Thursday, August 09, 2012

ဒေါက်တာမေဝင်းမြင့် (မရမ်းကုန်း မဲဆန္ဒနယ်)မှတင်ပြဆွေးနွေးခြင်း

from - ပြည်သူ့လွှတ်တော်

ကျွန်မအနေနဲ့ ဧရာဝတီတိုင်းဒေသကြီး ဟံသာင်္တ မဲဆန္ဒနယ်မှ ဦးဌေးဦး အဆိုတင်သွင်းထားတဲ့ နိုင်ငံရပ်ခြားတွင်သွားရောက်အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား 
 ရွေ့ပြောင်းလုပ်သားများအတွက် ဘဝအာမခံချက် လုံခြုံမှုရရှိရေးအတွက် Migration Polity ချမှတ်ပေးနိုင်ပါရန် တင်သွင်းထားတဲ့အဆိုကို ပတ်သက်ပြီး ထောက်ခံဆွေးနွေး သွားမှာဖြစ်ပါတယ်။
လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးရှင့်။ ကျွန်မတို့ရဲ့ နိုင်ငံမှာ ၁၀ စုနှစ် တစ်ချို့အတွင်း အခြေအနေတွေပါ၊ ရွေးပြောင်းလုပ်သားဆိုတဲ့ ကိစ္စရပ်ဟာ အလေးအနက်ထား စဉ်းစားလာတဲ့ အခြေအနေ ရှိပါတယ်။ ကျွန်မတို့ နိုင်ငံက လုပ်သားများဟာ တခြားပြည်ပ နိုင်ငံများကို အလုံအရင်းနဲ့ သွားရောက်လုပ်ကိုင် စားသောက်နေကြ ရပါတယ်။ အခြေခံအကြောင်းကတော့ ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးခြင်း၊ လုပ်ခလစာဟာ စားဝတ်နေရေးအတွက် ဖူလုံမှုမရှိခြင်းနဲ့ ကျေးလက်ဒေသများမှာ လယ်ယာကိုင်းကျွန်းလုပ်ငန်းများ လျော့ပါးလာခြင်းကြောင့် ဖြစ်ပါတယ်။ ဒီ စတဲ့ အကြောင်းတရားတွေအပြင် လယ်ယာမြေသိမ်းခြင်း ခံရတဲ့ ဖြစ်စဉ်များကလည်း ဒီအခြေအနေကိုရောက်အောင်လို့ တွန်းပို့နေသလိုဖြစ်နေပါတယ်။ ဘဝရှင်သန်ရေးအတွက် မလွဲမရှောင်သာ သွားရောက်လုပ်ကိုင်စားသောက်နေတာဖြစ်လို့ ဒီလိုစွန့်စားသွားရောက် လုပ်ကိုင်နေကြသူ လုပ်သားများရဲ့ ဘဝအာမခံချက် လုံခြုံရေးရရှိရေးဆိုတာကို နိုင်ငံတော်က မျက်ကွယ်ပြုမထားပဲ တာဝန်တစ်ခု လုပ်ရမှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၀ မှာ နိုင်ငံခြား တိုင်းတပါးနဲ့ ဆက်ဆံရတဲ့ နိုင်ငံသားတိုင်းဟာ ပြည်တွင်းမှာဖြစ်စေ၊ ပြည်ပမှာဖြစ်စေ၊ နိုင်ငံတော်ရဲ့ ကာကွယ်စောင့်ရှောက်မှု တောင်းခံခွင့်ရှိတယ်ဆိုတဲ့ ပြဋ္ဌာန်းထားတာကို အလေးအနက်ပြုကြရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ သူတို့တတွေရဲ့ ဘဝလုံခြုံမှု အာမခံချက် ရရှိနိုင်အောင် သင့်သော်မှန်ကန်တဲ့ ထိရောက်ပြီး လက်တွေ့ အကြိုကျေးဇူး ခံစားစေနိုင်မယ့် လုပ်အား ဓနများ ရရှိစေရမှာဖြစ်တဲ့အတွက် ကျွန်မအနေနဲ့ ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးရှင်။ ထိရောက်ပြီး လက်တွေ့အကျိုးခံစားမှုရှိဖို့ဆိုရင် အခြေခံအကြောင်းတရားများကို စပြီး စဉ်းစားကြည့်ဖို့လိုပါတယ်။ သူတို့တစ်တွေဟာ ဘယ်လိုအခက်အခဲတွေ့ကြုံနေရလည်း၊ ဘာကြောင့် ခက်ခဲနေတာလည်းဆိုတာတွေကို သိနိုင်မှ ဘယ်လိုကျော်လွှားနိုင်မယ်၊ ဘယ်လိုဖြည့်ဆည်းနိုင်မယ်ဆိုတာကို ကျွန်မတို့ ပီပီပြင်ပြင် မြင်နိုင်မှာ ဖြစ်ပါတယ်။ မြောက်မြားစွာသော ခေါင်းပုံဖြတ်ခံရမှုတွေ အချို့ဆိုရင် အသက်ဆုံးရှုံးရသည်အထိ ဖြစ်နေတဲ့ ဘဝ အာမခံချက် မဲ့မှုများက လူသားစံတဲ့ ဂုဏ်သိက္ခာနဲ့ လျှော်ညီတဲ့ အဆင့်တန်းကို မရကြဘူးလို့ ဆိုရမှာပဲဖြစ်ပါတယ်။ တကယ်တော့ သူတို့တွေဟာ ကျွန်မတို့ နိုင်ငံသားပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်နေရတဲ့ အကြောင်းတရားတွေအနက် အဓိက ကျတဲ့ အချို့အချက်လောက်ပဲ ဒီနေရာမှာ ပြောဖို့ အချိန်ရမှာ ဖြစ်ပါတယ်။ ဒီလို အဓိက ကျတဲ့အချက်တွေကတော့ (၁) တရားဝင် နိုင်ငံကူးလက်မှတ်ဖြင့် အလုပ်လုပ်ကိုင်ခွင့်မရှိခြင်း၊ (၂) သိရန်လိုအပ်တဲ့ ဥပဒေဆိုင်ရာ အချက်အလက်များကို မသိရှိခြင်း၊ (၃) တရားမဝင် သွားရောက်ကြခြင်းဖြစ်၍ နိုင်ငံတော်၏ အရိပ်အမိုး အကာမဲ့နေခြင်း၊ (၄) စနစ်တကျ ဖွဲ့စည်းနိုင်မှု မရှိခြင်း စတာတွေ့ကြောင်းဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ ရွှေ့ပြောင်းအလုပ်သမားများဟာ အလုပ်အကိုင် ရှာဖွေသွားရောက်လုပ်ကိုင်နေရာမှ လွယ်လင့်တကူ လူကုန်ကူးခံရခြင်း၊ အလုပ်ရှင်နှင့် ကုမ္ပဏီများ၏ နည်းပေါင်းစုံ ခေါင်းပုံဖြတ်ခံရခြင်း၊ လုပ်ငန်းခွင်မှအပ ဆက်သွယ်မှုဖြတ်တောက်ခံရခြင်း၊ အိမ်ရှင် နိုင်ငံသား၏ ဥပဒေအရ အရေးယူခံရခြင်း စတာတွေကြောင့် ဘဝလုံခြုံမှုအာမခံချက် မဲ့နေရတာဖြစ်ပါတယ်။ ပြည်ပနိုင်ငံများကို ရောက်ရှိနေကြတဲ့ ကျွန်မတို့ ရဲ့ ပြည်ထောင်စုနိုင်ငံသားများဟာ နည်းမျိုးစုံနဲ့ ကြုံတွေ့နေရတဲ့ ကြေကွဲဖွယ် ဖြစ်ရပ်များကို ဖြစ်စဉ်အမျိုးအစားအလိုက် ထုတ်ဖော်ပြောနေမယ်ဆိုရင် တစ်ထောင့် တစ်ည ပုံပြင်လို ပြောရမှာဖြစ်တဲ့အတွက် အထွေထွေသော ဘဝ အာမခံချက် မဲ့မှုများ ကာကွယ်ပေးနိုင်မှု ပေါ်လစီချမှတ်နိုင်ရန် လိုအပ်ပြီး အဲဒီပေါ်လစီမှာ ပါဝင်သေးတဲ့ အချက်အချို့သာ တင်ပြသွားမှာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ကျွန်မတို့ရဲ့ ရွေ့ပြောင်းလုပ်သားများ သွားရောက်လုပ်ကိုင် နေကြတဲ့ ထိုင်းနိုင်ငံ၊ မလေးရှား၊ စင်္ကာပူ၊ ဒူဘိုင်း၊ ဂျပန်၊ ကိုးရီးယားစတဲ့ နိုင်ငံအစိုးရတွေနဲ့ ကျွန်မတို့ ပြည်ထောင်စုအစိုးရကြား၊ ရွေ့ပြောင်းလုပ်သားဆိုင်ရာ ကာကွယ်စောင့်ရှောက်မှု နာလည်းမှုစာချွန်လွှာများ ခိုင်ခိုင်မာမာ တည်ဆောက်ထားနိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါရွေ့ပြောင်းလုပ်သား Policy အတွက်အရေးကြီးတဲ့ အဦးဆုံးခြေလှမ်းဖြစ်တယ်လို့ သုံးသပ်တင်ပြ လိုပါတယ်။ ဒုတိယအချက်အနေနဲ့ သွားရောက်အလုပ်လုပ်နေကြတဲ့ လုပ်သားများအတွက် နိုင်ငံသားစိစစ်ရေး၊ နိုင်ငံကူးလက်မှတ်နဲ့၊ အလုပ်လုပ်နိုင်ခွင့် ပါမစ် တို့ကို လွယ်ကူသက်သာစွာ ရရှိအောင် ဆောင်ရွက်ပေးဖို့နဲ့ နောက်ထပ် သွားရောက် လုပ်ကိုင်လိုကြတဲ့ လုပ်သားများအနေနဲ့ ပြည်ထောင်စုအစိုးရရဲ့ သက်ဆိုင်ရာ ဌာနများနဲ့ လွယ်လင့်တကူ ချိတ်ဆက်နိုင်ပြီး လိုအပ်တဲ့ သိမှတ်ဖွယ်ရာတွေကို ရှင်းလင်းပြောပြ ပညာပေးခြင်းတွေ ဆောင်ရွက်နိုင်တဲ့ အစီအမံများ ထားရှိဖို့ပဲဖြစ်ပါတယ်။ တတိယအချက်အနေနဲ့ ရွေ့ပြောင်းလုပ်သားများဟာ သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံများရဲ့ ဥပဒေဘောင်အတွင်း မိမိတို့ကို မိမိကာကွယ်နိုင်ဖို့ အလုပ်သမားအခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ အသိုင်းအဝန်းနဲ့ ချိတ်ဆက်နိုင်ဖို့ ရွေ့ပြောင်းလုပ်သားများ သမဂ္ဂဖွဲ့စည်းနိုင်ခွင့် ရရှိရေးအတွက် တွန်းအားပေး ဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ စတုတ္ထအနေနဲ့ ရွေ့ပြောင်းလုပ်သားများရဲ့ အရေးကို အမြဲမပြတ် လေ့လာစောင့်ကြည့်စေနိုင်မယ့် အစိုးရအဖွဲ့အစည်းတစ်ရပ်ကို သတ်သတ်မှတ်မှတ် ဖွဲ့စည်းပြီး အလားတူး အလုပ်သမား အရေးကို စောင့်ကြည့်ဖို့ အားပေးနေကြတဲ့ NGOs များ၊ INGOs များနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရေး အစီအမံတစ်ရပ်ကိုလည်း Policy မှာ မလွဲမသွေ ပါရှိသင့်ကြောင့် အကြံပြုပါတယ်။ ဒီလို အဖွဲ့အစည်းဟာ သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံရဲ့ မြို့ကြီးများနဲ့ သက်ဆိုင်ရာ မြန်မာသံရုံးများမှာတင် အခြေကျဆောင်ရွက်ခြင်းထက် ရွေ့ပြောင်းလုပ်သားများ အများအပြား လုပ်ဆောင်နေကြတဲ့ နယ်မြေဒေသ တွေမှာ လက်လှမ်းမီအောင်ထားရှိရမှာဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးရှင့်။ လတ်တလောအခြေအနေမှာ ကြုံရာ ဂျဘမ်း လုပ်ငန်းများကို သွားရောက်လုပ်ကိုင် နေကြတာများပေမယ့် တတ်၊သိ ပညာရှင်အဖြစ်သွားရောက်လုပ်ကိုင်နေကြရတဲ့ ပညာရှင်အချို့လည်းရှိပါတယ်။ အခုအခါမှာ ဦးနှောက် ယိုဆင်းမှုဖြစ်နေကြပေမဲ့ ကျွန်မတို့ရဲ့ ပြည်တွင်းမှာ တိုးတက်ဖြစ်ထွန်းအောင် ကြိုးစားဆောင်ရွက်နေတဲ့ နိုင်ငံရေး၊ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှု အရွေ့တစ်ခုကလည်းအမှန်တကယ်ပဲ ရွေ့နေတာ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ဘက်ပေါင်းစုံမူကြောင့် များမကြာမီ အနာဂတ်မှာ နိုင်ငံရေးအရ တိုးတက်ပြောင်းလဲမှုများနဲ့ လူမှုစီးပွားရေး တိုးတက်မှုများ ရှိလာတဲ့အခါမှာ ရွေ့ပြောင်းလုပ်သားများဟာ ပြန်လည်းစုဝေ လာကြမှာပဲ ဖြစ်ပါတယ်။ ဘယ်သူမှ ကိုယ်မြေ၊ ကိုယ်ရေး၊ ကိုယ်မိဘ၊ ကိုယ်ဆွေမျိုး များကို မခင်တွယ်ပဲ ရှိကြမှာ မဟုတ်ကြပါဘူး။ ဒီလိုပြန်လာတဲ့အခါမှာ နိုင်ငံတကာက အတွေ့အကြုံတွေ နည်းပညာတွေဟာ သူတို့နဲ့တူတူ ပြန်ပါလာကြမှာဖြစ်ပါတယ်။ အဲဒီအခါမှာ ကျွန်မတို့ Brain Gain ဆိုတဲ့ ဖြစ်စဉ်ပေါ်ထွန်းမှာ ဒါကြောင့်မို့ ရွေ့ပြောင်းလုပ်သားများ ဖြစ်နေပေမယ့် အနာဂတ်မှာ ပညာသည်အဖြစ်နဲ့ တိုင်းပြည်အကျိုးကို ပြည်လည်ထမ်းဆောင်နိုင်ကြမယ့် အလာအလားကောင်းတွေ ရှိသဖြင့်လည်း ကြိုတင်မှန်းဆ ထားတာဖြစ်ပါတယ်။ ဒါကြောင့်မို့လည်းပဲ သူတို့ကို ကာကွယ်၊ စောင့်ရှောက်၊ မွေးမြူ ထိန်းသိမ်း ပေးဖို့ လုပ်အပ်နေပါတယ်။ နိုင်ငံတော်ရဲ့ အရိပ်မိုးလွှမ်းပေးကြရမှာဖြစ်ပါတယ်။ အဲဒီအပြင်အခုအချိန်ကာလ မျိုးမှာပင်လျှင် ရွေ့ပြောင်းလုပ်သားများအနေနဲ့ ပြည်ပအိမ်ရှင်နိုင်ငံများမှာ သွားရောက်လုပ်ကိုင်ခြင်းနဲ့၊ မခင်နိုင်ငံသို့ ပြန်လည် ဝင်လာခြင်းတို့ကို လွယ်လွယ်ကူကူ လွန်းထိုးလွန်းပျံ သွားလာနိုင်အောင် Policy ထဲမှာ ပါဝင်နိုင်ဖို့လိုအပ်ပါတယ်။
ဥက္ကဋ္ဌကြီးရှင့်။ လာမဲ့ ၂၀၁၄ ခုနှစ်မှာ အာဆီယံရဲ့ ဥက္ကဋ္ဌဖြစ်လာတော့မယ့် ကျွန်မတို့နိုင်ငံအနေနဲ့ အခုကတည်းက ပြည်ပရောက် ကျွန်မတို့ရဲ့ နိုင်ငံသား ရွေ့ပြောင်းလုပ်သားများအတွက် လုံခြုံခိုင်မာတဲ့ ကာကွယ် စောင့်ရှောက်မှု ပေးနိုင်တဲ့ Policy တစ်ရပ် ရှိထားရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်းပဲ နိုင်ငံတော်အစိုးရအနေနဲ့ ရွေ့ပြောင်းလုပ်သား များရဲ့ ဘဝလုံခြုံ အာမခံရှိရေးအတွက် မူဝါဒတစ်ရပ် ဆောင်ရွက်ထားဖို့ လိုအပ်နေပြီဖြစ်ကြောင်း လေးလေးနက်နက် ထောက်ခံတင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်ရှင်။

No comments:

Post a Comment

My Blog List