Wednesday, March 30, 2016

မြန်မာပြည်တောင်ဖျားက အမျိုးသမီးဝန်ကြီးချုပ်အတွက် စိန်ခေါ်မှု


သမ္မတသစ်ဦးထင်ကျော်က တာဝန်ပေး ခန့်အပ်လိုက်သောတိုင်းနှင့်ပြည်နယ် ၁၄ ခု၏ ဝန်ကြီးချုပ်များစာရင်းတွင် အမျိုးသမီးဝန်ကြီးချုပ်နှစ်ဦး ပါဝင်သည်။ ထိုအမျိုးသမီးဝန်ကြီးချုပ် နှစ်ဦးအနက် တစ်ဦးမှာမြန်မာနိုင်ငံတောင် ဖျားပိုင်း တနင်္သာရီတိုင်းကိုတာဝန်ယူအုပ်ချုပ်ရမည့် ဒေါက်တာလဲ့လဲ့မော် ပင်ဖြစ်သည်။
ယခင် အစိုးရအဖွဲ့တွင် ထိပ် ပိုင်းနေရာများ၌ အမျိုးသမီးများ တာဝန်ထမ်း ဆောင်ခွင့်ရခဲ့မှု နည်းပါးခဲ့ရာမှ အစိုးရသစ်လက်ထက်တွင် ကရင်ပြည် နယ်နှင့် တနင်္သာရီတိုင်းတို့၌ အမျိုးသမီးဝန်ကြီး ချုပ်များ ဦးဆောင်ကာ အုပ်ချုပ်ရေးတာဝန်များထမ်းဆောင်တော့ မည်ဖြစ်သည်။ ထိုပထမဆုံး အမျိုး သမီးဝန်ကြီးချုပ်နှစ်ဦးမှာ ကရင် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင် ထွေးမြင့်နှင့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော် တို့ပင်ဖြစ် သည်။

တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်တွင် ကိုယ်စားလှယ် ဦးရေ ၂၈ ဦးရှိသည့်အနက် အမျိုး သမီးကိုယ်စားလှယ် နှစ်ဦးသာပါ ဝင်သည်။


ထိုနှစ်ဦးသာရှိသည့်အနက် မှ အမျိုးသမီးတစ်ဦး ဝန်ကြီးချုပ် ဖြစ်လာခြင်းဖြစ်သည်။ သရက်ချောင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ဒေါက်တာလဲ့လဲ့မော်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူ က ဝန်ကြီးချုပ်အဖြစ် တိုင်းဒေသကြီးလွှတ်တော်သို့ အမည်စာရင်း ပေးပို့ခဲ့သည်။ မတ်လ ၂၈ ရက်ကကျင်းပသည့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်အားလုံး တက်ရောက်ပြီး ဒေါက်တာလဲ့လဲ့မော်အား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မည်ကို ကန့်ကွက်ခဲ့သူ မရှိခဲ့ပေ။

‘‘မြေယာတွေအများကြီးရှိ တယ်။ တနင်္သာရီတိုင်းဒေသကြီးမှာ မြေယာတွေ အများကြီးပိုင်ဆိုင် ထားတယ်ဆိုတော့ မြေယာနဲ့ပတ် သက်တဲ့ ပြဿနာတွေများတယ်။ ဒို့အရေး ဒို့အရေး အော်ရတာဟာ လည်း မြေယာပြဿနာတွေများ တော့ ရက်တစ်ရာမှာ ဖြေရှင်းပေး ချင်ပါတယ်။ ဒါမှလည်း သူတို့မှာ နေလို့ထိုင်လို့ ကောင်းမယ်လို့ စဉ်း စားမိတယ်’’ဟု ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရပြီးနောက် ဒေါက်တာ လဲ့လဲ့မော်က မီဒီယာများအား ဖြေ ကြားခဲ့သည်။

ဒေါက်တာလဲ့လဲ့မော်သည် တနင်္သာရီတိုင်းဒေသကြီး ဇာတိ မဟုတ်ပေ။ ရန်ကုန်မြို့တွင် မွေး ဖွားခဲ့သူဖြစ်ပြီး ၁၉၉၅ မှ ထားဝယ် ဆေးရုံကြီးသို့ တာဝန်အရ ပြောင်း ရွှေ့လာသူဖြစ်သည်။ သို့သော် ယခုအခါ သရက်ချောင်းမြို့၌ ကိုယ်ပိုင် ဆေးခန်းဖွင့်ကာ အခြေချနေထိုင်သူဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီး ဒေသခံများ၏ စားဝတ်နေရေး ပိုမိုအဆင်ပြေ စေရန် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးလိုသည်ဟုလည်း ဒေါက်တာလဲ့လဲ့မော်က ဆိုသည်။

‘‘ထူးထူးခြားခြား အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်လာတဲ့အတွက် ဒေသတွင်း မှာရှိနေတဲ့ ပြဿနာ တွေကို ဖြေရှင်းရင်း အမျိုးသမီး တွေရဲ့ အခန်းကဏ္ဍ ကိုပါ မြှင့်တင်ပေးသင့်တယ်။ အရင်အစိုးရတုန်းက ဒေသခံအမျိုးသမီးတွေက နိုင်ငံရေးရော လူမှုရေးကဏ္ဍတွေမှာပါ အားတက်သရော ပါဝင်လှုပ်ရှားကြ ပေမယ့် အသိအမှတ် ပြုခံရတာ နည်းတယ်။ နောက်ပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ မှာဆိုရင် အမျိုးသမီးတွေ ပါဝင် ရတာ အရမ်းနည်းခဲ့ တယ်’’ဟု အမျိုးသမီးသမဂ္ဂ (ထားဝယ်)မှ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် နန့်မာလာကျော်သိန်းက ဝန်ကြီးချုပ်သစ်နှင့်ပတ်သက်၍ ပြောသည်။

ထို့အပြင် ဒေသတွင်းအသက်(၁၈)နှစ်အောက်နှင့် အသက်ငယ် အမျိုးသမီး များ အကြမ်းဖက်ခံရမှုများ ဖြေရှင်းနိုင်ရန် အကူအညီတောင်းခံရာတွင် ဥပဒေအရ ကူညီပေးမှု အားနည်းခဲ့သည်ဟုဆိုသည်။ ထို့ကြောင့် ယခုအစိုးရ လက်ထက်တွင် ပြည်ထောင်စုအဆင့်၌ပင် တိုင်းရင်းသားရေးရာဝန်ကြီး တစ်ပါးခန့်အပ်ထားသည့်အတွက် တိုင်းရင်းသားဒေသ၌ ဖြစ်ပွားလေ့ရှိသည့် အကြမ်းဖက်မှုများပပျောက်ရေးကို အလေးထား ဆောင်ရွက်ပေးရန် လိုလားနေကြသည်။

အလားတူ စစ်ဘေးရှောင် ကျေးရွာများမှ တိုင်းရင်းသားများ ပြန်လည်အခြေ ချနေထိုင်နိုင်ရေးမှာလည်း တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆောင်ရွက် ရမည့် ကိစ္စတစ်ခုဖြစ်သည်။ ၁၉၉၇ ခန့်မှစ၍ တပ်မတော်နှင့်ကရင်အမျိုး သား အစည်းအရုံး ကေအင်န်ယူတို့အကြား ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် ဒေသခံတိုင်းရင်းသားများ သိန်းနှင့်ချီကာ ထိုင်းနိုင်ငံနယ်စပ်ရှိ ဒုက္ခသည် စခန်းများ၌ ခိုလှုံနေသည်။ အချို့မှာ တတိယမြောက်နိုင်ငံများသို့ ခိုလှုံ သွားကြသည်။

၂၀၁၀ နောက်ပိုင်းတွင် အစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ အကြား ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်များ လုပ် ဆောင်နေပြီဖြစ်သော်လည်း ဒုက္ခ သည်စခန်းရောက် တိုင်းရင်းသား များ မူလနေရပ်များတွင် ပြန် လည်အခြေမချနိုင်ကြသေးပေ။

အကြောင်းမူကား ၎င်းတို့ ကျေးရွာနေရာများတွင် စိုက်ပျိုး ရေးလုပ်ငန်း လုပ်ကိုင်ကြသည့် ကုမ္ပဏီများက မြေဧရိယာအမြောက်အမြား ရယူထားကြ သည်။ ထို့အပြင် ကျောက်ထုတ် လုပ်ရေး၊ ခဲမဖြူနှင့်အဖြိုက်နက် အပါအဝင် သတ္တုတူးဖော်ရေး လုပ်ငန်းများကလည်း ခွင့်ပြုချက် များဖြင့် လုပ်ငန်းများ လုပ်ဆောင် နေကြသည်။

‘‘ဝန်ကြီးချုပ်အနေနဲ့ တိုင်း ဒေသကြီးအတွင်းမှာ မြေယာ ပြဿနာတွေကို ဖြေရှင်းဖို့ကတော့ အမှန်ပဲလိုအပ်တယ်။ ဒါပေမဲ့ ကျွန်မတို့ စိုးရိမ်မိတာက တခြား စီမံကိန်းတွေအတွက် သိမ်းဆည်း ထားတဲ့ မြေနေရာတွေကို ပြန် လည်ဖြေရှင်းဖို့ လွယ်နိုင်ပေမယ့် တပ်မတော်သိမ်းဆည်းထားတဲ့ မြေနေရာတွေဆိုရင် ဖြေရှင်းဖို့ အခက်တွေ့လိမ့်မယ်’’ဟု တာ ကပေါအဖွဲ့မှ နော်ပီသလောက ၎င်း၏ တင်ပြချက်အားပြောသည်။

မြေယာသိမ်းဆည်းခံရမှု ကြောင့် ယခင်အစိုးရနှင့် တနင်္သာ ရီဒေသခံများ အကြားပဋိပက္ခဖြစ် ပွားမှုများ၊ တင်းမာမှုများရှိခဲ့သည်။ထို့ကြောင့် ပထမ ဦးစားပေးအနေ ဖြင့် မြေယာပြဿနာများကို ဖြေရှင်းချင်သည့် တနင်္သာရီ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့ မော်၏ အစီအစဉ်ကို ဒေသခံ များ လက်ခံကြသည်။

ထို့အတူ ဒေသအတွင်း ငြိမ်း ချမ်းရေးရရှိပြီးမှသာ ဖွံ့ဖြိုးရေး အတွက် အောင်မြင်သော စီးပွား ရေးလုပ်ငန်းကို လုပ်ဆောင်နိုင် မည်ဖြစ်သည်။ သို့ရာတွင် ဒေသခံ များနှင့် လက်လှမ်းကွာသေးသည့် ဒေသအတွင်း ဂေဟစနစ်များ ပျက်စီးလာနိုင်သည့် စက်မှုဇုန် စီးပွားရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းထက် ဒေသခံများအသက်မွေးဝမ်း ကျောင်းအဖြစ် ရပ်တည်ခဲ့ကြသည့် ရေလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ရိုးရာလုပ် ငန်းများကို ပိုမိုတိုးတက်လာအောင်ဆောင်ရွက်စေချင်ကြသည်။

‘‘ဒေသဖွံ့ဖြိုးရေးဆိုတဲ့ ခေါင်းစဉ်တစ်ခုအတွက် စီမံကိန်းကို လက်ခံလိုက် တာကြောင့် ဒေသခံတွေ နေရပ်က ထွက်သွား ရတာ အောင်မြင်တဲ့စီမံကိန်း တစ်ခုလို့ မဆိုနိုင်ပါဘူး။ ပြည်သူတွေ က ကြည်ဖြူစွာလက်ခံနိုင်မှ အဲဒီ စီမံကိန်းက အောင်မြင်နိုင်မှာပါ’’ ဟု ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း ဧရိယာအတွက် ရွှေ့ ပြောင်းပေးရမည့် နဘုလယ်ဒေသခံတစ်ဦးကပြော သည်။

အသစ်ခန့်အပ်လိုက်သည့် ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် သည် ဆရာဝန် တစ်ဦးဖြစ်သော် လည်း ဒေသတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများနှင့် ထိတွေ့မှု အားနည်းနေသေးသဖြင့် အရပ် ဘက်အဖွဲ့အစည်းများနှင့် ပိုမို ထိတွေ့မှု ပြုလုပ်လာရန် အရပ် ဘက်အဖွဲ့အစည်းများက လိုလားနေကြ သည်။ အဆိုပါ အရပ်ဘက်အဖွဲ့အစည်းများသည် ဒေသအတွင်း ကဏ္ဍ အလိုက်လှုပ်ရှားမှုများ ပြုလုပ်နေကြသဖြင့် အစိုးရသစ်အနေဖြင့် ပြုပြင်ဆောင်ရွက်မှုများလုပ်ဆောင်ရာတွင် သက်ဆိုင်ရာကဏ္ဍများအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ယုံကြည်နေကြသည်။

ထို့အပြင် ပြည်သူကတင် မြှောက်ထားပြီး ပြည်သူ့အသံကို နားထောင်နိုင် သော အစိုးရ ကောင်းတစ်ရပ် ဖြစ်လာစေရန် ပူးပေါင်းလုပ်ဆောင်မှုများဖြင့် ရှေ့ဆက်သွားရန် မျှော်လင့်နေကြသည်။

တနင်္သာရီတိုင်းဒေသကြီး အတွင်း ၂၀၁၄ သန်းခေါင်စာရင်း အရ လူဦးရေ ၁၄ သိန်းကျော် ရှိ သော်လည်း ထိုင်းနှင့် မလေးရှားနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြသည့် အရေအ တွက်မှာ ပမာဏများပြားသည်။ ဝန်ကြီးချုပ်သစ်က မိခင်ပါတီဒီချုပ်က ရက်ပေါင်းတစ်ရာအတွင်း လုပ်ဆောင်ရမည့် အချက်များကို ညွှန်ကြားထားခြင်း မရှိသေးဟု ဆိုသည်။

‘‘အရင်အစိုးရလက်ထက်က ဒီလိုစကားမျိုး မကြားရခဲ့ဖူးဘူး။ သိမ်းဆည်း မြေယာများနဲ့ ပတ် သက်ရင် ဖြေရှင်းပြီးပြီဆိုတာပဲ လာတယ်။ အဲဒီလိုမျိုး ပြောလိုက်ရင် သိမ်းဆည်းခံ တောင်သူလယ် သမားတွေက ထောင်ထဲရောက် နေပြီပဲ။ အခု အစိုးရပြောင်းလဲချိန်မှာလည်း တရားရုံးနဲ့မလွတ်ကင်း နိုင်သေးဘူး။ ဒါကြောင့်ဝန်ကြီးချုပ် တစ်ယောက်အနေနဲ့ တာဝန်ယူ ဖြေရှင်းပေးမှာ သိရတော့အရမ်း ဝမ်းသာတယ်။ သိမ်းဆည်းခံ တောင်သူတွေကလည်း ဥပဒေနဲ့အညီ ဖြေရှင်းပေးတာပဲ လိုချင်တယ်။ ပြည်သူအားလုံးကလည်း ဥပဒေနဲ့အညီ ကာကွယ်ပေးမှု၊ ခံစားခွင့်များ ကိုပဲ လိုချင်တယ်’’ဟု ထားဝယ် မြို့ပြစီမံကိန်း ဧရိယာအတွက် လယ်မြေလေးဧက သိမ်းဆည်းခံထားရသူ ဒေါ်ရွှေစင်ယုက မှတ်ချက်ပြုသည်။

နွေ၊ မိုး၊ ဆောင်း ရာသီသုံးမျိုး ၌ စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက်မွေး ဝမ်းကျောင်း ပြုလုပ်ရ သော တောင်သူများအနေဖြင့် လယ်မြေများ သိမ်း ဆည်းခံရမှု ကြောင့် လူမှုဘဝများ ကစဥ့်ကလျားဖြစ်ခဲ့ကာ သိမ်းဆည်းမြေ ယာများအတွက် ယခင် အစိုးရ အဆက်ဆက်က ဖြေရှင်းမှုသည် ခြိမ်းခြောက် မှု ပုံစံသာရှိခဲ့ကြောင်း တနင်္သာရီတိုင်းအတွင်း လယ်သိမ်းဆည်းခံခဲ့ရသော ဒေသခံ များက ပြောသည်။

သိမ်းဆည်းခံမြေယာများကို ပြန်လည်လွှဲပြောင်းပေးခဲ့သည်ဟု ဆိုသော် လည်း တနင်္သာရီတိုင်း ဒေသကြီး၌ သိမ်းယူထားသည့် မြေ ပမာဏနှင့်နှိုင်း စာလျှင် နည်းပါးနေသေးသည်။ ထို့အပြင် ဒေသခံများ ပြန်လည်ရရှိရန် တောင်းဆိုနေသည့် မြေနေရာအများစုလည်း ပြန်လည်မရရှိခဲ့ပေ။

‘‘မြေယာသိမ်းဆည်းမှုက အစိုးရက ဦးစားပေးအကောင် အထည်ဖော်မယ့် ငြိမ်းချမ်းရေး အတွက် အရမ်းအရေးကြီးတယ်။ တနင်္သာရီတိုင်းဒေသကြီးမှာ အခြားဒေသလို စစ်ပွဲတွေမဖြစ်ခဲ့ပေမယ့် ငြိမ်းချမ်းမှု မရှိခဲ့ဘူး။ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ပြည်သူတွေအကြားမှာ မြေယာသိမ်း ဆည်းမှုနဲ့ပတ်သက်ပြီး ပြေလည်မှုမရှိခဲ့ဘူး။ နောက်ပြီး တခြားဒေသမှာ ပဋိပက္ခတွေဖြစ်လာရ တာကလည်း မြေယာသိမ်းဆည်း မှုတွေကြောင့်ပဲ။ ဒါကြောင့် အဓိကက သိမ်းဆည်းမြေယာတွေကို ပြေလည်အောင်ဖြေရှင်း ပေးသင့်တယ်။ ဒါကြောင့်မြေယာ ပြဿနာ ကို အရင်ဆုံးဖြေရှင်းပေးမယ်ဆို တဲ့ ဝန်ကြီးချုပ်ကို ကြိုဆိုတယ်’’ဟု တောင်သူလယ်သမားများ သမဂ္ဂ(ထားဝယ်ခရိုင်)မှ အတွင်းရေးမှူး ဒေါ်ရီရီထွေးက ပြောကြားသည်။

၂၀၁၅ နိုဝင်ဘာအတွင်း ကျင်းပခဲ့သည့် အထွေထွေရွေး ကောက်ပွဲ၌ မဲဆန္ဒနယ်အများစုတွင် အနိုင်ရရှိခဲ့သည့် အင်န် အယ်လ်ဒီ၏ ရွေးကောက်ပွဲ ကြေညာစာတမ်း၌ သိမ်းဆည်းခံ မြေယာပြဿနာများကို ဖြေရှင်းပေးရန် အချက်တစ်ခု ပါဝင်ခဲ့သည်။

ထို့အတူ ဇန်နဝါရီ၌ အင်န် အယ်လ်ဒီပါတီ၏ တောင်သူလယ် သမားများ ရေးရာကော်မတီက ဒေသအလိုက် သိမ်းဆည်းခံ မြေယာများ စာရင်းကို တောင်း ယူခဲ့သည်။ ထို့ကြောင့် တနင်္သာရီတိုင်း ဒေသကြီးအတွင်း၌ တပ်မတော်က သိမ်းဆည်းထားသော မြေယာများ စာရင်းစီမံကိန်းများ အတွက် သိမ်းဆည်းထားသော မြေယာများ စာရင်းကို မြို့နယ် အလိုက် ပေးပို့ထားသည်။

ခန့်အပ်လိုက်သည့် ဝန်ကြီး ချုပ် ဒေါက်တာလဲ့လဲ့မော်သည် ၁၉၉၁ မှစတင်ကာ ရန်ကုန်အရှေ့ ပိုင်းဆေးရုံ၊ ထားဝယ်ပြည်သူ့ဆေးရုံကြီးနှင့် သရက်ချောင်း ပြည်သူ့ဆေးရုံများတွင် တာဝန်ထမ်း ဆောင်ခဲ့ပြီး ၂၀၁၂ နောက်ပိုင်း၌ အင်န်အယ်လ်ဒီပါတီနှင့် ချိတ် ဆက်၍ ဒေသအတွင်း အခမဲ့ကျန်းမာရေး ဝန်ဆောင်မှုများ ပေးခဲ့ကာ တိုင်းဒေသကြီးအလုပ်အမှု ဆောင်အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲ တွင် သရက်ချောင်း မဲဆန္ဒနယ် အမှတ် (၁)မှ ဒေသခံမဲပေးသူ၇၀ ရာခိုင်နှုန်းကျော်ထောက်ခံမှု ကြောင့် လွှတ်တော်ကိုယ်စား လှယ် ဖြစ်လာခဲ့သည်။

‘‘စီမံကိန်းတွေအတွက် သိမ်း ယူထားတဲ့ မြေယာတွေဆိုရင် ဥပဒေအတိုင်း ဖြေရှင်းပေးဖို့ လွယ်ကူနိုင်ပေမယ့် တပ်မတော်က သိမ်းယူထားတဲ့မြေယာ တွေဆိုရင် ဖြေရှင်းဖို့ လွယ်ကူပါ့မလားစိုးရိမ်တယ်။ ဒါကြောင့်ဝန်ကြီးချုပ် တစ်ယောက်အနေနဲ့ ဒေသ အတွင်းက သိမ်းဆည်းခံ မြေယာပြဿနာတွေရဲ့ ဘယ်လိုဖြေရှင်း ပေးမလဲဆိုတာကိုပဲ အရေးကြီး ပါတယ်’’ ဟု ဒေါ်ရီရီထွေးက ပြောကြားသည်။

ထို့ကြောင့် လာမည့် ငါးနှစ်သက်တမ်းအတွင်း ဒေါက်တာလဲ့လဲ့မော် စီမံ အုပ်ချုပ်သွားရမည့် တနင်္သာရီတိုင်း၌ မြေယာပြဿနာများမှာ စိန်ခေါ်မှု များစွာအနက် တစ်ခုဖြစ်လာနိုင်ပြီး စနစ်တကျ ကိုင်တွယ်ဖြေရှင်းရမည့် အရေးကိစ္စလည်းဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List