Tuesday, June 23, 2015

လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး ကျင်းပနေစဉ် ဖုန်းမပြောရန် သူရဦးရွှေမန်း သတိပေး


လွှတ်တော်ကိုယ်စားလှယ်များ အနေနှင့် အစည်းအဝေး ကျင်းပနေစဉ် အချိန်အတွင်း ဖုန်းသံများ မြည်နေ ခြင်း၊ ဖုန်းပြောခြင်းတို့ကြောင့် ဂုဏ်သိက္ခာနှင့်အညီ ကျင့်ဝတ်စည်းကမ်းများကို ထိန်းသိမ်းကြရန် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက သတိပေး ပြောကြားလိုက်သည်။

ယနေ့ (ဇွန် ၂၂) ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ၎င်းက ယင်းကဲ့သို့ သတိပေး ပြော ဆိုလိုက်ခြင်း ဖြစ်သည်။ 

“လွှတ်တော်ကိုယ်စားလှယ်များဟာ ကိုယ့်ဂုဏ်ကိုယ့်သိက္ခာနဲ့အညီ ကျင့်ဝတ်စည်းကမ်းများကို ထိန်းသိမ်းဖို့ လိုပါတယ်။ အင်္ဂလိပ်လိုစကား ရှိပါတယ်။ one for all, all for one တစ်ယောက်ကြောင့်လည်း အများ ထိခိုက်စေပါတယ်။ အများကြောင့်လည်း တစ်ယောက် အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ ဒါကြောင့် ကိုယ်စီကိုယ်စီ မိမိတို့ စောင့်ထိန်းကျင့်ကြံရမယ့် စည်းကမ်းများ လိုက်နာကြဖို့ သတိပေး ပြောကြားလိုပါ တယ်” ဟု ၎င်းကဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်များ အနေနှင့် လွှတ်တော်အစည်းအဝေး အတွင်းတွင် လက်ပ်တော့များ၊ လက် ကိုင်ဖုန်းနှင့် အသံဖမ်းစက်များ ယူဆောင်လာခြင်း မပြုရန် ပြည်ထောင်စုလွှတ်တော်မှ ၂၀၁၅ ခုနှစ် မတ်လ ၁၉ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် လွှတ်တော်အစည်းအဝေး ခန်းမတွင် အစည်းအဝေး ကျင်းပနေချိန် အတွင်း ဓာတ်ပုံ၊ ဗီဒီယို ရိုက် ကူးခြင်း မပြုလုပ်ရန်အတွက်ကို လည်းကောင်း၊ အစည်းအဝေး တက်ရောက်နေချိန်တွင် အခြားလုပ်ငန်း တာဝန်အရ ထွက်ခွာရန်ရှိပါက မိမိဆန္ဒမဲပေးကတ်ကို ဖြုတ်သိမ်းပြီး ထွက်ခွာချိန်အပေါ် မူတည်၍ ကိုယ် တိုင်သိမ်းဆည်းထားခြင်း သို့မဟုတ် သတ်မှတ်နေရာသို့ အပ်နှံပေးခြင်းတို့ကို ဆောင်ရွက်ရန် ပြည်ထောင်စု လွှတ်တော်က ဇွန်လ ၁၀ ရက်နေ့တွင် ထပ်မံထုတ်ပြန်ထားသည်။

အမျိုးသားလွှတ်တော်တွင် ယင်းသို့ ထုတ်ပြန်ထားခြင်း မရှိသော်လည်း အစည်းအဝေးကျင်းပစဉ် ဖုန်းပြော ဆို၍ မရရန် Jammer (တယ်လီဖုန်းလိုင်း ဖြတ်တောက်ခြင်း) ပြုလုပ်ထားပြီး အစည်းအဝေး ခေတ္တနားခြင်း နှင့် ရပ်ဆိုင်းသည့် အချိန်တွင် ပြန်ဖွင့်ပေးကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြော ကြားသည်။

The Voice Weekly


No comments:

Post a Comment

My Blog List