Monday, June 22, 2015

ရွေးကောက်ပွဲ မဲပေးရေး မ.ဘ.သ ကြိုးကိုင်မည် မဟုတ်ဟုဆို


အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ) အနေနှင့် လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မည်သည့်ပါတီကို မဲပေးသင့် မပေးသင့် ဝေဖန်အကြံပြုမည် မဟုတ်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်သည်။ ရန်ကုန် မြို့တော် အင်းစိန်မြို့နယ် အောင်ဆန်းတောရ တပ်ဦးကျောင်းတွင် ဇွန်လ ၂၁ ရက်ကကျင်းပသည့် မ.ဘ.သ အဖွဲ့ ဒုတိယ အကြိမ် ညီလာခံတွင် ယင်းသို့ ကြေညာချက် ထုတ်ပြန်ခြင်း ဖြစ်သည်။

“ဒါက မဘသရဲ့ အဓိကကျတဲ့ မူဝါဒပဲ” ဟု မဘသအဖွဲ့ ဗဟိုဦးဆောင်အဖွဲ့ဝင် ဆရာတော် ဦးဒေဝိန္ဒာဘိဝံသက မိန့်ကြား သည်။ သို့သော် မဘသအဖွဲ့ အနေနှင့် ရွေးကောက်ပွဲဝင် ပါတီအားလုံးနှင့် သက်ဆိုင်သော အခြေခံမူဝါဒကိုမူ ဓမ္မဓိဋ္ဌာန် ကျကျ ဝေဖန်အကြံပြုမည်ဟု ယင်းကြေညာချက်အရ သိရသည်။

ရွေးကောက်ပွဲ မဲပေးရန် အခြားသော ဆရာတော်များက ဟောကြားမှုများရှိလျှင် ယင်းသည် မ.ဘ.သ အဖွဲ့၏ သဘော ထား မဟုတ်ကြောင်း ဦးဒေဝိန္ဒာဘိဝံသက ဆက်လက်မိန့်ကြားသည်။“ခေါင်းဆောင်ရွေးမှားရင် ဘာသာသာသနာ ဆုတ်ယုတ်မယ် ဆိုတာတော့ ခွဲခြားသိအောင် ရှင်းပြပေးဖို့ လိုတယ်” ဟု ဆရာတော် ဦးသီလက္ခန္ဓာ ဘိဝံသက ၎င်း၏ အမြင်သဘောထားကို မှတ်ချက်ပြု မိန့်ကြားသည်။

ရွေးကောက်ပွဲကော်မရှင် အနေနှင့်လည်း အထွေထွေရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတစွာ လုပ်ဆောင်ရန် တိုက်တွန်းကြောင်း မဘသ အဖွဲ့ဝင် ဆရာတော်များက မိန့်ကြားသည်။ အင်တာနက်စာမျက်နှာ၌ အမျိုးသားရေးနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုကို ထိခိုက်စေမည့် ညစ်ညမ်းစာ၊ ပုံများ အသုံးပြုကာ သံဃာတော်များ၊ သမ္မတနှင့် ဒေါ်အောင် ဆန်းစုကြည်ကို စော်ကားမှုများ မပြုလုပ်ရန် တိုက်တွန်းကြောင်းလည်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

မဘသအဖွဲ့ ဒုတိယအကြိမ် ညီလာခံတွင် သံဃာတော်များ၊ လူပုဂ္ဂိုလ်များ စုစုပေါင်း ၇၀၀၀ နီးပါး တက်ရောက်ရာ သဘောတူညီချက် ၁၂ ချက်နှင့် မဘသအဖွဲ့ဝင်များ ရှေ့ဆက်လုပ်ရန် လမ်းညွှန်ချက် ခုနစ်ချက်ကို ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။
မ.ဘ.သအဖွဲ့ ပထမအကြိမ် ညီလာခံကို အောင်ဆန်းတောရ တပ်ဦးကျောင်း၌ ၂၀၁၄ ခုနှစ် ဇွန်လ ၂၁ ရက်က ကျင်းပခဲ့ သည်။

The Voice Weekly

No comments:

Post a Comment

My Blog List