Monday, March 28, 2016

အစိုးရသစ်လက်ထက် ရက်ပေါင်း ၁၀၀ အတွင်း မြင်သာထင်သာသည့် အပြောင်းအလဲကိစ္စများလုပ်ရန် စီမံချက်ရေးနေသည်ဟု ကြားသိရကြောင်း NLD နာယက ပြောကြား


အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ဦးဆောင်သည့် အစိုးရသစ်လက်ထက် ရက်ပေါင်းတစ်ရာအတွင်း မြင်သာထင်သာသည့် အပြောင်းအလဲ ကိစ္စများ လုပ်ဆောင်ရန် စီမံချက် ရေးနေသည်ဟု ကြားသိရကြောင်း NLD နာယက ဦးတင်ဦးက မတ် ၂၇ရက်တွင် ပြောကြားသည်။
ရန်ကုန်မြို့ရှိ NLD ပါတီရုံးချုပ်၌ ကျင်းပသော ၇၁ နှစ်မြောက် ဖက်ဆစ် တော်လှန်ရေး နေ့(တပ်မတော်နေ့) နှစ်ပတ်လည် အခမ်းအနားတွင် ဦးတင်ဦးက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြုပြင်ပြောင်းလဲရေးကိစ္စများ ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ တိုင်းရင်းသားခေါင်းဆောင်များ စသည်တို့ဖြင့် တစိုက်မတ်မတ် တွေ့ဆုံနေသည်ဟု ဆိုသည်။

ဦးတင်ဦးက "ခင်ဗျားတို့လည်း ကြားပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ အားလုံးကို ရက်တစ်ရာအတွင်းမှာ ပြည်သူလူထု မြင်သာထင်သာဖြစ်အောင် အပြောင်းအလဲကိစ္စကို လုပ်မယ်ဆိုတဲ့ စီမံချက်ရေးနေတယ်လို့ ကျွန်တော်တို့ ကြားလိုက်ရပါတယ်" ဟု ပြောကြားသည်။

အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ တစ်ခဲနက် အားပေးထောက်ခံမှုနှင့်အတူ နိုင်ငံတော်တည်ဆောက်ရေးနှင့် အုပ်ချုပ်ရေးများကို တာဝန်ယူ တာဝန်ခံ ဆောင်ရွက်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်ဟု ဦးတင်ဦးကဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မူဝါဒသည် ဒီမိုကရေစီ ဖက်ဒရယ်ပြည် ထောင်စု နိုင်ငံတော် ထူထောင်ရေးဖြစ်ပြီး လမ်းစဉ်မှာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ ညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေးတို့ဖြစ် ကြောင်း၊ ထို့ကြောင့်လည်း နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု အစိုးရအဖွဲ့နှင့် လွှတ်တော်ဆိုင်ရာ လုပ်ငန်းအဖွဲ့များမှာ တိုင်းရင်းသားများ၊ တပ်မတော်သား များ၊ ဒီမိုကရေစီ ညီနောင်ပါတီများမှ ကိုယ်စားလှယ်များ၊ တတ်သိ ပညာရှင် များကို သဟဇာတဖြစ်အောင် သစ္စာရှိရှိ ယုံယုံကြည်ကြည် ထည့်သွင်းဖွဲ့ စည်းခဲ့ခြင်းဖြစ်သည်ဟု ဦးတင်ဦးက ပြောကြားသည်။

ဦးတင်ဦးက "ကျွန်တော်တို့လုပ်မယ့်ကိစ္စက အေးအေးချမ်းချမ်း ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ တကယ့်ကို ပြန်လည်ပြီးတော့ တစ်မျိုးသားလုံး ပေါင်းစည်းညီ ညွတ်နိုင်အောင် လုပ်နိုင်မယ့် ပေါင်းစပ်မှု ဒါကို ရှေးရှုပြီးတော့ ငြိမ်းချမ်းရေး မူငြိမ်းချမ်းမှ ဖြစ်မယ်ဆိုတဲ့ သဘောတရားကို အခြေတည်ပြီးတော့ အထူး သဖြင့် တိုင်းရင်းသားများနဲ့ ပတ်သက်လို့ရှိရင် တကယ့်ကို တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းဖြစ်နိုင်အောင် ဆောင်ရွက်လုံးပမ်းရင်း အခြားအခြား သော အဖွဲ့အစည်းများနဲ့ ပတ်သက်လို့ သူတို့တောင်းဆိုတာတွေချည်းပဲ မဟုတ်ဘဲနဲ့ မိမိတို့ ကိုယ်တိုင်ကလည်း အောင်မြင်အောင် ပါဝင်နိုင်အောင် လုပ်နိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်နိုင်အောင် အေးချမ်းသောနည်း ငြိမ်းချမ်းသောနည်း၊ စေ့စပ်သောနည်း သဟဇာတဖြစ်အောင် ညီညွတ် အောင် လုပ်တဲ့နည်း နောက်ပြီးတော့လည်း ပြန်လည်ပေါင်းစည်းနိုင်သမျှ ပေါင်းစည်းနိုင်မယ့် နည်းတွေနဲ့ လုပ်တာပါ"ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုနှင့်အတူ ပြည်သူလူထု၏ အားကိုးယုံကြည် မျှော်လင့်မှုများကို အစွမ်းကုန်ဖြည့်ဆည်းပေးနိုင်ရန် အတွက် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်ပေါ်ပေါက်ရေး အတွက် မလျှော့သောဇွဲလုံ့လ၊ ယုံကြည်ချက် သံန္နိဋ္ဌာန်ဖြင့် လက်တွဲဆောင် ရွက်ကြရန်လည်း ဦးတင်ဦးက နှိုးဆော်ခဲ့သည်။

၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်မှ စတင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရသစ် လက်ထက်တွင် ဦးစားပေးလုပ်ဆောင်သင့်သည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး တတ်သိ ပညာရှင်များက မတ်လဆန်းတွင် ရန်ကုန်မြို့၌ ဆွေးနွေးမှုများ ပြုလုပ်ထားရာ အစိုးရသစ်အနေဖြင့် မြန်မာနိုင်ငံတွင် ဆိုးရွားစွာ အမြစ်တွယ်နေသော လာဘ်ပေးလာဘ်ယူမှုသည် ဦးစွာကိုင် တွယ်ဖြေရှင်းရမည့် ကိစ္စဖြစ်ကြောင်း၊ နိုင်ကျဉ်းအကျဉ်းသားကိစ္စများ၊ လယ်ယာမြေနှင့် အလုပ်သမား ပြဿနာများ ဖြေရှင်းနိုင်ရေးအတွက် အခက်အခဲများ ရှိနေကြောင်း၊ အစိုးရဟောင်းနှင့် လုံးဝမတူတဲ့ပုံစံဖြင့် ဦးဆောင်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ဆက်လက် ကြိုးပမ်းရမည်ဖြစ်ကြောင်း သုံးသပ် ပြောကြားခဲ့ကြသည်။

Eleven Media Group

No comments:

Post a Comment

My Blog List