Monday, June 22, 2015

ပြည်မြို့နယ် ၀က်ထီးကန် တိုက်နယ်အတွင်းရှိ သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ရရှိရေး တောင်သူ ငါးဆယ်ကျော်စုပေါင်းပြီး ထွန်တုံးတိုက်ပွဲ ပြုလုပ်


ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့နယ် ၀က်ထီးကန် တိုက်နယ်အတွင်းရှိ သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ရရှိရေး အတွက် ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ထွန်တုံးတိုက်ပွဲကို ဇွန် ၂၁ ရက် က ၀က်ထီးကန်တိုက်နယ် ကံကျိုး အုပ်စု၊ ကံကျိုးကျေးရွာ၊ တလုပ်ပင်အုပ်စုတို့ရှိ ကွင်းအမှတ် ၃၁၄၊ ၃၁၅ ကွင်းတို့တွင် တောင်သူ ၅၀ ကျော်က နွားဆယ်ရှဉ်းခန့်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ထွန်ယက်ခြင်းနှင့် ပျိုးကြဲခြင်းများအပြင် တို့မြေ တို့ရေ ပြန်ရရေး-တို့အရေး၊ တိုင်းတစ်ပါးသား ကျူးကျော်မှု ဖျက်သိမ်းရေး-တို့အရေး၊ ကိုလိုနီစနစ် ကျဆုံးပါစေ အစရှိသည့် စာသားတို့ကို ကြွေးကြော် ခဲ့ကြသည်။

“လယ်ယာတွေထဲကိုဆင်းပြီး ကြည့်စေချင်တယ်။ သိမ်းဆည်းထားတဲ့ လယ်ယာတွေကို လက်သင့်ရာ စားတော်ခေါ် စိုက် ပျိုးခိုင်းပြီး လယ်သမားတွေ ဆုံးရှုံးနစ်နာနေတာတွေကို မျက်မြင်ကိုယ်တွေ့ ကွင်းဆင်းလေ့လာ စေချင်တယ်။ ဒီနေ့လုပ် တာကလည်း ရိုင်းရိုင်းစိုင်းစိုင်း မဟုတ်ပါဘူး။ ပြဿနာတွေ ကို ဖြေရှင်းပေးခြင်း မရှိသေးလို့ နိုင်ငံတော်လူကြီးတွေ သိစေချင်လို့ပါ။ ရှင်းပေးမယ် ရှင်းပေးမယ်နဲ့ စိုက်ပျိုးချိန်ကို ရောက်နေပြီ။ လယ်သမားအကျိုး ဖော်ဆောင်ပေးမယ်သာ ပြောနေတယ် လက်တွေ့က ဘာမှဖြစ်မလာဘူး။ တောင်သူ လယ်သမားလက်ထဲကို ဘာမှပြန်မရောက် သေးဘူး” ဟု တဲကြီးကုန်းကျေးရွာမှ တောင်သူဦးစိန်လေးက ပြောကြား သည်။

အဆိုပါ တဲကြီးကုန်း၊ လွှစင်၊ ကံကျိုး၊ အလိုတော်ရ၊ ကျောက်ကွင်း၊ ကန်သာ ယာ ကျေးရွာများရှိ တောင်သူ ၁၀၄ ၏ ဓားမဦးချ လယ်ယာမြေများဖြစ်သည့် ကွင်းအမှတ်  (၃၁၃၊ ၃၁၄၊ ၃၁၅၊ ၃၁၆) တို့ရှိ လယ်ယာမြေ ၈၀၄ ဒသမ ၄၀ ဧကအား မဆလအစိုးရ လက်ထက်တွင် လေးထပ်ပြင်ဗဟိုစိုက်ပျိုးရေး သုတေသနခြံအတွက် သိမ်းယူခဲ့ကာ မြန်မာ့ကြံ လုပ်ငန်းက န၀ဒေးသကြား စက်အတွက် ထပ်မံသိမ်းယူခဲ့ပြီး ယခုလက်ရှိအချိန်တွင် စူးတက်ကုမ္ပဏီမှ ထိုင်းနိုင်ငံသား တစ်ဦးဖြစ်သည့် အမွန်လပ်ဆိုသူက သကြားစက်အတွက် ကြံစိုက်ပျိုး တင်သွင်းခြင်းများကို ဆက်လက်လုပ်ဆောင်နေ ကြောင်း သို့ရာတွင် ၃၈၅ ဒသမ ၂၁ ဧကသာ စိုက်ပျိုးလုပ်ကိုင် ဖော်ဆောင်နိုင် ကြောင်း ကျန်ရှိလယ်ယာမြေများကို သီးစားပြန်လည်ချထားခြင်း၊ ရောင်းစားခြင်းများ ပြုလုပ်နေသည့်အတွက် သက်ဆိုင်ရာဌာနများသို့ အကြိမ်ကြိမ် တိုင်ကြားနေသော်လည်း ထိရောက်သည့် ဖြေရှင်းခြင်းများ ပြုလုပ်ပေးမှုမရှိကြောင်း ဒေသခံများထံမှ သိရသည်။

“ကျွန်တော်တို့ တောင်သူတွေ ငတ်ပြတ်နေတယ်။ သားသမီးတွေကို ကျောင်းမထားနိုင်ဘူး။ ကျန်းမာရေး စောင့်ရှောက် မှုတွေ မပေးနိုင်ဘူး။ ဘာသာသာသနာတွေ ညှိုးနွမ်းနေတယ်။ အဲဒါကြောင့် ဒီနေ့ထွန်တုံးတိုက်ပွဲကို လုပ်တယ်။ နောက် လည်း ထပ်ထွန်ဦးမှာပဲ။ ဆုံးဖြတ်ပြီးပြီ။ ကျွန်တော်တို့ တောင်သူတွေ ငတ်ပြတ်နေပါပြီ” ဟု တောင်သူလယ်သမားအရေး ဆောင် ရွက်နေသည့် ကိုကျော်ဆွေက ပြောကြားသည်။

ထွန်တုံးတိုက်ပွဲ ပြုလုပ်ရန်အတွက် အကြောင်းကြားစာ ပေးပို့ထားခြင်းမရှိဘဲ ယနေ့ပြုလုပ်သည့်ပွဲအတွက် မှုခင်းဖြစ်ရပ် များ၊ ပြဿနာ တစ်စုံတစ်ရာ မဖြစ်စေရန်အတွက်သာ လာရောက်လုံခြုံရေး ယူထားခြင်းဖြစ်ပြီး အရေးယူ ဆောင်ရွက် ခြင်းများအတွက် အထက်၏ ညွှန်ကြားချက်ရမှသာ ပြုလုပ်သွား မည်ဖြစ်ကြောင်း ၀က်ထီးကန်ရဲစခန်းမှ စခန်းမှူးရဲအုပ် တင်ဝင်းက ပြောကြား သည်။


Eleven Media Group


No comments:

Post a Comment

My Blog List