Tuesday, March 29, 2016

NLD ဦးညီပု ရခိုင်ဝန်ကြီးချုပ်ဖြစ်ရေး မတ်လ ၃၀ မှသာ အတည်ပြုနိုင်မည်



ရခိုင်ပြည်နယ် လွှတ်တော်သို့ သမ္မတသစ်ဦးထင်ကျော်က ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် NLD ပါတီဝင် ဦးညီပုကို အဆိုတင်သွင်းခဲ့သော်လည်း မတ်လ ၂၈ ရက် အစည်းဝေးတွင် အတည်ပြုနိုင်ခဲ့ခြင်း မရှိကြောင်း ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှ သိရသည်။
ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် အဆိုတင်သွင်းခံရသူ ဦးညီပုနှင့်ပတ်သက် ၍ ကန့်ကွက်လိုပါက အထောက်အထား အပြည့်အစုံဖြင့် မတ်လ ၂၉ ရက် တွင် တင်ပြရန် ရခိုင်ပြည်နယ် လွှတ်တော်က ကြေညာထားပြီး မတ်လ ၃၀ ရက် နံနက် ၁၀ နာရီတွင် အစည်းအဝေးကို ပုံမှန်အတိုင်း ပြန်လည်စတင် မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဦးဖိုးမင်းက The Ladies သို့ပြောသည်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အမည်စာရင်း တင်သွင်းမည့် မတ်လ ၂၈ ရက်တွင် ရခိုင်အမျိုးသားပါတီမှ လွှတ်တော်ကိုယ်စားလှယ်များက ပြည်နယ်ဝန်ကြီးချုပ် အဖြစ် ၄င်းတို့ပါတီမှ ပါတီဝင်အား ခန့်အပ်ရေး အပါအ၀င် ၎င်းတို့တောင်းဆို သည့် အချက်များ မရသည့်အတွက် အနက်ရောင် စတစ်ကာများကို တပ်ဆင် ကာ လွှတ်တော်သို့ တက်ရောက်လာခဲ့ကြောင်း၊ ယင်းနှင့်ပတ်သက်၍ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှင့် ANP ပါတီ ခေါင်းဆောင် သုံးလေးဦးကို ခေါ်ယူဆွေးနွေးပြီး လွှတ်တော် စတင်သည့်အချိန်တွင် စတစ်ကာများကို ဖြုတ်ပေးရန် ဆွေးနွေးခဲ့ကြကာ ကျေနပ်မှုမရှိပါက နိုင်ငံတကာတွင် ကျင့်သုံးသည့် ပုံစံမျိုးကျင့်သုံးရန် ပြောဆိုခဲ့ကြောင်း ဦးဖိုးမင်းက ပြောသည်။

“အနက်စတစ်ကာလေးတွေ ဖြုတ်ပေးဖို့အတွက် အဓိကတောင်းဆိုတာပေါ့။ လွှတ်တော်ဥက္ကဋ္ဌ ၀င်လာတာနဲ့ လွှတ်တော်က စပြီး ဖြစ်တဲ့အတွက် အဲ့ဒီစတစ်ကာတွေ ဖြုတ်ပေးပါတယ်။ လွှတ်တော် အစည်းအဝေးကို ပုံမှန်အတိုင်းပဲ ကျင်းပတယ်။ အစည်းဝေး အထမြောက်ကြောင်းလည်း ကြေညာတယ်။ နောက် သမ္မတဦးထင်ကျော်က အမည်စာရင်းတင်တဲ့ ဦးညီပုကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အဖြစ် အဆိုတင်ကြောင်းကို အဲ့ဒီစာကို ဥက္ကဋ္ဌက ဖတ်ပြတယ်။

အဲ့ဒီအချိန်မှာ ANP ပါတီက လွှတ်တော် ကိုယ်စားလှယ်တွေက ဖတ်ကြားလို့ ပြီးတာနဲ့ ဥက္ကဋ္ဌကို အလေးပြုပြီး ခန်းမထဲက ထွက်သွားပါတယ်” ဟု ဦးဖိုးမင်းက ပြန်လည်ပြောပြသည်။
ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်များက ဆန္ဒဖော်ထုတ်သည့်အနေဖြင့် အစည်းအဝေးခန်းမ အတွင်းမှ ထွက်ခွာသွားသော်လည်း အစည်းအဝေး ရပ်နားခြင်းမပြုဘဲ ဆက်လက်ကျင်းပခဲ့ကြောင်း၊ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အဆိုတင်သွင်းခံရသည့် ဦးညီပုကိုလည်း ခိုင်လုံသည့် အထောက်အထား များဖြင့် ကန့်ကွက်လိုပါက ကန့်ကွက်နိုင်ရန် မတ်လ ၂၉ ရက်တွင် အမည် စာရင်း တင်သွင်းရန်နှင့် မတ်လ ၃၀ ရက်တွင် အစည်းအဝေး ပြန်လည်စတင် မည်ဟု ကြေညာခဲ့ကြောင်း ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဖိုးမင်းက The Ladies သို့ပြောကြားခဲ့သည်။
ဇော်မင်းထွန်း
Photo – Thant Zin Aung FB
The Ladies News


No comments:

Post a Comment

My Blog List