Wednesday, June 24, 2015

မြန်မာလူ့အခွင့်အရေးလှုပ်ရှားသူ အိမ်ဖြူတော် ၀ါဖြေညစာစားပွဲ တက်ရောက်





အစ္စလာမ်ဘာသာဝင်တွေရဲ့ ဘာသာရေးအထွဋ်အမြတ်ဖြစ်တဲ့ Ramadan ဥပုဒ်ကာလမှာ ကမ္ဘာတ၀ှမ်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေအပြင် အကြမ်းဖက် နှိပ်ကွပ်မှုတွေကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေ အရေးကို အိမ်ဖြူတော်မှာ ဇွန်လ ၂၂ ရက်၊ တနင်္လာနေ့ညက ပြုလုပ်တဲ့ ၀ါဖြေ ညစာစားပွဲအတွင်း သမ္မတ အိုဘားမားက ထည့်သွင်း ပြောကြားသွားတာမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေနဲ့ ပတ်သက်လို့လည်း ထည့် သွင်း ပြောကြားသွားပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မဝေေ၀နုလည်း သမ္မတ အိုဘားမားနဲ့ စားပွဲဝိုင်း တခုထဲ ထိုင်ပြီး ညစာစားခွင့် ရခဲ့တာမှာ လက်ရှိ မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတဲ့ ပြုပြင် ပြောင်းလဲရေး အခြေအ နေတွေကို သမ္မတ အိုဘားမားထံ တိုက်ရိုက် ပြောဆိုခွင့်ရခဲ့တယ်လို့ မဝေေ၀နုက ပြောပါတယ်။ 

ဝါဖြေညစာစားပွဲဟာ မိမိတို့ ယုံကြည်ရာ ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတဲ့ ချိုးဖောက်လို့ မရတဲ့ အခွင့်အရေး အပါအ၀င် အမေရိကန် နိုင်ငံသားတွေအဖြစ် အတူတကွ စည်းနှောင်ထားတဲ့ လွတ်လပ် ခွင့်တွေကို ပြန်ပြီး အမှတ်ရစေတယ်လို့ ညစာစားပွဲ မတိုင်ခင် ပြောကြားတဲ့ မိန့်ခွန်းထဲ သမ္မတ အိုဘားမား က ထည်သွင်း ပြောကြားသွားပါတယ်။

အရှေ့အလယ်ပိုင်းဒေသအတွင်း ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် ဆူပူမှုတွေကြောင့် ဒုက္ခသည်တွေ ထွက်ပြေး နေရတဲ့ အခြေအနေနဲ့ မြန်မာနိုင်ငံအတွင်းက ဖိနှိပ် ချုပ်ချယ်မှုတွေကြောင့် ရိုဟင်ဂျာတွေ ထွက်ပြေးနေရတဲ့ အရေးတွေကို သမ္မတ အိုဘားမားက ထည့်သွင်း ပြောကြားသွားပါတယ်။

“ပဋိပက္ခ ဖြစ်ပွားနေတဲ့ နေရာတွေ၊ ဆင်းရဲ ချို့တဲ့ပြီး ငတ်မှုခေါင်းပါးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ နေရာတွေမှာ ရာမာဒန် ဥပုဒ်ကာလကို ဖြတ်သန်းနေကြတဲ့သူတွေ အပါအ၀င် ကမ္ဘာတ၀ှမ်း ညှဉ်းပန်း နှိပ်စက်မှုတွေ ခံစားနေရတဲ့သူတွေအတွက် ကျနော်တို့ ဒီည ထည့်သွင်း ဆုတောင်းပေးကြရအောင်ပါ။ 

ISIL - အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ရန်ကို တွန်းလှန် တိုက်ခိုက်နေကြတဲ့ ဆီးရီးယားနဲ့ အီရတ်နိုင်ငံ သားတွေ၊ အကြမ်းဖက် ဆူမှုတွေ အဆုံးသတ်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ ယီမင်နဲ့ လစ်ဗျားနိုင်ငံ သားတွေ၊ မြေထဲပင်လယ်ကို ဖြတ်ပြီး စစ်ပွဲတွေနဲ့ အခက်အခဲတွေ ဘေးက ထွက်ပြေး လွတ်မြောက်လာ သူတွေ၊ မနှစ်က ဖြစ်သွားခဲ့တဲ့ ပဋိပက္ခကနေ ပြန်လည် နလန်ထူနိုင်ဖို့ ကြိုးစားနေကြတဲ့ ဂါဇာဒေသက လူတွေ၊ ပင်လယ်ပြင်ထဲမှာရှိနေကြတဲ့ လှေစီးပြေး ရွှေ့ပြောင်းနေထိုင်သူတွေ အပါအ၀င် မြန်မာနိုင်ငံက ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးတွေကို အာမခံချက် ပေးသင့်ပါတယ်။”

ဝါဖြေညစာစားပွဲကို တက်ရောက်ဖို့ အထူးဖိတ်ကြားခံထားရတဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေး လှုပ်ရှားသူ မဝေေ၀နု အကြောင်းကိုလည်း သမ္မတ အိုဘားမားက အခုလို ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။

“ကျနော်တို့နဲ့အတူ ဒီညစာစားပွဲကို တက်ရောက်လာတဲ့ မဝေေ၀နုအတွက် ကျနော်တို့ ချီးကျူး ဂုဏ်ပြုပါ တယ်။ သူမဟာ နိုင်ငံရေးအကျဉ်းသူဟောင်း တယောက်ဖြစ်တဲ့အပြင် ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးနဲ့ အမျိုးသမီး တန်းတူ အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်နေသူ ဖြစ်ပါတယ်။ ဒါကြောင့် ခင်ဗျား ဒီညစာ စားပွဲကို တက်လာတဲ့အတွက် ကျနော်တို့အားလုံးက ၀မ်းသာ ပီတိ ဖြစ်ရပါတယ်။”

မဝေေ၀နုဟာ အမေရိကန်နိုင်ငံအတွင်းက အရပ်ဘက် လူမှုအဖွဲ့အစည်းတွေမှာ တက်ကြွစွာ လှုပ်ရှားနေ ကြတဲ့ တခြား လူငယ် ခေါင်းဆောင် ၈ ဦးနဲ့အတူ ညစာစားပွဲမှာ သမ္မတ အိုဘားမားနဲ့ စားပွဲဝိုင်းတခုထဲ ထိုင်ခွင့်ရခဲ့သူ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ အခြေခံကျတဲ့ ပြဿနာတွေကို အရင်မဖြေရှင်းနိုင်ရင် ပြုပြင် ပြောင်းလဲရေး မအောင်မြင်နိုင်ဘူး ဆိုတာကို ညစာစားပွဲ အတွင်း သမ္မတ အိုဘားမားကို ပြောကြားခဲ့တယ်လို့ မဝေေ၀နုက ပြောပြပါတယ်။

“ကျမတို့နဲ့ ၁ နာရီကျော်ကျော် စကားပြောပါတယ်။ ဒီ ၉ ယောက်နဲ့လေ။ အမေရိကန်က မူဆလင်လူငယ် တွေပေါ့နော်။ လူမှုရေးနယ်ပယ်အသီးသီးမှာ အလုပ်တွေ သေသေချာချာ community engagement ပေါ့ အဲလိုမျိုး actively လုပ်နေတဲ့ လူငယ်တွေပေါ့နော်။ အဲဒါပါတယ် နောက် အထူးသဖြင့် အမေရိကန် မူဆလင်တွေပေါ့နော် ဒီလိုမျိုး လူမျိုးတွေလည်း စုံပါတယ်။”

မေး။        ။ သမ္မတနဲ့ တစ်နာရီလောက် စကားပြောခွင့်ရတယ်ဆိုတော့ ဘာတွေများပြောဖြစ်ကြလဲ။ ညီမနဲ့တိုက်ရိုက် သမ္မတနဲ့ပြောတာက ဘာတွေများလဲ။
ဖြေ။        ။ “ညီမကတော့ အဓိကက အမေရိကန်အစိုးရအနေနဲ့ မြန်မာပြည်ကို အားပေးထောက်ခံတာ၊ မြန်မာပြည်ရဲ့ Democratization ကို အားပေးထောက်ခံတာကို ကြိုဆိုတယ်ပေါ့နော်။ ဒါပေမဲ့လည်း ပြည် တွင်းထဲမှာရှိနေတဲ့ အခြေခံပြဿနာတွေ မဖြေရှင်းသ၍ ကျမတို့ တကယ်တမ်း ရေရှည်တည်တံ့ခိုင်မြဲတဲ့ အဖြေကို တိုးတက်မှုမျိုးကို ရမှာမဟုတ်ဘူးပေါ့နော်။ အထူးသဖြင့် ဒီနှစ်ပိုင်းတွေမှာဆိုရင် လူ့အခွင့်အရေးချိုး ဖောက်မှုတွေဟာ သိသိသာသာ အများကြီး ယိုယွင်းလာတာ တွေ့ရတယ်ပေါ့။ အဲဒါတွေကို အရင် ဖြေရှင်း ပေးဖို့ လိုတယ်ပေါ့နော်။ နောက်တခု နည်းနည်းလေး ထပ်ပြီးတော့ ပြောခဲ့ပါသေးတယ်။ ဘာလဲဆိုတော့ American Foreign Policy ဟာ မြန်မာပြည်အပေါ်မှာထားတဲ့ Policy ဟာ သူတို့က Assertive Story ဆိုပြီး ပြောကြတာပေါ့နော်။ အဲဒါကို သူတို့က Prove လုပ်ချင်တယ်လေ။ ကျမ ဘာ Highlight လုပ်ခဲ့လဲ ဆိုတော့ သူတို့ကတော့ သိပ်ကြိုက်ချင်မှကြိုက်မယ်ပေါ့နော် တကယ်တမ်းကျတော့ အခု ဖြစ်ပေါ်နေတဲ့ အနေအထားတွေကို ကြည့်ခြင်းအားဖြင့် ဒါ Assertive Story လို့ ပြောလို့မရဘူးပေါ့နော် ဆိုတဲ့ဟာကို ပြောခဲ့ပါတယ်။”

မေး။        ။ အဲဒီတော့ သမ္မတက ဘာပြန်ပြောလဲ။
ဖြေ။        ။ “သမ္မတကတော့ သူတို့အနေနဲ့ ဒါ သူတို့ရဲ့ Policy ဖြစ်တယ်ပေါ့နော် မြန်မာနိုင်ငံအပေါ်မှာ အများကြီး အလေးအနက် ထားတယ်ပေါ့နော်။ ပြည်တွင်းထဲမှာရှိနေတဲ့ ပြဿနာတွေကိုလည်း အထူးအာရုံ စိုက်ပြီး ဖြေရှင်းသွားမယ်ပေါ့။ ဖြေရှင်းသွားမယ်ဆိုတာထက်ကို အစိုးရကို တိုက်တွန်းသွားမယ်ပေါ့နော်။ အဲလိုမျိုးပြောပါတယ်။”

မေး။        ။ တခြားရော ထူးထူးခြားခြား အမှတ်ရစရာ ဘာတွေများရှိသေးလဲ ဒီညစာစားပွဲမှာ။
ဖြေ။        ။ “ထူးထူးခြားခြားကတော့ သူတို့တဲ့ ကျမတို့နဲ့ Discussion လုပ်တာ အရမ်းကို စိတ်ဝင်စားစရာ ကောင်းပါတယ်။ သူက လူငယ်တွေကို အခုန Resistance ကောင်းဖို့ပေါ့နော် Persistence ကောင်းဖို့ အဲဒါ မျိုးတွေပြောသွားတယ်။ နောက် Core Value ကို ကိုယ့်ရဲ့ Value ကို ကိုယ် တန်ဖိုးထားဖို့၊ အဲဒီအတိုင်းကို လုပ်ဆောင်သွားဖို့ အများကြီးပါပဲ ပြောသွားတာတွေ၊ စိတ်ဝင်စားစရာ အများကြီးပါပဲ ဟုတ်။”

အစဉ်အလာအရ တည်ခင်းဧည့်ခံတဲ့ Iftar လို့ခေါ်တဲ့ အဲဒီ ၀ါဖြေ ညစာစားပွဲကို သံတမန်တွေ၊ လွှတ်တော် အမတ်တွေနဲ့ အမေရိကန် နိုင်ငံသား မူဆလင်တွေ တက်ရောက်ခဲ့ကြတာပါ။ ညစာစားပွဲတက်ရောက်သူတွေထဲက Samantha Elauf အပါအ၀င် အမေရိကန် မူဆလင်လူငယ် တက်ကြွ လှုပ်ရှားသူတွေကို သမ္မတအိုဘားမားက အသိအမှတ်ပြု ပြောဆိုပါတယ်။ Samantha Elauf ဟာ မူဆလင် အမျိုးသမီးတွေဝတ်တဲ့ ခေါင်းစည်းပုဝါကို ၀တ်ဆင်တာကြောင့် အ၀တ်အထည်ဆိုင်တခုမှာ အလုပ်မရဘဲ အငြင်းခံခဲ့ရသူပါ။ ဒီကိစ္စကို သူက တရားလွှတ်တော်ချုပ်မှာ တက်ရောက် တိုင်ကြားပြီး အနိုင်ရခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က တောင် Carolina ပြည်နယ်၊ Charleston မြို့က အာဖရိကန်နွယ်ဖွား အမေရိကန် နိုင်ငံသားတွေရဲ့ ခရစ်ယာန် ဘုရားကျောင်းတခုမှာ သေနတ်နဲ့ဝင်ပစ်လို့ လူသေဆုံးခဲ့ရတာ အပါအ၀င် ဘာသာရေးနဲ့ ဆက်နွယ်တဲ့ အကြမ်းဖက် ဖြစ်ရပ်တွေကို ပြစ်တင် ရှုတ်ချကြောင်း သမ္မတ အိုဘားမားက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

VOA


No comments:

Post a Comment

My Blog List