Monday, March 28, 2016

တပ်မတော်သည် ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး လှုပ်ရှားမှု များကို အတူတကွ ပါဝင် ဆင်နွှဲနိုင်စေကြောင်း NLD ၏ (၇၁) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ ကြေညာချက်တွင် တိုက်တွန်း


တပ်မတော်သည် ပြည်သူလူထု အားလုံး တစိုက်မတ်မတ် ကြိုးပမ်းနေကြသည့် ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး လှုပ်ရှားမှုများကို အတူတကွ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ပါဝင်ဆင်နွှဲ အောင်ပွဲခံနိုင်ပါစေကြောင်း ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက မတ် ၂၇ ရက်တွင် ထုတ်ပြန်သည့် ၇၁ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ ကြေညာချက်တွင် တိုက်တွန်း နှိုးဆော်ထားသည်။
၂၀၁၆ ခုနှစ် မတ် ၂၇ ရက်နေ့တွင် ကျရောက်သည့် ၇၁ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ (တပ်မတော်နေ့) အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်တွင် ကျင်းပရာ ပါတီ နာယက ဦးတင်ဦး အပါအ၀င် NLD ပါတီဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ သံတမန်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် NLD ၏ ၇၁ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ ကြေညာချက်ကို ဖတ်ကြားရာ မြန်မာ့တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော နယ်ချဲ့ဆန့်ကျင်ရေးနှင့် ဖက်ဆစ်တော်လှန်ရေး လူထုတိုက်ပွဲများ အတွင်းမှ ပေါက်ဖွားရှင်သန်ခဲ့ရသော သမိုင်းဝင် တပ်မတော်၊ အမျိုးသား အင်အားစုကြီးဖြစ်ကြောင်း၊ လွတ်လပ်ရေး ဗိသုကာ၊ အမျိုးသားခေါင်းဆောင်နှင့် တပ်မတော် ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော်အား ပြည်သူချစ်သော တပ်မတော်၊ ပြည်သူကို အလုပ်အကျွေးပြုသော တပ်မတော်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အရယူပေးသော တပ်မတော်၊ တိုင်းပြည်၏ အန္တရာယ် အသွယ်သွယ်ကို သံမဏိ တံတိုင်းကြီးသဖွယ် အကာအကွယ် ပေးနိုင်သော တပ်မတော်အဖြစ် ပုံဖော်ခဲ့ကြောင်း NLD ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် “စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းပန်းဖို့ မဟုတ်၊ လက်နက်အားကိုး တန်ခိုးပြဖို့ မဟုတ်၊ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်၊ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်ရဘူး။ ..” “ဒီနိုင်ငံမှာ ဖြစ်ဖြစ်၊ ဒီပြင် နိုင်ငံမှာဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်တဲ့လူ ရှိကြတာ မဟုတ်ဘူး။ တခြားစစ်သားတွေ မဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံ၊ အမျိုးမျိုး စွန့်စားလုပ်ကြတဲ့ လူတွေလည်း ရှိကြတာပဲ။ အဲဒါကြောင့် စစ်သားမှ စစ်သားဆိုတဲ့ စိတ်ဓာတ် သဘောထားကို ပြောင်းကြရမယ်” ဟု ဗိုလ်ချုပ်အောင်ဆန်းက ပြတ်ပြတ်သားသား သတိပေး ညွှန်ပြခဲ့သည်ဟု NLD ပါတီ၏ ကြေညာချက်တွင် ပါရှိသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း တပ်မတော်နှင့် ပြည်သူလူထုအကြား၊ တပ်မတော်နှင့် ဒီမိုကရေစီ အင်အားစုများ အကြား၊ တပ်မတော်နှင့် တိုင်းရင်းသား မျိုးနွယ်များအကြား အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော် ထူထောင်နိုင်ရေးတို့အတွက် ဆန္ဒသဘောထားများကို ရိုးသားပွင့်လင်းစွာ မကြာခဏ ပြောဆိုခဲ့သည်ဟုလည်း ကြေညာချက်တွင် ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်က “မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့အတွက် ကြိုးပမ်းကြတဲ့ ခေါင်းဆောင်များဟာ ကျွန်မတို့ နိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ လွတ်လပ်ရေး ရဖို့ အတွက်လည်း ပြည်သူလူထုနဲ့ တပ်မတော်သားအားလုံး လက်တွဲပြီးတော့ ကြိုးပမ်းကြလို့ ရခဲ့တာ ဖြစ်ပါတယ်။ ခုချိန်မှာ ဒီမိုကရေစီ ရရှိရေးအတွက် ပြည်သူလူထုနဲ့ တပ်မတော် လက်တွဲလုပ်ဖို့ လိုပါတယ်” ဟု ပြောကြားခဲ့ကြောင်း NLD ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံ တစ်နိုင်ငံမှာ နိုင်ငံရေးသမားများ ရှိမှသာလျှင် နိုင်ငံရေးဘက်က ပီပီပြင်ပြင် လုပ်နိုင်မှာပါ။ ဒါကြောင့်မို့လို့ နိုင်ငံရဲ့ အစိုးရကို ပီပီပြင်ပြင်ဖြစ်အောင် လုပ်နိုင်မယ့် နိုင်ငံရေး သမားများနဲ့ နိုင်ငံရဲ့ လုံခြုံရေးကို တာဝန်ယူရတဲ့ တပ်မတော်ကြားထဲမှာ နားလည်မှု အများကြီး ရှိဖို့ လိုပါတယ်။ ဒီလို နားလည်မှုရှိဖို့ ကျွန်မတို့ အစဉ်တစိုက် ကြိုးစားနေပါတယ်” ဟုလည်း ပြောကြားခဲ့သည်ဟု NLD ကြေညာချက်တွင် ပါရှိသည်။

လက်ရှိတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်သူလူထု၏ တစ်ခဲနက် ယုံကြည်ထောက်ခံမှုဖြင့် လွှတ်တော်၊ အစိုးရနှင့် နိုင်ငံတော်အား တာဝန်ယူ တာဝန်ခံရတော့မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီ ရှင်သန်ရေးနှင့် နိုင်ငံတည် ဆောက်ရေး စိန်ခေါ်မှုများကို သဟဇာတဖြစ်အောင် ရုန်းကန်ရတော့မည် ဖြစ်ကြောင်း၊ ပြည်သူလူထု၏ လေးစားအားကိုးမှုနှင့် မျှော်လင့်ချက်များကို အကောင်အထည်ဖော်ရတော့မည် ဖြစ်ကြောင်း NLD ၏ ကြေညာချက်တွင် ပါရှိသည်။

Eleven Media Group

No comments:

Post a Comment

My Blog List