မြောက်ပိုင်း ဆူဒန်တွင် သတင်းလွတ်လပ်ခွင့် ဆုံးရှုံးနေသဖြင့် သတင်းသမားများ ချီတက်ဆန္ဒပြ
ခါတိုယမ်၊ သြဂုတ် ၎
မြောက်ပိုင်း ဆူဒန်နိုင်ငံတွင် သတင်းလွတ်လပ်ခွင့်များ ဆုံးရှုံးနေသဖြင့်
သတင်းသမား ၁၀၀ ကျော်သည် လမ်းများပေါ်ထွက်ကာ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
လွန်ခဲ့သောအပတ်တွင်လည်း သတင်းစာလုပ်ငန်းအားထိခိုက်နစ်နာစေမည့်
အစိုးရ၏မူဝါဒများကို ဝေဖန်မှုများအား ပုံနှိပ်ဖော်ပြခဲ့သည့်
အလာဟာဒက်သ်သတင်းစာအား အာဏာပိုင်များက ထုတ်ဝေခွင့်ရပ်ဆိုင်းခဲ့သဖြင့်
သတင်းစာဆရာများ ယခုကဲ့သို့ ချီတက်ဆန္ဒပြခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစာဆရာများသည် ၄င်းတို့၏သက်ဆိုင်ရာအလုပ်များ တာဝန်ကျေပွန်စွာ
လုပ်ဆောင်နေခြင်းကို မရှုစိမ့်သည့်အတွက်
အာဏာပိုင်များကဖမ်းဆီးနေခြင်းဖြစ်ကြောင်း
ဖမ်းဆီးထားရသည့်အကြောင်းအရင်းကိုလည်း ထုတ်ပြန်ခြင်းမရှိကြောင်း
ဆူဒန်သတင်းစာဆရာများကွန်ရက်၏ အထွေထွေအတွင်းရေးမှုး ခါလစ် ဆာယက်ဒ်ကပြောသည်။
ချီတက်ဆန္ဒပြနေသည့် သတင်းစာဆရာများအား လုံခြုံရေး ကားများပေါ်မှဆင်းလာသည့်
ရဲတပ်ဖွဲ့ဝင်များက ဝန်းရံထားကြသော်လည်း ဆက်လက်ဆန္ဒပြခွင့်ပေးခဲ့သလို
ဖမ်းဆီးခြင်းလည်းမပြုခဲ့ကြောင်း သိရသည်။ ဆူဒန်၌ မကြာသေးမီလများအတွင်း
အစိုးရသည် စက္ကူနှင့် မင်ခွန်များကို တိုးမြှင့်ကောက်ခံခဲ့သဖြင့်
သတင်းစာများသည် ရောင်းဈေးကိုတိုးမြှင့်ခဲ့ရသည်။
သတင်းစာများသည်
မထုတ်ဝေခင်တွင် အစိုးရထံသို့ဦးစွာတင်ပြရသဖြင့်
အစိုးရ၏မူဝါဒများကိုဝေဖန်သည့် ရေးသားချက်များကို အစိုးရ၏
စာပေစိစစ်ရေးအဖွဲ့က ပယ်ဖျက်ခွင့်ရှိနေသလို ဖြုတ်ပယ်ထားသည်များကို
မလိုက်နာဘဲ ထည့်သွင်းပုံနှိပ်သည့် သတင်းစာများကိုလည်း အစိုးရက ထုတ်ဝေခွင့်
ရပ်ဆိုင်းလိုက်ခြင်းများကို ခံနေရကြောင်း ဝါရင့်သတင်းစာဆရာ မာဂျပ် မိုဟမ္မဒ်
ဆာလီကပြောသည်။
ဆူဒန်တွင်မကြာသေးမီကာလများတွင် သတင်းစာများစွာ
ပုံနှိပ်ထုတ်ဝေနေသဖြင့် သတင်းစာလွတ်လပ်ခွင့်အတိုင်းအတာတစ်ခုအထိရှိနေကြောင်း
ဆူဒန်အစိုးရပြောဆိုခဲ့သော်လည်း သတင်းစာ
ဆရာများကာကွယ်စောင့်ရှောက်ရေးကော်မတီနှင့်
နယ်စည်းမခြားသတင်းသမားများအဖွဲ့တို့ကပြုစုသော စာရင်းများအရ ဆူဒန်၏
သတင်းစာလွတ်လပ်ခွင့်သည် နိမ့်ကျလျက်ရှိသေးကြောင်း သိရသည်။
No comments:
Post a Comment