Tuesday, March 29, 2016

အဂတိတရားကင်းစင်သည့် အစိုးရသစ်တစ်ရပ်အဖြစ် ကြိုးပမ်းသွားမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်သစ် ဦးဖြိုးမင်းသိန်းဆို


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ဦးဆောင်မည့် ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့ အသစ်ကို အဂတိတရား ကင်းစင်သည့် အစိုးရတစ်ရပ် ဖြစ်စေရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်သစ် အဖြစ် အဆိုပြု ခန့်အပ်ခြင်းခံရသူ ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
မတ်လ ၂၈ရက်က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းခံရသော ဦးဖြိုးမင်းသိန်းက လွှတ်တော် အစည်းအဝေးအပြီး သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ယင်းသို့ပြောဆိုခြင်း ဖြစ်သည်။
“ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေးဟာ အဂတိတရားကင်းတဲ့ ပြည်သူတွေရဲ့လိုအပ်ချက်ကို အကောင်အထည်ဖော်ပေးနိုင်တဲ့ ပြည်သူလိုလားတဲ့ အစိုးရတစ်ရပ်ဖြစ်အောင် ကျွန်တော်တို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သစ်သည် ရန်ကုန်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့ခြင်း၊ ရေကြီးရေလျှံခြင်း၊ အမှိုက်များပြားခြင်းနှင့် အလုပ်လက်မဲ့ ပြဿနာများကို အဓိက ဖြေရှင်းသွားမည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ဆိုသည်။
ဦးဖြိုးမင်းသိန်းသည် ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီမှ ရွေးကောက်ခံခဲ့ရခြင်းဖြစ်ကာ ၂ဝ၁၅ ရွေးကောက်ပွဲ တွင်လည်း လှည်းကူးမဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်တွင် အနိုင်ရရှိထားခြင်းဖြစ်သည်။
၎င်းကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် နိုင်ငံတော်သမ္မတအသစ်က အဆိုပြုခဲ့ခြင်းဖြစ်ကာ တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးက ကန့်ကွက်သူ မရှိ အတည်ပြုခဲ့ခြင်းဖြစ်သည်။

The Voice Weekly



No comments:

Post a Comment

My Blog List