Thursday, June 25, 2015

ဒီမိုကရေစီ ပညာရေးသပိတ်တိုက်ပွဲ ထပ်မံဆင်နွဲမည်ဆိုသည့်အပေါ် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်များ အကြား သဘောထားကွဲလွဲ


ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည့် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် လေးပွင့်ဆိုင် သဘောတူညီထားသည့် အချက်အလက် အချို့ မပါဝင်သည့်အတွက် ဆက်လက်ကာ သပိတ် တိုက်ပွဲ ၀င်သွားမည်ဟုဆိုသည့်အပေါ် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီဝင်များအကြား သဘောထား ကွဲလွဲမှုများ ရှိနေကြောင်း သိရသည်။

“အခု လက်ရှိအနေအထားက သပိတ်ကို လုံးဝလှန်ထားတဲ့ အနေအထားမျိုး မဟုတ်ပါဘူး၊ သပိတ်မှောက် ကျောင်းသားတွေ ဖမ်းဆီး ခံထားရချိန်မှာ သပိတ်ကို မှောက်ထားတုန်းပါပဲ၊ ကျွန်တော်တို့ လိုချင်တဲ့ အချက် တွေ မရသေးတဲ့အတွက် တစ်နိုင်ငံလုံးပါဝင်တဲ့ လှုပ်ရှားမှုမျိုးတွေ အားလုံးပူးပေါင်းပြီး ထပ်မံ လုပ်ဆောင် သွားဖို့ ရှိပါတယ်”ဟု သပိတ်မှောက် ကျောင်းသား ခေါင်းဆောင် တစ်ဦး ဖြစ်သူ ကိုအောင်နေပိုင်က Tomorrowသို့ ပြောကြားခဲ့သည်။

ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီနှင့် ကျောင်းသား သမဂ္ဂများမှ ယခုပြဋ္ဌာန်းလိုက်သော အမျိုးသား ပညာရေး ဥပဒေတွင် ၄င်းတို့တောင်းဆိုထားသော အချက်များ အပြည့်အ၀ မပါ၍ သပိတ် တိုက်ပွဲများ ဆက်လက်လုပ်ဆောင်မည်ဟု ပြောဆိုခြင်းသည် NNER၏ တိုက်တွန်းမှု မဟုတ်ဘဲ ကျောင်း သားသမဂ္ဂများ၏ သဘောဆန္ဒများသာ ဖြစ်ကြောင်း NNER၏ ခေါင်းဆောင်ဖြစ်သူ ဒေါက်တာ သိန်းလွင်က ဇွန် ၂၀ ရက်နေ့၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“သူ့အနေနဲ့ ဒီစကားပြောတာက ဘာကိုကိုယ်စားပြုပြီး ပြောတယ်ဆိုတာ ကျွန်တော့် အနေနဲ့ မသိပါဘူး။ တကသ အဖွဲ့အစည်း တစ်ခုလုံးကို ကိုယ်စားပြုပြီး ပြောတာမဟုတ်ပါဘူး။ သူ့အနေနဲ့ ပြောတာဆိုရင်တော့ မပြောတတ်ဘူး၊ ကျွန်တော့် အနေနဲ့ကတော့ ကျောင်းသား သမဂ္ဂ ဖွဲ့စည်းခွင့် ရရှိရေးကိုပဲ အလေးပေးပြီး လုပ်ဆောင်သွားမှာပါ။ အမျိုးသား ပညာရေး ဥပဒေမှာ ကျောင်းသား သမဂ္ဂ ဖွဲ့စည်းခွင့်ရရှိဖို့က လောလော ဆယ် အရေးကြီးဆုံးလို့ ထင်ပါတယ်”ဟု ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီတွင် ပါဝင်သူ တစ်ဦး ဖြစ်သည့် ကိုဇေယျာလွင်က တုံ့ပြန်ပြောဆိုသည်။

လွှတ်တော်က ပြဋ္ဌာန်းလိုက်သော အမျိုးသား ပညာရေး ဥပဒေသည် ကျောင်းသားများ တောင်းဆိုထား သည့် ဥပဒေ မဟုတ်သည့် အတွက် ပြန်လည် ကန့်ကွက်သည့် လှုပ်ရှားမှုများကို ဆက်တိုက် ပြန်လည်လုပ် ဆောင်သွားမည် ဖြစ်၍ အားလုံးပါဝင် ကန့်ကွက်လှုပ်ရှားနိုင်သည့် လှုပ်ရှားမှုအား ပြုလုပ်သွားမည်ဟု သိရသည်။

“အမျိုးသား ပညာရေး ဥပဒေ အပါအ၀င် အခြားအရေးကြီးတဲ့ ဥပဒေ အားလုံးအား လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတိုင်း သွားရမှာပါ။ အခုဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ဖို့အတွက် တစ်တိုင်းပြည်လုံး အရမ်းကို အရေးကြီးနေပါတယ်။ အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်သရွေ့ကတော့ ကျွန်တော်တို့ကြိုက် တဲ့ ဥပဒေ ဖြစ်လာမှာ မဟုတ်ပါဘူး”ဟု တကသ ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်က ပြောသည်။

အမျိုးသား ပညာရေး ဥပဒေ အပါအ၀င် ယခုပြဋ္ဌာန်းနေသော အရေးကြီးသည့် ဥပဒေအားလုံး ပြင်ဆင်ရေး အတွက် လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတိုင်း သွားရမည်ဖြစ်ပြီး လက်ရှိအချိန်မှာ ရွေးကောက်ပွဲ နီး သည်ကာလဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည်သာ အရေးကြီးဆုံးဖြစ်ပြီး
ထိုဥပဒေ မပြင်ဆင်သေးသရွေ့ ပြည်သူလူထု ကြိုက်နှစ်သက်သော ဥပဒေများ ဖြစ်လာမည် မဟုတ် ကြောင်း တကသမှ ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်က ပြောသည်။

ပြည်ထောင်စုလွှတ်တော်တွင် ဇွန် ၁၈ရက်က အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ကာ တစ်ပိုဒ်ချင်း အလိုက် အတည်ပြုခဲ့ပြီး ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းခွင့်ကို ပြင်ဆင်ပြီး ဥပဒေ ကြမ်းပါ တက္ကသိုလ် ပဋိညာဉ်အရ ဖွဲ့စည်းခွင့်ပြုထားကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

Kမိုး
Tomorrow News Journal


No comments:

Post a Comment

My Blog List