Friday, August 10, 2012

အထက်ပေါင်းလောင်းဆည်ကြောင့် ဒေသခံနစ်နာမှုရှိကြောင်း ကယန်းလူငယ်အဖွဲ့ ရှင်းလင်းပြောဆို


၂၀၁၂ခုနှစ်ကုန်ပိုင်းတွင် အပြီးသတ် တည်ဆောက်မည်ဖြစ်သော သျှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်မှ အထက်ပေါင်းလောင်း ဆည် စီမံကိန်းကြောင့် ရွာ ၂၃ရွာမှာ အန္တရာယ်ကြုံတွေ့နိုင်ပြီး နစ်နာမှုများရှိနေကြောင်း ကယန်းမျိုးဆက်သစ်လူငယ်-KYNG က မန္တလေး မြို့၌ ယနေ့ ပြောဆိုလိုက်သည်။


မန္တလေးမြို့ ၇၁လမ်း၊ လမ်း ၃၀ထောင့်၊ ယူနီဆမ်လက်ဖက်ရည်ဆိုင်တွင် ပြုလုပ်ခဲ့သည့် KYNG ၏ သတင်းစာရှင်းလင်းပွဲ၌ အထက်ပေါင်း လောင်းဆည် တည်ဆောက်ခြင်းကြောင့် ရွာ ၂၃ရွာမှ လူ ၈ထောင်ကျော် ပြောင်းရွှေ့ရန်ရှိသလို မြေဧက ၆ထောင်ကျော် ပျက်စီးသွားနိုင် ကြောင်း ယင်းစီမံကိန်းကို စောင့်ကြည့်လေ့လာသည့် KYNG အတွင်းရေးမှူး ခွန်းဘီထူးက ရှင်းလင်းခဲ့သည်။

၎င်းအပြင် သူက “အစိုးရက ၀င်ရောက်ဆောင်ရွက်ပေးတာမျိုး မရှိဘူးဆိုရင် အဲဒီရေကာတာ အနီးတ၀ိုက်မှာရှိတဲ့ ရွာ ၂၃ရွာကို စည်းရုံးပြီး ၀ိုင်းဝန်းလက်မှတ်ထိုးမှုတွေ၊ သပိတ်မှောက်တာတွေ ဆက်လုပ်သွားမယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ဒီမိုကရက်တစ်မြန်မာအသံ-DVB အပါအ၀င် ပြည်တွင်းသတင်းဂျာနယ်များဖြစ်သည့် Popular News ၊ Myanmar Independence, Sky Net, Shwe Mandalay စသည့်သတင်းဌာန ၁၃ဖွဲ့ တက်ရောက်ခဲ့သည့် အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် KYNG မှ ခွန်းဘီထူး၊ မူထွေး ငယ်နှင့် ဒေသခံတဦးတို့က ရှင်းလင်းခဲ့ပြီး လာမည့်အပတ်တွင် ၎င်းဆည်ကိစ္စနှင့်ပတ်သက်၍ သမ္မတရုံး အပါအ၀င် ရန်ကုန်ရှိ သံရုံးများ၊ လျှပ်စစ်ဝန်ကြီးရုံး၊ လူ့အခွင့်အရေးကော်မရှင်ရုံးနှင့် သက်ဆိုင်ရာအစိုးရရုံးအချို့သို့ အိတ်ဖွင့်ပေးစာတစ်စောင် ပေးသွားမည်ဟု သိရသည်။

အလားတူ ပင်လောင်းမြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်အမတ် ခွန်းမောင်သောင်းက လက်ရှိ အထက်ပေါင်းလောင်းဆည် တည်ဆောက်ချိန်တွင် အစိုးရဘက်က လုပ်ဆောင်ပေးမှုများ၊ ကတိပေးမှုများအပေါ် ဒေသခံများ၏ မေးမြန်းထားမှုများနှင့်အတူ အိတ်ဖွင့် ပေးစာကိုလည်း တပြိုင်နက် ပေးပို့သွားရန်ရှိကြောင်း ခွန်းဘီထူးက ပြောသည်။

အထက်ပေါင်းလောင်းဆည်ဒေသရှိ ကျေးရွာများသည် အစိုးရနှင့် တာဝန်ရှိ အဖွဲ့ အစည်းများမှ ယခုနှစ်အတွင်း ဆည်ပိတ်ရေး၊ မပိတ်ရေး သတင်း အတိအကျ ထုတ်ပြန်ခြင်း မရှိသေးသည့်အတွက် ရေနစ်မြှုပ်ဧရိယာ ကျရောက်သော လယ်ယာမြေများကို ဒေသခံများက မစိုက် ပျိုးရဲကြသလို သက်ဆိုင်ရာ တာဝန်ရှိများကလည်း ယနေ့အထိ တာဝန်ယူ ဖြေရှင်းမပေးသေးကြောင်း ဇူလိုင်လ၌ KYNG က ပြောသည်။

၂၀၀၄-၂၀၀၅ခုနှစ်မှစ၍ အထက်ပေါင်းလောင်းဆည်ဆောက်လုပ်ရန် ဆွီဇလန်နိုင်ငံရှိ အေအက်ဖ် ကိုလင်ကို (AF Colenco) ကုမ္ပဏီကို ငှားရမ်း၍ ကြီးကြပ်စေခဲ့ပြီး လန်ဒန်အခြေစိုက် မဲလ်ကွမ်နှင့် လုပ်ဖော်ကိုင်ဖက် MDA အဖွဲ့နှင့် တရုတ်နိုင်ငံ၊ ယူနန်အကြီးစား စက်မှုပစ္စည်း များ ပြည်ပတင်ပို့ရေးကုမ္ပဏီ-YMEC တို့က စီမံကိန်းတွင် ပါဝင်လုပ်ဆောင်ခဲ့သည်ဟု ၂၀၁၁ခုနှစ်၊ ဇွန်လထုတ် KYNG အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက တရုတ်ကုမ္ပဏီများ၏ ငွေကြေးနှင့် တည်ဆောက်ရေး အကူအညီပံ့ပိုးမှုဖြင့် မန္တလေးတိုင်း၊ ပျဉ်း မနားမြို့နယ်တွင် ပေါင်းလောင်းမြစ်အောက်ဖက်ဆည်ကို ၂၀၀၅ခုနှစ်၊ မတ်လတွင် တည်ဆောက်ပြီးစီးခဲ့ပြီ ဖြစ်သည်။

No comments:

Post a Comment

My Blog List