Wednesday, June 24, 2015

တိုင်းရင်းသား လက်နက်ကိုင်များ၏ အပစ်အခတ်ရပ်စဲရေး အဆင့်မြင့် ညှိနှိုင်းရေး အဖွဲ့ကို အစိုးရလက်မခံဟုဆို


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို ဆက်လက်ညှိနှိုင်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင် များ ညီလာခံက ဖွဲ့စည်းလိုက်သော အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ကို အစိုးရ လက်မခံသေးကြောင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ NCCT ခေါင်းဆောင် ဦးနိုင်ဟံသာက ပြောကြားသည်။

ဇွန်လ ၂၃ ရက်နေ့ ရန်ကုန်မြို့တော် Green Hill ဟိုတယ်တွင် သတင်းစာ ရှင်းလင်းပွဲ၌ ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။ 

အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ သဘောတူ လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စရပ် များအတွက် ဇွန်လ ၂၂ ရက်နေ့က NCCT အဖွဲ့ဝင်များနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) တို့ တွေ့ဆုံရာ တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင် ဝင်းတို့က အစိုးရ၏ သဘောထားကို အထက်ပါအတိုင်း ထုတ်ဖော်ပြော ကြားခြင်း ဖြစ်ကြောင်း ဦးနိုင်ဟံသာက ဆိုသည်။

“သူတို့ကတော့ အခုလို အဖွဲ့သစ် ဖွဲ့လိုက်တဲ့အပေါ်မှာ အမြင်မရှင်းဘူး။ ဘာကြောင့်ဖွဲ့လဲ အရင် NCCT အနေနဲ့ ဆက်ဆွေးနွေးရင် သူတို့အတွက် ပြဿနာမရှိဘူး၊ အခုလို အဖွဲ့သစ်ဖွဲ့လိုက်တဲ့ အခါမှာတော့ သူတို့အထက်က ခေါင်းဆောင်တွေ အမြင်မရှင်းဘူး၊ လက်ခံသင့်၊ မသင့် ဆိုတာဟာက အဆုံးအဖြတ်မပေး နိုင်သေးဘူး၊ ဆိုပြီးတော့ အဲ့ဒါပြောတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် မေလ နောက်ဆုံးပတ် အတွင်း (UPWC) နှင့် NCCT အကြား သဘောတူရေးဆွဲထားသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ သဘောတူစာချုပ် (NCA) အတိုင်းသာ လက်ခံပြီး ထပ်မံဖြည့် စွက် ပြင်ဆင်ခြင်းများကို အစိုးရဘက်က လက်မခံဟု ထုတ်ဖော် ပြောကြားသွားကြောင်း ၎င်းက ဆိုသည်။

သို့သော်လည်း အသစ် ဖွဲ့စည်းထားသော အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စား လှယ် အဖွဲ့သည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် အပြီးသတ် ရေးထိုးနိုင်သော လုပ်ပိုင်ခွင့် မပါရှိသောကြောင့် ယင်းအဖွဲ့နှင့် ဆွေးနွေးရန် အစိုးရဘက်က အမြင်မရှင်းလင်းမှုများ ရှိကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာ MPC မှ ပဋိပက္ခ ညှိနှိုင်းရေးဆိုင်ရာ ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြောကြား သည်။

“ပြီးခဲ့တဲ့ UPWC နဲ့ NCCT ဆွေးနွေးပွဲတွေမှာ ဆွေးနွေးပြီးသား အချက်များကို မူကြမ်းထဲမှာ ပြန်ထည့် ထားတာကိုလည်း ဆွေးနွေးပြီးသား တွေကို ဘာလို့ ထပ်ထည့်တာလဲဆိုတာ အစိုးရက အမြင်မရှင်းဘူး၊ တစ်ဖက်တည်း ကိုတော့ လျှော့ခိုင်းလို့ မရဘူး၊ နှစ်ဖက်လုံးက လျှော့မှဖြစ်မယ်။ NCA ပြီးရင် ဆက်လုပ်ဖို့ လုပ်ငန်းစဉ်တွေ အများကြီး ကျန်သေးတယ်လေ၊ မလျှော့နိုင်ရင်တော့ NCA ထိုးနိုင်ဖို့က ဆက်သွားဖို့ မလွယ်ဘူး” ဟု ၎င်းကဆိုသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် (NCA) ရေးဆွဲရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့မှ အဖွဲ့ဝင်များ ပူးပေါင်းပါဝင် သော နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အလုပ်အဖွဲ့ NCCT ကို ၂၀၁၃ ခုနှစ် သြဂုတ်လ အတွင်း KIO ထိန်းချုပ် နယ်မြေအတွင်း ပြုလုပ်ခဲ့သော တိုင်းရင်းသား ခေါင်းဆောင်များ ထိပ်သီးညီလာခံ တွင် ဖွဲ့စည်းခဲ့သည်။

ယင်းနောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အလုပ်အဖွဲ့ (NCCT) တို့သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ် စဲရေး မူကြမ်းအတွက် (၇) ကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးပြီးနောက် မတ်လ ၃၁ ရက်နေ့တွင် အခန်း ၇ ခန်း၊ အပိုဒ် ၃၃ ပိုဒ်ပါ စာချုပ်မူကြမ်းကို နှစ်ဖက်သဘောတူညီမှု ရှိခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ဇွန်လ ဆန်းပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေတွင် ပြုလုပ်သော တိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံတွင် အစိုးရနှင့် သဘောတူညီ ထားသော စာချုပ်မူကြမ်းကို ထပ်မံ ပြင်ဆင်ဖြည့်စွက်ခြင်းများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အဆိုပါညီလာခံက KNU ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန်၊ KIO အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာ၊ CNF အထွေထွေ အတွင်းရေးမှူးချုပ် ပူးဇင်ကျုံးတို့ ပါဝင်ပြီး မူလ NCCT အဖွဲ့ဝင်များဖြစ် သော ဦးနိုင်ဟံသာ၊ ဗိုလ်ချုပ်ဂွမ်မော်၊ ဒေါ်စောမြရာဇာလင်း၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ အပါအဝင် စုစုပေါင်း အဖွဲ့ဝင် ၁၂ ဦးပါ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List