Monday, March 28, 2016

သမ္မတပတ်ဂွမ်ဟီး ဝန်ချမတောင်းပန်လျှင် တောင်ကိုရီးယားကို တာဝေးပစ် အမြောက်ဖြင့် ပစ်ခတ်မည်ဟု မြောက်ကိုရီးယား ရာဇသံပေး


တောင်ကိုရီးယားနိုင်ငံ သမ္မတ ပတ်ဂွမ်ဟီး အနေနှင့် မြောက်ကိုရီးယားကို တိုက်ခိုက်ရန် စီစဉ်ခဲ့သူများကို အပြစ်ပေးပြီး ပြုံယမ်းအစိုးရကို ဝန်ချတောင်းပန်မှု မပြုလုပ်ပါက တာဝေးပစ် အမြောက်ဖြင့် ပစ်ခတ်မည်ဟု မြောက်ကိုရီးယားက ရာဇသံပေးကာ ခြိမ်းခြောက်လိုက်ကြောင်း Xinhua သတင်းဌာနက ရေးသားဖော်ပြသည်။
မြောက်ကိုရီးယား ကွန်မြူနစ်အစိုးရက ထုတ်ပြန်ကြေညာလိုက်သော ရာဇသံတွင် တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟီး အနေနှင့် ကိုရီးယားပြည်သူများကို တရားဝင် တောင်းပန်ရမည်ဟု တောင်းဆိုထားသည်။

“ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ (မြောက်ကိုရီးယား) ၏ ဆွန်ဂန်းနေမင်းကြီး (ခေါင်းဆောင်ကင်ဂျုံအန်းကို ညွှန်းဆိုသည်) ကို ဂုဏ်သိက္ခာ ကျဆင်းစေပြီး ထိခိုက်နစ်နာစေအောင် လုပ်ဆောင်ခဲ့ခြင်းအတွက် သမ္မတပတ်ဂွမ်ဟီး အနေနှင့် ကိုရီးယားပြည်သူများကို တရားဝင် တောင်းပန်မှု ပြုရမည်” ဟု ကွန်မြူနစ်အစိုးရ၏ ရာဇသံက ဆိုသည်။

အကယ်၍ ပတ်ဂွမ်ဟီး အစိုးရဘက်က သတိပေးတောင်းဆိုမှုကို တုံ့ပြန်မှု မပြုပါက မြောက်ကိုရီးယား အမြောက်တပ်ဖွဲ့ အနေနှင့် ကြင်နာတရား ကင်းမဲ့သော စစ်ရေးလုပ်ဆောင်ချက်များကို အကောင်အထည်ဖော်မည် ဖြစ်သည်ဟု စစ်ရေးခြိမ်းခြောက်မှု ပါဝင်သော မြောက်ကိုရီးယား၏ ရာဇသံတွင် ဖော်ပြထားသည်။

ထို့ပြင် တောင်ကိုရီးယား သမ္မတရုံးနှင့် အခြားသော ပင်မအစိုးရ အဆောက်အအုံများသည် မြောက်ကိုရီးယား ပြည်သူ့တပ်မတော်၊ တာဝေးပစ် အမြောက်ကြီးများ ပစ်ခတ်နိုင်သော အကွာအဝေးအတွင်း တည်ရှိနေကြောင်း ဆက်လက်ဖော်ပြသည်။

မြောက်ကိုရီးယားသည် လတ်တလောကာလများ အတွင်း တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်နှင့် သမ္မတရုံးတို့ကို ပစ်ခတ်တိုက်ခိုက်မည်ဟု ထပ်ခါတလဲလဲ ခြိမ်းခြောက်ခဲ့သလို ဒုံးကျည်စမ်းသပ်မှုများ ပြုလုပ်မည်ဟုလည်း ကြွေးကြော်ခဲ့သည်။

ထိုသို့ ခြိမ်းခြောက်မှုများ လုပ်ဆောင်ရခြင်းမှာ တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့ ပူးပေါင်းလုပ်ဆောင်သော နှစ်စဉ် စစ်ရေးလေ့ကျင့်မှုကို မကျေနပ်သောကြောင့် ဖြစ်ပြီး ယင်းလေ့ကျင့်မှုသည် မြောက်ကိုရီးယားကို ထိုးစစ်ဆင်ရန် စစ်ပြင်ခြင်း ဖြစ်သည်ဟု ပြုံယမ်းအစိုးရက ယုံကြည်လျက်ရှိသည်။

ထို့ပြင် တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုကို နျူကလီးယားဖြင့် တိုက်ခိုက်မည်ဟု ကွန်မြူနစ်အစိုးရက ခြိမ်းခြောက်ခဲ့သလို ကုလသမဂ္ဂက ပိတ်ပင်ထားသော ဒုံးကျည်စမ်းသပ်မှုများကိုလည်း ဆက်တိုက်ပြုလုပ်ခဲ့သည်။

မကြာသေးခင် ရက်ပိုင်းကလည်း ပဲ့ထိန်းဒုံးကျည်များအတွက် လောင်စာခဲအင်ဂျင်ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီ ဖြစ်သည်ဟု ကြေညာခဲ့သေးသည်။

The Voice Weekly

No comments:

Post a Comment

My Blog List