Wednesday, August 08, 2012

လင်းရောင်နေခြည်မျှော်မိသည်မို့

~
house %picture
House in Myanmar. (Oil on board, 20 x 30 cm, 2009) http://www.marcdalessio.com
 
ဆွဲဆွဲငင်ငင် အူနေသော ခွေးတစ်ကောင်၏ အသံသည် ရွာဆန်သော သည်ရပ်ကွက်လေးအဖို့ ညနက်လေလေ တိတ်ဆိတ်ချောက်ချားဖွယ် ကောင်းလေလေ။
လူကြီးသူမတို့၏ အယူအဆအရသည်မျှကြာမြင့်စွာ ကြက်သီးထဖွယ်အူငင်နေမှတော့ အတိတ်နိမိတ်သည် သိပ်မကောင်းလှ။

နှစ်ခြိုက်စွာအိပ်မောကျနေသောကလေးငယ်များနှင့် ခေတ်ကာလအရ အယူသီးမှု မရှိသောလူငယ်များအတွက် သည်ညတာသည် ပုံမှန်ဖြတ်ကျော်နေကျ ညလေးတစ်ည။
ရပ်ကွက်ရာအိမ်မှူး ဦးသာမောင်အတွက်ကားပုံမှန်ညလေးမဟုတ်ချေ။ ဦးသာမောင်တို့လို လူကြီးပိုင်းတွေအတွက်လည်း သည်အတိုင်း။
ခွေးတစ်ကောင်အူခြင်းကား အဆန်းမဟုတ်သော်လည်း သည်မျှကြာရှည်ခြင်းနှင့် ဆွဲငင်ပုံတို့မှာ ဆန်းနေသည်။ ရပ်ကွက်အတွင်း မည်သူမျှ တစ်စုံတစ်ရာမဖြစ်ပါစေနှင့်ဟုသာ ဦးသာမောင် ရင်မောဆုတောင်းနေမိသည်။
ခွေးအူသံကား မူလတန်းကျောင်းလေးဘက်မှအသံ။ ထိုအချိန်ထိုနေရာတဝိုက်တွင်လည်း မည်သူမျှရှိနေလိမ့်မည်မထင်။
ခွေးအားဟန့်တားဖို့ကိုမဆိုထားဘိ။ ရှိနေဖို့ပင် မ၀ံ့ရဲဟု ဦးသာမောင်တွေးနေမိသည်။ အတွေးမဆုံးခင်မှာပင် ခွေးအူသံမှာ တစ်စတစ်စရပ်စဲသွားသည်။
ဦးသာမောင်စိတ်အေးသွားကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်တော့မည့် ဟန်ပြင်သည်။
ဇနီးဖြစ်သူမဖွားသက်ဆီမှ သက်ပြင်းချသံသဲ့သဲ့လည်းကြားလိုက်ရသည်။ သူမလည်း တစ်ခုခုကိုလန့်ထိတ်နေဟန်ရှိသည်မှ စိတ်အေးသွားပုံကိုထင်သာစေသည်။ စက္ကန့်လက်တံရွေ့လျားသံသည်ပင် အချိန်ကြာကြာ ခရီးမဆက်လိုက်ရ။ လူတစ်စု၏ တီးတိုးတီးတိုးပြောသံများ နှင့်အတူ ဦးသာမောင်နာမည် ခေါ်၍ အိမ်တံခါးခေါက်နေသံကို ကြားလိုက်ရသည်။

`အင်း... ရပ်ရေးရွားရေးတော့ ပေါ်ပြီထင်တယ် မဖွားသက်ရေ’
ဟု ဆိုကာ အကြောင်းအရာကိုစုံစမ်းနားထောင်ရန် မင်းတုပ်ကို ဖွင့်ပေးလိုက်သည်။
စစချင်းတွေ့လိုက်ရသည်က ကာလသားခေါင်းဆောင် မောင်မြင့်လွင်။ ဦးသာမောင်အမေးကိုပင်မစောင့် အဖြေကို တန်းပြောပြောတော့သည်။

‘ကိုစိန်တင့် ခုလေးတင်ဆုံးသွားလို့ ဦးလေးရေ။ အဲဒါ ဦးလေးကို လာခေါ်တာ။ ’

ကိုစိန်တင့် . . . .ဦးသာမောင် ရုတ်တရက်တွေ ဝေနေပြီးမှ တအံ့တသြစကားဆက်ရသည်။

‘ဟေ ... မလေးရှားမှာ အလုပ်သွားလုပ်တဲ့ တို့ကိုစိန်တင့်ကြီးလားကွ၊ သူပြန်ရောက်တာ ငါလည်းမကြားပါလား၊ အဲဒီစိန်တင့် ဟုတ်ရဲ့လားကွာ’

‘ဟုတ်ပါတယ် ဦးလေးရယ်၊ ဟိုအိမ်ရောက်မှ အကြောင်းစုံ ပြောပြတော့မယ်၊ လုပ်စရာတွေရှိသေးတယ်ဗျ၊ သူ့သမီးတွေကလည်း မလုပ်တတ်မကိုင်တတ်နဲ့၊ လာ လာ ... ဦးလေး၊ မီးစက်ငှားတဲ့အိမ် ကျွန်တော်တို့အရင်ဝင်ရမယ်။ ’

ကိစ္စဝိစ္စလုပ်ဆောင်ရင်း အသုဘအိမ်ရောက်တော့ ဦးသာမောင်တွေ့လိုက်ရသည်က ရပ်ရွာအရေး မခိုမကပ် ကူညီပေးတတ်သော ကိုစိန်တင့်။
သည်နယ်သား မဟုတ်သော်လည်းတောရွာဆန်ဆန် သည်အသိုက်အဝန်းလေးကို ခင်မင်တွယ်တာလှပါသည် ဆိုသောကိုစိန်တင့်မှ ကိုစိန်တင့်အစစ်။
သို့သော် မျက်နှာပြင်ကား သေမင်းခေါ်ချိန် ဝေဒနာကို နောက်ဆုံးတွန်းလှန်တိုက်ခိုက် ထားရသည့်ဟန်။
ဝေဒနာ၏အရိပ်အရောင်သည် မျက်နှာပြင်တစ်ခွင် ရိပ်သန်းအုပ်မိုးလျက်။
သွားခါစက အားမာန်အပြည့်ဖြင့် သန်စွမ်း ကြံ့ခိုင်နေသောသူ့ခန္ဓာကိုယ်သည် ယခုတော့ ပိန်လှီကြုံသွယ်နေပြီ။
ကူရင်းလုပ်ရင်းကိုစိန်တင့် ပြန်ရောက်နေမှန်းလည်း မသိလိုက်ရကြောင်း မောင်မြင့်လွင်ကိုမေးကြည့်သောအခါ . . .

‘ဘယ်သူမှတောင် သိလိုက်တာ မဟုတ်ဘူးဦးလေးရဲ့။ အခု လူလိုက်ခေါ်တော့မှ အကုန်လုံး တအံ့တသြရှိနေကြတာ။
ကိုစိန်တင့်က ဒီညနေလေးနာရီကျော်ကျော်လောက် ပြန်ရောက်လာပြီး၊ ခုတော်ကြာလေးကမှ ဆုံးသွားတာ၊ သူရောက်လာမယ်မှန်း သူ့ညီမနဲ့၊ သူ့သမီးတွေပဲသိတာ။
ပြီးတော့ ဒီလိုမြန်မြန်ဆုံးပါးသွားလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားဘူးလေ’

‘ဒါနဲ့ သူ့မိန်းမ မမြိုင်ကကော’

‘ဦးလေးကို လာမခေါ်ခင်လေးပဲ အဲဒီအကြောင်းတွေ တစ်ယောက်တစ်ပေါက် ပြောနေကြတာ။ နေဦး ဦးလေး ... ဒီမှာခဏထိုင်ဦး၊ ကျွန်တော် ဟိုကောင်တွေ အလုပ်ပြီးလို့ ဝိုင်းချင်နေကြတယ်။ ကျွန်တော်စီစဉ်ပေးပြီးခုပြန်လာခဲ့မယ်။ ’

‘အေးအေး’
ဟု စကားပြန်လိုက်ကာ ဦးသာမောင်တစ်ယောက် သူသိသော ကိုစိန်တင့်အကြောင်း ပြန်တွေးနေမိသည်။
လွန်ခဲ့သောငါးနှစ်ခန့်ကစ၍ ကိုစိန်တင့်တို့မိသားစု စီးပွားရေးအခြေအနေ တစ်စတစ်စယိမ်းယိုင်လာခဲ့သည်။ ဆိုင်ကယ်တက္ကစီဆွဲသည့် ဝင်ငွေ၊ သူ့မိန်းမမမြိုင် ကျောင်းဈေးရောင်းသည့် ဝင်ငွေနှစ်ခုပေါင်းသည်ပင် အိမ်အတွက် လုံးလုံးလျားလျား မရပ်တည်နိုင်ခဲ့။
မွေးထားသည်ကလည်း သမီးမိန်းကလေးကများ၊ သားယောက်ျားရပြန်တော့ ကျောင်းနေအရွယ် မူလတန်းငယ်။ သည်ကြားထဲ ကိုစိန်တင့်က ရပ်ရေးရွာရေး ဆိုလက်နှေးတတ်သူမဟုတ်။ ကြာတော့မမြိုင်နှင့် ကတောက်ကဆ မကြာခဏဖြစ်ရသည်။ ကိုစိန်တင့်က စိတ်ညစ်လာလျှင် အရက်နှင့် စိတ်ဖြေတတ်သူမဟုတ်။ ကြံရာမရ ဖြစ်လာလျှင် ဆေးလိပ်သာ တနေကုန် ထိုင်ဖွာနေတော့သည်။

ထိုအတောအတွင်း မလေးရှားသွားသည့် သူများအိမ်ကို ငွေပို့နိုင်ကြောင်းများ၊ အိမ်ကမိသားစုများ ရွှေစ၊ငွေစလေးများ ဆင်လာနိုင်သည်များကို ကိုစိန်တင့် မြင်တွေ့ကြားသိလာရသည်။ ကိုစိန်တင့်နှင့် လက်ဖက်ရည်ဆိုင်မှာတွေ့စဉ်က ဦးသာမောင်ကို ပြောပြခဲ့သည့် စကားများကို ဦးသာမောင် ပြန်ကြားယောင်နေမိသည်။

‘ကျွန်တော် ဒီရပ်၊ ဒီရွာလေးကို သိပ်သဘောကျတယ် ဦးလေး၊ ဒါတောင် ကျွန်တော်ကြီးပြင်းခဲ့တဲ့ ချက်မြှုပ်ဇာတိ မဟုတ်သေးဘူးနော်၊ ကျွန်တော့်မိသားစု အသိုက်အဝန်းလေးနဲ့၊ ဘယ်လောက်ကျဉ်းတယ်ဆိုဆို ကိုယ့်ခြံစည်းရိုးလေးနဲ့၊ ကိုယ့်သစ်ရိပ်၊ ဝါးရိပ်နဲ့ ကျွန်တော့် မြေကို ကျွန်တော် သိပ်ချစ်တယ်၊ သိပ်လည်း တွယ်တာမိတယ်။ ဒါပေမယ့်ဦးလေးရယ် ကျွန်တော့်ဇနီးနဲ့ သမီးလေးတွေကို သူများထားသလို မထားနိုင်ရင်၊ သူများဆင်သလို မဆင်ပေးနိုင်ရင် ကျွန်တော့်ရင်မှာ မချိလှဘူးဗျာ။
ခုလည်း ဒီမှာ အဆင်သိပ်မပြေတော့ မလေးကိုသွားပြီး စွန့်စားကြည့်မလားလို့။ ပွဲစားတွေနဲ့လည်း ဆက်သွယ်ထားတယ်။ အလုပ်ရမယ်လို့လည်း အာမခံကြတယ်ဗျ။ ကျွန်တော့်မိသားစုလေးကို သိပ်ချစ်ပေမယ့် ခဏတော့ခွဲရမှာပေါ့။ ဒီမှာကြည့် ဦးလေးသာမောင်။ ကျွန်တော် ပြောရဲတယ်။
ကျွန်တော်ပြန်လာရင်လေ ဘေးကမြေလွတ်တွေကိုဝယ်ပြီး ခြံအကျယ်ကြီးချဲ့မယ်။ စဉ်းစားကြည့်ဗျာ သီးပင်၊စားပင် ဥယျာဉ်တစ်ခင်းနဲ့ ကျွန်တော့်ခြံကြီးကို။ ပြီးတော့ ပြန်လာရင်ကျွန်တော့်သမီးလေးတွေ အပျိုပေါက်ဖြစ်ပြီ၊ စိန်တွေ ရွှေတွေ ဆင်ပေးစမ်းဗျာ။ သူတို့အတွက်ပဲ ကျွန်တော်ရှာထားတာ။ စိန်တင့်သမီးကိုလိုချင်လို့ လာတောင်းတဲ့သားရှင်တွေကိုစိန်တင့်တို့ကဟောဒီလိုတောင် မိန့်မိန့်ကြီး ကြည့်ပြလိုက်ဦးမှာ ဦးလေးသာမောင်ရဲ့’

ဆေးလိပ်ကို ရှိုက်ရင်းဖွာရင်း အားတက်သရော ပြောနေသော လွန်ခဲ့သည့်ငါးနှစ်ခန့်က ကိုစိန်တင့်ကို ပြန်မြင်ယောင်နေမိသည်။ ထိုအချိန်တုန်းကတော့ ကိုစိန်တင့်ပုံက အားနှင့်မာန်နှင့် ပြီးတော့ မျက်ဝန်းထဲကမျက်ရည်စလေးတွေနှင့်။ သူမလေးကိုထွက်သွားပြီး နှစ်နှစ်လောက်ကြာတော့ မမြိုင်လိုက်သွားသည်ကိုကြားရသည်။ အဆင်ပြေ၍ လှမ်းခေါ်သည်လား၊ အခြားအကြောင်းကြောင့်လား ဆိုသည်ကိုတော့ ဦးသာမောင်လည်း သေချာ မသိလိုက်။
ဦးသာမောင် သူတို့အိမ်ရှေ့ဖြတ်သွားတိုင်းတော့ တူ၊ တူမတွေကို ထိန်းကျောင်း စောင့်ရှောက်နေသော ကိုစိန်တင့်ညီမဖြစ်သူကိုသာ ခဏတဖြုတ်တွေ့ရလေ့ရှိသည်။
ကိုစိန်တင့်တို့ လင်မယား သာကြောင်းမာကြောင်း ကြုံကြိုက်၍မေးကြည့်မိတော့ ကိုစိန်တင့် မလေးမှာသိပ်နေမကောင်း ဆိုတာလောက်သာ သိရသည်။ ဒါသည်ပင် တစ်နှစ်ခန့် ရှိတော့မည်။ ခုတော့ အားမတန်၍ မာန်လျှော့ခဲ့လေပြီလား ကိုစိန်တင့်ဟုရင်နင့်စွာ မေးခွန်းထုတ်ချင်နေမိသည်။ အတွေးတို့ အတန်ကြာခရီးနှင်ပြီးချိန်မှာပင် မောင်မြင့်လွင် ပြန်ပေါ်လာသည်။

‘ကဲ ... ဦးလေးရေ ... ကိစ္စတွေတော့ အတော်အတန်ပြီးပြီ။ မမြိုင်က မလေးမှာပဲ ဦးလေးရဲ့။ ကိုစိန်တင့်က မလေးမှာကတည်းက ဆေးရုံနှစ်ပတ်လောက် တက်လိုက်သေးတယ် တဲ့။ ရောဂါက အဆုတ်ကင်ဆာ၊ အသည်းထိတောင်ရောက်နေတာဆိုတော့ ရောဂါကျွမ်းနေပြီဆိုတဲ့ သဘောပေါ့။
ဟိုမှာကတည်းက လူက ယဲ့ယဲ့လေးပဲ ကျန်တော့တယ် တဲ့။ အဲဒါကိုတောင် သူ့ရောဂါအခြေအနေ သူသိတော့ သေချင်းသေ သူ ရေခြားမြေခြားမှာ မသေနိုင်ဘူး ဆိုပြီး လုပ်ပါလေရော။ ရောဂါကလည်း လက်လျှော့ထားရတဲ့ အဆင့် ဆိုတော့ သူ့ဆန္ဒကို လိုက်လျောဖို့ပဲမမြိုင်ကစီစဉ်လိုက်ရတယ်။ ဖြစ်ချင်တော့ မမြိုင်က အလုပ်ကနေ ခွင့်ယူပြီး သူ့ကိုလိုက်ပို့ဖို့ အခြေအနေမပေးဘူး။
သူရောဂါဖြစ်တုန်းက စရိတ်စကတွေအတွက် ကြိုယူငွေတွေ ရှိနေတော့ မမြိုင်ကို အလုပ်က ခွင့်ပေးဖို့ မဖြစ်နိုင်ဘူး တဲ့။
ဒါနဲ့ မမြိုင်လည်း ဒီကသမီးတွေ ညီမတွေဆီ ဖုန်းဆက်ပြီး ကိုစိန်တင့်ပြန်လာမယ့်အကြောင်း၊ ရောဂါအခြေအနေ ဆိုးရွားနေကြောင်းလွန်ခဲ့တဲ့ ၄၊ ၅ ရက်လောက်က ပြောထားတယ် တဲ့။ ပြီးတော့ ပွဲစားကနေတဆင့် ဆက်သွယ်ပြီး ၃ရက်အတွင်း အရောက်ပြန်လာနိုင်ဖို့ စီစဉ်ခဲ့တယ်တဲ့။ အဲဒီအချိန်ထိ ကိုစိန်တင့်ဟာ ဒီလောက် နာမကျန်း ဖြစ်နေတဲ့ကြားက ပြည်တော်ပြန်ဖို့ အားတင်းပြခဲ့ပုံရတယ်။ မလာနိုင်လောက်တဲ့ အခြေအနေဆို ဘယ်သူက လွှတ်ဦးတော့မှာလဲ ဦးလေးရယ်။
ဖြစ်ချင်တော့ သူတို့ပြောတာ အောက်လမ်းက ဆိုလား လာရတော့ ခရီးက ပွဲစားနဲ့ ညှိနှိုင်းထားခဲ့သလို ၃ ရက် မဟုတ်ဘဲ ၅ ရက် ကြာသွားခဲ့တယ်။ ကားတစ်တန်၊ လှေတစ်တန်နဲ့ မြန်မာနိုင်ငံထဲ ရောက်တော့ လူက မြော့မြော့ပဲရှိတော့တယ်တဲ့။ ဒါတောင် သူဒီမြို့ကိုလာမယ့် လေယာဉ်စီးဖို့ စောင့်နေတုန်း ပွဲစားကို ကျွန်တော် အိမ်ပြန်ရောက်တော့မှာပေါ့နော် လို့မေးပြောပြောရှာတယ် တဲ့။
ပြီးတော့ လေယာဉ်ပေါ်မှာလည်း ပြောသေးတယ်။ ရပ်ကွက်ထဲက မူလတန်းကျောင်းလေးအတွက် သွပ်တွေ လှူဖို့ မလေးကိုမသွားခင် ပြောထားတာရှိတယ်။ အဲဒါမမြိုင်ကို ဖုန်းဆက်ရင် သွပ်ပြားလှူဖို့ပါ ထည့်ပြောပေးပါလို့ မှာသွားရှာတယ် တဲ့။ လေယာဉ်ပေါ်က ဆင်းတော့ အခြေအနေ လုံးဝ မဟန်တော့ဘူးလို့ ပြောတယ်။ ဘာပဲပြောပြောပေါ့ ဦးလေးရယ် နောက်ဆုံး ဖြေတွေးလေး တွေးရရင်တော့ သူ့အိမ်သူ့ရာမှာ နာရီပိုင်းလေးတော့ နားနေခွင့် ရသွားခဲ့တယ်ပဲ ဆိုရတော့မှာပေါ့’

တမေ့တမြော နားထောင်နေသော ဦးသာမောင်မှာဝေ့ဝဲလာသော မျက်ရည်စများကို မျက်တောင်များပုတ်ခတ် ကာသာထိန်းသိမ်း နေရသည်။ ကိုယ်တွင်းဝေဒနာသည်၊ မြေကိုချစ်သောဝေဒနာကိုတော့ မငြင်းဆန်နိုင်ခဲ့။ ကိုစိန်တင့်ကိုဆယ်(လ)မွန်ငါးများကဲ့သို့ အိမ်ပြန်ရောက်စေချင်သည်။ သို့သော် ဆင်များ ဆင်သင်္ချိုင်းရှိရာ မရောက်ရောက်အောင် ပြန်သကဲ့သို့သာ ကိုစိန်တင့်အဖြစ်က ဆိုးခဲ့ရသည်။
ဦးသာမောင် ဆက်၍တွေးနေမိသည်။ အရပ်လူကြီးတစ်ဦးအနေဖြင့် ဦးသာမောင် အမိမြေ၊ အမိရေကိုသိပ်ချစ်ကြောင်း ပါးစပ်မှ တဖွဲ့တနွဲ့ ပြောခဲ့ဖူးသည်။ နှလုံးသည်းပွတ်ထဲမှ လာသောစကားလည်းဖြစ်သည်။ တကယ့်တကယ်နှိုင်းယှဉ်လာလျှင် မြန်မာပြည်ကြီးကိုမဆိုထားနှင့် သည်ရပ်သည်ရွာလေးကိုပင် ကိုစိန်တင့်လောက် မိမိချစ်မြတ်နိုးကာ တွယ်တာနိုင်ပါမည်လား။
မိမိကိုယ်မိမိ မေးခွန်းအတွေးများ ဝင်နေစဉ်မှာပင် ညဦးအစက ကြားခဲ့ရသော မူလတန်းကျောင်းလေးဘက်မှ ဆွဲငင်စူးရှလှသည့် ခွေးအူသံရှည်တစ်ခုကို အိပ်မပျော်သေးသော လူများအားလုံး ကျောချမ်းလောက်အောင် တဒင်္ဂ ထပ်ကြားလိုက်ရသည်။

‘ကိုစိန်တင့်ရေခင်ဗျားချစ်တဲ့မြေ၊ ခင်ဗျားချစ်လှတဲ့ မိသားစုရဲ့ ရင်ခွင်မှာ ခင်ဗျား လဲလျောင်း ခေါင်းချခွင့်ရခဲ့ပါပြီ။ ကိုစိန်တင့် ရည်စူးထားတဲ့ မူလတန်းကျောင်းလေးရဲ့အလှူကို ကျွန်တော်တို့တတွေ မပျက်မကွက် လှူတန်းပေးပါ့မယ်။ သံသရာက မကျွတ်လွတ်သေးခဲ့ရင်လည်း ဖြစ်လေရာ ဘဝတိုင်းမှာ ကိုစိန်တင့်တစ်ယောက် ကိုယ့်မြေ၊ကိုယ့်ရေမှာ ကိုယ့်ချစ်တဲ့သူတွေနဲ့ မခွဲမခွာမကွဲမကွာ သေတပန် သက်တဆုံး ကျန်းမာ၊ ချမ်းသာစွာ နေရတဲ့သူဖြစ်နိုင်ပါစေဗျာ။
သာရေး၊ နာရေး သယ်ပိုးပေးခဲ့တဲ့ ကိုစိန်တင့်ရဲ့ကုသိုလ်လေးတွေကို ရည်မှန်းလို့ ကိုစိန်တင့်ရေ အမျှ . . .အမျှ . . .အမျှ ပါဗျာ . . .’

ဦးသာမောင်၏ နှုတ်မှတီးတိုးရေရွတ် အမျှပေးသံအဆုံး၌ ခွေးအူသံသည် လွင့်မျော ပျောက်ကွယ်သွားပြီး လင်းကြက်တို့၏ အရုဏ်ကြိုသံကို ကြားကြရလေသည်။ ။

No comments:

Post a Comment

My Blog List