိုတော့ ဒီတစ်ချက်နဲ့တင် သဘောကျယုံကြည်မိတယ်။ လက်ရှိအခြေအနေထက် ပိုကောင်းမယ်မျှော်လင့်မိတယ်။ တက်လာမယ့် အစိုးရသစ်အနေနဲ့ ပြည်သူ့ဝန်ဆောင်မှုကို ဂရုစိုက်လုပ် ရမယ်။ ဘယ်လိုအခြေအနေဖြစ်ပါစေ နံပါတ်(၁)ပြည်သူ၊ နံပါတ်(၂) ပြည်သူ၊ နံပါတ်(၃) ပြည်သူဆိုပြီး လုပ်ဆောင်ချက်လုပ်တဲ့အခါလည်း နံပါတ်(၁) စေတနာ၊ နံပါတ်(၂) စေတနာ၊ နံပါတ်(၃) လည်းစေတနာဆို ပြီး လုပ်ရင်ဘယ်သူမဆို လက်ခံပါတယ်။ ဒီလိုမဟုတ်ဘဲ ပါတီစွဲ၊ ပုဂ္ဂိုလ် စွဲတွေနဲ့လုပ်ပြီး အမုန်းတရားတွေရှိမယ်ဆိုရင် ပြည်သူဗဟိုပြုတဲ့အပေါ် မှာ အောင်မြင်နိုင်မှာမဟုတ်ဘူး။ ကျွန်တော်တို့လိုချင်တာ ပြည်သူအ တွက် အစိုးရသစ်ဆိုတာထက် ပိုကောင်းမွန်တဲ့ အပြောင်းအလဲတစ်ရပ်ကို လိုချင်တယ်။ ကောင်းမွန်တဲ့ အပြောင်း အလဲကို ဦးဆောင်မယ်ဆိုရင် ဘယ်သူမဆိုလက်ခံတယ်။
ဦးဝင်းချို (ရန်ကုန်မြို့)
၂၀၁၄တုန်းက စည်ပင်ဗဟိုကော်မတီဝင်အရွေးခံတယ်လေ။ အဲဒီ တုန်းကတော့ ကျွန်တော်က ပြောတာပဲ။ စည်ပင်ဗဟိုကော်မတီဝင်နေရာ တွေဟာ အစဉ်အလာအားဖြင့် ဗိုလ်မှူးကြီးတွေ၊ ဗိုလ်မှူးချုပ်တွေအပါ အ၀င် တပ်မတော်သားရာထူးဟောင်းကြီးတွေသာ အစဉ်အလာအရ ကော်မတီဝင်ခန့်ကြတယ်။ ဒီကိစ္စကြီးကို သဘောမကျလို့၊ ဘယ်လိုသ ဘောမကျလဲဆိုရင် ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်ရာထူးရှိမှ ဒီအလုပ်ကို လုပ်နိုင်မယ်ဆိုရင် အဲဒီလိုစံနှုန်းသတ်မှတ်ထားသလိုဖြစ်နေလို့ကျွန်တော် သာမန်ပြည်သူအရပ်သားတွေထဲကလည်း လုပ်နိုင်ပါတယ်ဆိုတဲ့ဟာ ကို သက်သေပြချင်လို့ ကျွန်တော်ဝင်ပြိုင်ခဲ့တာပါလို့ ပြောခဲ့တယ်။ အခု လည်း တိုင်းဒေသကြီး၊ပြည်နယ်ဝန်ကြီးချုပ်နေရာတွေဟာ အရင်တုန်းက တပ်မတော်သားဟောင်း ဗိုလ်မှူးချုပ်အဆင့်အထက်တွေပေါ့နော်။ ဗိုလ်ချုပ်ကြီးလို ရာထူးတွေကပဲ တိုင်းဒေသကြီးဝန်ကြီးချုပ်နေရာယူထားတာ။ အခု သာမန်အရပ်သားဆိုတာတောင် အများစုပေါ့။ နိုင်ငံရေးအကျဉ်းသားဟောင်းတွေဆိုတဲ့အခါကျတော့ ဒီလူတွေလုပ်နိုင်ပါ့မလားဆိုတာကတော့ ကျွန်တော်တို့လုပ်နိုင်ပါတယ်ဆိုတာ သက်သေပြနိုင်ဖို့ အတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်တွေမှာ တာဝန်ရှိသွားပြီ။ ကျွန်တော့်တစ်ဦးတည်းသဘောအရပြောရရင် လုပ်နိုင် ပါတယ်လို့ ယုံကြည်ထားပြီးသား။ ရန်ကုန်က ဘယ်ကိစ္စကို အရင်လုပ်ပေးစေချင်လဲဆိုတာက ကျွန်တော် မပြောချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တိုင်းဒေသကြီး ၀န်ကြီးချုပ်က သမ္မတရဲ့ ခန့်အပ်တဲ့သူဖြစ်တယ်။ သမ္မတရဲ့ ညွှန်ကြားချက်တွေကို ဆောင်ရွက်ရမယ့်သူဖြစ်ပါတယ်။ သမ္မတရဲ့ညွှန်ကြားချက်တွေကို ဆောင်ရွက် ပေးစေချင်ပါတယ်။ သမ္မတကလည်း ပါတီဥက္ကဋ္ဌရဲ့ လမ်းညွှန်ချက်တွေအတိုင်း လုပ်နေရတဲ့အတွက် ပါတီ ဥက္ကဋ္ဌကြီးဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်ချက်နဲ့ မူဝါဒတွေအတိုင်းပဲ ရန်ကုန်တိုင်းဝန်ကြီးချုပ်က အဲဒါ တွေပဲ လုပ်ရမှာပဲလေ။
ကိုသောင်းထွန်းလင်း (ဥသျှစ်ပင်မြို့၊ ပဲခူးတိုင်း)
တိုင်းဒေသကြီး အစိုးရရဲ့ ၀န်ကြီးချုပ်တွေနေရာမှာ အရပ်သား စစ်စစ် ဒီချုပ်က အမတ်တွေက တာဝန်ယူရတော့မှာကို ၀မ်းသာပါတယ်။ ပြည်သူရွေးချယ်ပေးခဲ့တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကပဲ အာဏာရ တာဝန်ထမ်းဆောင်မှာဖြစ်တဲ့အတွက် ပြည်သူ့မှာသာ အာဏာရှိတယ်ဆို တာ ဖော်ဆောင်လာနိုင်လိမ့်မယ်လို့ ယုံကြည်မိတယ်။ အရင်ဝန်ကြီးချုပ် တွေတုန်းကလည်း အာဏာရှင်ဆန်ဆန် ပြည်သူ့လိုအပ်ချက်ကို အလေး မထားလို့ ပြည်သူက ဖြုတ်ချခဲ့တာရှင်းပါတယ်။ ၀န်ကြီးချုပ်အသစ်တွေ အနေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ဆင်းရဲနေတဲ့ ပြည်သူတွေရဲ့ စီးပွားရေး တိုးတက်မှုအတွက် ဦးစွာဖော်ဆောင်ပေးစေချင်တယ်။ အရပ်သားဝန် ကြီးချုပ် စစ်စစ်တွေကို အာဏာရှင်မဆန်ဖို့၊ ပြည်သူ့အစိုးရဖြစ်ဖို့ကတော့ ပြည်သူတွေအပေါ် စေတနာမှန်ဖို့ လိုတယ်။ မဲဆွယ်စည်းရုံးစဉ်ကာလတွေ တုန်းက ထားခဲ့တဲ့ စိတ်ထားလေးတွေ ပြောင်းလဲမသွားပါနဲ့လို့ ပြောချင် ပါတယ်။
ဦးထွန်းမြင့်ကျော် (သံဖြူဇရပ်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ)
အရပ်သားစစ်စစ်တွေ တက်လာတာကောင်းတယ်။ ဒါပေမဲ့ မြန် မာ့နိုင်ငံရေးကို ပြေလည်စေဖို့ဆိုရင် စစ်ဗိုလ်ချုပ်မဟုတ်သူတွေ တက် လာရုံနဲ့ မပြီးဘူး။ ဒါကလည်း မြန်မာ့နိုင်ငံရေးပြဿနာက ဘာလဲဆိုတာ ကို သတ်မှတ်ပုံအပေါ်မှာ မူတည်တာပဲ။ ၀န်ကြီးချုပ်သစ်ကို ဒေသတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလိုအပ်ချက်တွေကို အမြော်အမြင်ရှိရှိ၊ သတိကြီးကြီးထားပြီး အရှည်သဖြင့် အကျိုးဖြစ်ဖို့ လုပ်ပါလို့ပဲ အကြံပေး ချင်တယ်။ ပါတီညွှန်ကြားချက်နဲ့ ဒေသတွင်းလိုအပ်ချက်ကြားမှာ နှစ် ဖက်စလုံး မျှတမယ့် လုပ်ရပ်မျိုးမလုပ်နိုင်ရင် အားလုံးအပျက်အပျက်ဖြစ် လိမ့်မယ်။ အာဏာရှင်မဖြစ်ရအောင်၊ ပြည်သူ့အစိုးရဖြစ်ရအောင်ဆိုရင် တော့ ပြည်သူ့ထင်မြင်ချက်တွေကို ကိုယ့်မူဝါဒဖြစ်အောင် လုပ်ပေါ့။ပြည်သူ့ထင်မြင်ချက်တွေ ဆိုရာမှာလည်း သမာသမတ်ကျတဲ့ ချဉ်းကပ်မှုတွေနဲ့ သုံးသပ်ဖို့လိုမယ်။ နဂိုကိုယ့်မှာရှိပြီးသား အယူအဆကိုပဲ အသေဆုပ်ကိုင်ထားပြီး တစ်ပါးသူအမြင်က ကိုယ့်အမြင်နဲ့မတူတာနဲ့ဘဲ ဖျက်လိုဖျက်ဆီး လူတစ်စုရဲ့ လုပ်ရပ်လို့မြင်ရင်တော့ ခေါင်းဆောင်ကောင်းမဖြစ်ဘဲ နေမယ်။ ကံကောင်းကြပါစေလို့ ဆုမွန်ကောင်းတောင်းပြီး ကြိုဆိုလိုက်ပါတယ်။ မြန်မာ့နိုင်ငံရေးစိန်ခေါ်မှု၊ ပြဿနာဆိုတာ နိုင်ငံရေးနယ်ပယ်ထဲ စစ်တပ်ပါဝင်တည်ရှိနေမှုက မူလပြဿနာမဟုတ် ဘူးဆိုတာကို မမေ့ဘဲ မူလပြဿနာကို ရှာဖွေဖြေရှင်းနိုင်ပါစေလို့။ ဒါပါပဲ။
ကိုသက်ပိုင် (တောင်ကြီး)
အရင်တုန်းကတော့ ၀န်ကြီးချုပ်တာဝန်ယူထားတဲ့ သူတွေဆိုတာ စစ်ဗိုလ်ချုပ်တွေဘ၀က လာကြတယ်ဆိုတော့ ကျွန်တော်တို့လည်း စိတ် ၀င်စားမှုမရှိဘူး။ အဘ အဘလို့ခေါ်ကြတာမျိုးကိုလည်း သိပ်သဘော မကျဘူး။ ခေါ်နေတဲ့သူတွေကလည်း ရှိဦးမှာပဲ။ အဲဒီအကျင့်ကို ဖျောက် ပစ်ဖို့လိုမယ်။ အခု ဒီချုပ်ကရွေးချယ်လို့ တက်လာတဲ့ ပြည်နယ်ဝန်ကြီး ချုပ်က အရပ်သား၊ ပြည်သူ့ကိုယ်စားလှယ်စစ်စစ်ဖြစ်တယ်ဆိုတော့ ကျွန်တော်တို့ကလည်း လေးစားတယ်။ အလေးထားတယ်။ စိတ်ဝင်စား တယ်။ ကျွန်တော်တို့အလေးထားသလို၊ စိတ်ဝင်စားသလိုမျိုးပဲ သူတို့ ဘက်ကလည်း ပြည်သူကိုပြန်ပြီးတော့ အလေးထားဖို့တော့ အရေးကြီး တယ်။ ကိုယ့်ပြည်နယ်အတွက် ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေ ဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးအစရှိတဲ့ အခြေခံလိုအပ် ချက်တွေကို ဆောင်ရွက်ပေးစေလိုတယ်။ ရှမ်းပြည်နယ်က နယ်မြေဧရိ ယာ ကျယ်ဝန်းတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုလည်း အ လေးထားဆောင်ရွက်ပေးစေလိုပါတယ်။ အာဏာရှင်ဆန်ဆန် မဖြစ်အောင် ပြည်သူတွေရဲ့ အသံကိုနားထောင်ပေးဖို့လိုတယ်။ ပြည်သူတွေ ဖြစ်ချင် တာကို တကယ်ဖြစ်သင့်လား၊ မဖြစ်သင့်ဘူးလားဆိုတာမျိုး နားထောင်ပေးဖို့လိုမယ်။
ဦးသူရိန်မြိုင် (ပန်းချီဆရာ၊ မကွေး)
ဒီမိုကရေစီခေတ်မှာ အရပ်သားပဲ ကြီးစိုးရမှာပါ။ ၀န်ကြီးချုပ် ဟောင်းကတော့ မှတ်ချက်ပေးဖို့ကို မတန်ပါဘူး။ လက်တွေ့ပဲ၊ မကွေး တိုင်းဝန်ကြီးချုပ်ကိုကြည့်ရင် သူ့မှာရှိတဲ့အာဏာနဲ့ သူ့စီးပွားပဲလုပ်သွား တယ်။ ဒေသပြည်သူကို အကျိုးမပေးတဲ့အပြင် ဖိနှိပ်ချုပ်ချယ်သွားတယ်။ ပြည်သူလူထုကိုလည်း ကိုယ်စားမပြုပါဘူး။ အခုဝန်ကြီးချုပ်အသစ်ဟာ တိုင်းအတွင်း သေချာကွင်းဆင်းဖို့လိုလိမ့်မယ်။ ဒေသတွင်း လိုအပ်ချက် တွေ ရှာရမယ်။ ဒေသစီးပွားရေးတိုးတက်ဖို့ ဖြည့်ဆည်း၊ အလုပ်အကိုင် တွေ ချောမွေ့ဖို့၊ အလုပ်သမားများ အလုပ်အကိုင်သစ်များရရှိဖို့၊ ဒေသ တွင်းအခွန်များ တိုးတက်ဖို့နဲ့ မလေလွင့်ဖို့တို့ လုပ်စေချင်တယ်။ အာဏာရှင်မဖြစ်ဖို့က တရားရေးမဏ္ဍိုင်လွတ်လပ်ခိုင်မြဲရမယ်။ တရားရေးဝန်ထမ်းများ ဥပဒေလေးစားရမယ်။ မျှတ သူများဖြစ်ရမယ်။ ၀န်ကြီးချုပ်က တရားရေးကို မလွှမ်းမိုးစေရ။ သတင်းမဏ္ဍိုင်ကို လွတ်လပ်စေရမယ်။ တိုင်း လွှတ်တော်သည် တိုင်းအစိုးရနဲ့ဝန်ကြီးချုပ်အပေါ် ထိန်းချုပ်နိုင်ရပါမယ်။
ကိုမင်းမင်းနွယ် (မော်လမြိုင်)
အရပ်သားဝန်ကြီးချုပ်ဖြစ်တာ ကြိုဆိုရမှာပါ။ အာဏာရှင်တွေနား သွားတာ မဟုတ်ပါဘူး။ ပြည်သူတွေမရွေးချယ်တော့လို့ပါ။ ပြီးခဲ့တဲ့ ၀န်ကြီးချုပ်ကတော့ အထိုက်အလျောက် ကောင်းမွန်တာ လုပ်ဆောင် ပေးသွားတာရှိပါတယ်။ အသိအမှတ်လည်း ပြုပါတယ်။ ဒါပေမဲ့အာဏာ ရှင်အကြွင်းအကျန်ဖြစ်နေ တော့ လုံးလုံးပြန်မလာအောင်တော့ အဆိုပြု ရမှာပေါ့။ ၀န်ကြီးချုပ်အသစ်ကို ဦးစားပေးလုပ်စေချင်တာက ဒေသတွင်း မြေယာပြဿနာကို ရရှိထားတဲ့ လုပ်ပိုင်ခွင့် အခွင့်အရေးထဲက ပိုမိုပြီး ဆောလျင်စွာဖြစ်အောင် တောင်သူ အလုပ်သမားတွေဘက်က ရပ်တည် ပြီး ဆောင်ရွက်စေချင်ပါတယ်။ ဘာလုပ် ဖို့လိုပါသလဲလို့ ပြောရရင် ပြည် နယ်ရှိ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်ကို စောင့်ကြည့်ဖို့၊ သိရှိထားဖို့နဲ့ တိုင်းရင်းသားတွေနဲ့ တိုင်ပင်ပြီး ပူးပေါင်း အကောင်အထည်ဖော်ဆောင် ဖို့ အကြံပြုချင်ပါတယ်။
ဦးဇော်သူရ (ထားဝယ်မြို့)
ဒီလိုအစိုးရပေါ်လာဖို့ကပြည်သူတွေလိုချင်တဲ့အရာပါပဲ။ဒါကြောင့် ကြိုဆိုတယ်။ ၁၉၆၂ ကတည်းက ပျောက်ဆုံးသွားတဲ့ ဒီအပြောင်းအလဲ ကို အခုမှပြန်ရတာပေါ့။ ဒါကြောင့် နောက်ထပ် မပျောက်ကွယ်သွားအောင် ထိန်းသိမ်းရမယ်။ အခုလာမယ့်အစိုးရကို အကြံပြုချင်တာက ဖွံ့ဖြိုးရေး ကို အခြေခံတယ်ဆိုပေမယ့် စီမံကိန်းတိုင်းကို လက်မခံစေချင်ဘူး။ လက် ရှိ လက်ခံထားတဲ့ စီမံကိန်းတွေကို ရပ်သင့်ရင် ရပ်နားစေချင်တယ်။ ပြည် သူတွေကို အခြေပြုတဲ့ စီမံကိန်းတွေကိုပဲ ဆောင်ရွက်စေချင်ပါတယ်။ စစ်အာဏာရှင်စနစ်ကို ပြန်မရောက်သွားအောင် မဏ္ဍိုင်ကြီးလေးခုဖြစ် တဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးမဏ္ဍိုင်နဲ့ မီဒီယာလုပ်ငန်း တွေကို ပိုပြီး အားကောင်းအောင် လုပ်စေချင်တယ်။ ပြည်သူတွေတင်မြှောက်ထားတဲ့ အစိုးရဖြစ်လို့ အစိုးရနဲ့ ပြည်သူကြားမှာ ပွင့်လင်းစွာ ထောက်ပြပေးနိုင်ဖို့ လိုသလို ပြည်သူတွေထောက်ပြတာကိုလည်း အစိုးရက လက်ခံပေးရမယ်။

ဦးကျော်ကျော်ဝင်း (ရွှေဆိုင်ပိုင်ရှင်၊ မုံရွာမြို့)
စစ်ဗိုလ်ချုပ်ဟောင်း ၀န်ကြီးချုပ်တွေနေရာမှာ အရပ်သားစစ်စစ် ၀န်ကြီးချုပ်တွေ တာဝန်ယူကြတော့မယ်ဆိုရင်တော့ တကယ့်ဒီမိုကရေစီ ခြေလှမ်းကို ပြည်သူတွေနဲ့အတူ လျှောက်လှမ်းကြတော့မယ်လို့ ယုံကြည် ပါတယ်။ အရင်က ကိုယ့်ဒေသတွေမှာ အာဏာရှင်တွေလို ပြည်သူ့လို အပ်ချက်တွေ အလေးမထား အုပ်ချုပ်ခဲ့တဲ့ ၀န်ကြီးတွေ အနားယူသွားတာ ဘာကြောင့်လဲဆိုတော့ ပြည်သူက လက်မခံ၊ ပြည်သူကမရွေးချယ်တော့ ဘူးလေ။ ၀န်ကြီးချုပ်အသစ်တွေကို ကိုယ့်တိုင်းနဲ့ပြည်နယ်အတွက် ကိုယ့်ဒေသတိုးတက်ဖို့ ပြည်သူ့အသံနားထောင်ရင်း ပြည်သူတွေနဲ့ ပူး ပေါင်းလုပ်ဆောင်စေချင်ပါတယ်။ အရပ်သားဝန်ကြီးချုပ်စစ်စစ်တွေကို အာဏာရှင်မဖြစ်အောင်၊ ပြည်သူ့အစိုးရစစ်စစ်ဖြစ်အောင် ပြည်သူနဲ့မကင်းကွာစေချင်ဘူး။ မှန်တဲ့ဘက်က ရပ်တည်ပေးပါ။ အဂတိတရားကင်းကင်းနဲ့ ကိုယ်တိုင် ကိုယ့်ဒေသအတွက် လုပ်စရာရှိတာကို ပြတ်ပြတ် သားသား လုပ်ပေးပါလို့ပြောချင်ပါတယ်။
ကိုသိန်းအောင်မြင့် (မန္တလေးမြို့)
အရပ်သားတွေ ၀န်ကြီးချုပ်ဖြစ်လာတယ်ဆိုကတည်းကအရပ်သား တွေဆိုတာ စစ်သားတွေမဟုတ်တဲ့အတွက်၊ စစ်စိတ်၊ စစ်မာန်ရှိမှာမဟုတ် တဲ့အတွက် ကောင်းပါတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့ကြိုဆိုပါတယ်။ ပြီးတော့ ကိုယ့်ဒေသတွေအပေါ်မှာ အလေးမထားဘဲ အုပ်ချုပ်ခဲ့တဲ့ ၀န် ကြီးချုပ်တွေ အနားယူသွားတာကတော့ ပြောရရင် မြန်မာစကားပုံတစ်ခု ရှိပါတယ်။ ဖွတ်က မိကျောင်းဖြစ်တော့ မြစ်မချမ်းသာဆိုသလိုပေါ့ဗျာ။ ကျွန်တော်တို့ တိုင်းပြည် မြန်မာနိုင်ငံမြစ်ကြီးမှာ ဖွတ်တွေ၊မိကျောင်းဖြစ် ပြီး အခုသူတို့တရားဝင် အုပ်ချုပ်တာက ငါးနှစ်။ အရင်က အုပ်ချုပ်ခဲ့ တာတွေနဲ့ အာဏာသိမ်းခံရတာတွေနဲ့ဆို ပြောရရင် နှစ်ပေါင်း ၅၀ ကျော် သူတို့အုပ်ချုပ်ခဲ့တာဖြစ်တဲ့အတွက် သူတို့ဆင်းသွားတာ ကောင်းပါတယ်။ အရပ်သားဝန်ကြီးချုပ်တွေအနေနဲ့ ကိုယ့်ဒေသကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးဖို့လိုအပ်ပါတယ်။ မန္တလေးအနေနဲ့ဆိုရင်တော့ဗျာ ကျွန်တော်တို့ မန္တလေးမှာ မြန်မာနိုင်ငံသား၊ မြန်မာနိုင်ငံသားအဖေ၊အမေမဟုတ်တဲ့ နိုင်ငံခြားသားတွေ ဒီမှာ အရမ်းကြီးစိုးနေ တယ်။ အဲဒီလိုကိစ္စမျိုးတွေက ဘာဖြစ်လို့ သူတို့လက်ထဲမှာ မှတ်ပုံတင်မရှိဘူး။
မန္တလေးမြို့လယ်လိုနေရာတွေမှာ ဘာဖြစ်လို့ အဲဒီလိုလူတွေ အရမ်းများနေ ရတာလဲ။ အဲဒါတွေကို အမြန်ဆုံးပြန်စိစစ်ရမယ်။ ကိုင်တွယ်ရမယ်။ မန္တလေး မှာ အများပြည်သူမသိတဲ့ လုပ်ငန်းမျိုးတွေ၊ အဲဒါမျိုးတွေက နိုင်ငံအတွက်၊ မန္တလေးအတွက် ဖွံ့ဖြိုးရေး အပေါ် အထောက်အကူပြုမှု ရှိနိုင်၊မရှိနိုင် ဒါမျိုးတွေကိုလည်း ပြန်စိစစ်သင့်တယ်လို့ ထင်ပါတယ်။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု ရှိမှသာလျှင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုက အဆင်ပြေချောမွေ့ အောင်မြင်နိုင်မယ်။ ပြည်သူတွေကိုယ်တိုင်က အမြဲတမ်းအုပ်ချုပ်မယ့် အစိုးရတွေရဲ့မမှန်တာတွေ လုပ်တာ၊ မတရားမှုတွေပြုလုပ်လာရင် လက်ခံပေးလို့မရဘူး။ အစိုးရဘာလုပ်လုပ် ပြည်သူကဘာမှမသိဘဲနေမယ် ဆိုရင်တော့ ဒါက အာဏာရှင်ဆန်ဆန် ဖြစ်သွားနိုင်တယ်။
ဒီအစိုးရဘာလုပ်နေလဲ၊ အစိုးရက ငါတို့ ကို ကောက်တဲ့အခွန် တရားလား၊ မတရားလား၊ အစိုးရလုပ်ဆောင်ချက်တွေက ငါတို့ပြည်သူတွေ သိသင့်လား၊ မသိသင့်ဘူးလား။ ကျွန်တော်တို့ ကိုယ်တိုင်က အမြဲတမ်းအစိုးရကို ထိန်းကျောင်းနေရမယ်။ အဲဒီလိုထိန်း ကျောင်းမှုရှိမှ ဘယ်လိုအစိုးရ တက်လာတက်လာ အာဏာရှင်တွေမဖြစ်မှာ။ အာဏာရှင် တွေမဖြစ်အောင် ပြည်သူတွေကိုယ်တိုင် ပြန်ထိန်းကျောင်းဖို့လိုတယ်။
လာဘ်ပေးလာဘ်ယူမှုတွေ၊ အဂတိလိုက်စားမှုတွေ မဖြစ်အောင်လည်း ကျွန်တော်တို့ပြည်သူတွေကိုယ်တိုင်က ထိန်းကျောင်းဖို့လိုတယ်။ ပြည်သူတွေရဲ့ ပူးပေါင်း ပါဝင်မှုရှိမှသာလျှင် နောက်တက်လာမယ့် အစိုးရကလည်း အာဏာရှင်အစိုးရဖြစ်မသွားမှာလို့ ပြောချင်ပါတယ်။
7Day News Journal


No comments:

Post a Comment

My Blog List