Thursday, December 10, 2015

အနာဂါတ် ဆွေးနွေးပွဲများအတွက် ၉ ဦးပါ ကော်မတီအသစ်ကို UNFC ဖွဲ့စည်း


ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ် ကောင်စီ(UNFC) ၏ နှစ်ပတ်လည် မျက်နှာစုံညီ အစည်းအဝေး၌ ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် ၉ ဦး ပါဝင်သော 'နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဖြေရှင်းရေး ကော်မတီ'ကို ဖွဲ့စည်းလိုက်သည်။ ဥက္ကဌ အဖြစ် မွန်ပြည်သစ်ပါတီမှ နိုင်ဟံသာ၊ အတွင်းရေးမှူး အဖြစ် ကရင်နီအမျိုးသား တိုးတက်ရေးပါတီမှ ခူဦးရယ် တို့ အပါအဝင် ၉ ဦး ကော်မတီကို ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်ရန် ဖွဲ့စည်းရခြင်းဖြစ်သည် ဟု ဥက္ကဌ နိုင်ဟံသာက မဇ္စျိမကို ပြောသည်။
တက်လာမည့် အစိုးရသစ်နှင့် နိုင်ငံရေးဆွေးနွေးပွဲကြီး ဖြစ်ပေါ်လာရေးအတွက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၊ နှစ်ဖက်တပ်များ လိုက်နာရမည့် စည်းမျဉ်းများ၊ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင် ညှိနှိုင်းရေးနှင့် အခြား မဟာမိတ်အဖွဲ့အစည်းများနှင့် ဆက်လက် ညှိနှိုင်းနိုင်ရေးအတွက် ဖွဲ့စည်းထားခြင်း ဖြစ်သည်ဟု ဆိုသည်။

နိုင်ဟံသာက “ပြည်တွင်းငြိမ်းချမ်းရေးအတွက် အဓိကအားဖြင့် နိုင်ငံရေးဆွေးနွေးပွဲကြီး ဖြစ်ပေါ်လာဖို့အတွက် ပြင်ဆင်ရေး အပိုင်းမှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်ဆိုင်းရေး၊ ဂျေအမ်စီ၊ စီအိုစီတို့မှာ ညှိနှိုင်းဖို့၊ မူဘောင်ညှိတဲ့ ကိစ္စတွေမှာ လိုအပ်မယ်ဆိုရင် တခြားမဟာမိတ်အဖွဲ့တွေနဲ့ ညှိနှိုင်းသွားဖို့ ဆိုတဲ့ကိစ္စတွေ အပါအဝင် ဖြစ်တယ်။” ဟု သူက ပြောသည်။

'နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဖြေရှင်းရေး ကော်မတီ' ကို UNFC အဖွဲ့ဝင်တိုင်းမှ တစ်ဦးစီ ပါဝင်သည်။ တခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများလည်း ပါဝင်လာနိုင်ရန် တံခါးဖွင့်ထားသည်ဟု နိုင်ဟံသာက ပြောသည်။

“အရင်က NCCT အနေနဲ့၊ SD အနေနဲ့ ဆွေးနွေးခဲ့တယ်။ NCCT မှာလည်း ကွဲသွားပြီဆိုတဲ့ သဘောပေါ့နော်။ ဟိုဘက်မှာ လည်း တချို့ပါသွားတယ်။ ဒီဘက်မှာလည်း တချို့ကျန်နေတယ်။ SD ဆိုတာလည်း ဆွေးနွေးပြီး ဖျက်သိမ်းလိုက်ပြီ။ NCCT အနေနဲ့လည်း မသုံးသင့်တော့ဘူး။ ဒါကြောင့် ကျန်နေတဲ့အဖွဲ့တွေကိုဘဲ ကိုယ်စားပြုပြီးတော့မှ ဆက်လက် ဆွေးနွေး သွားနိုင်ဖို့ အဖွဲ့အသစ်ကို ဖွဲ့ခြင်းရခြင်းဖြစ်တယ်။” ဟု သူက ပြောသည်။

ထို့ပြင် UNFC အနေဖြင့် ငြိမ်းချမ်းရေးဆက်လက် အကောင်အထည်ဖော်ရန် အပါအဝင် ရှေ့လုပ်ငန်းစဉ် ၅ ချက်ကို ချမှတ်ခဲ့ပြီး၊ UNFC မှ ဌာန ၆ ခု၏ လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့သည်ဟု သိရသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဒီဇင်ဘာလ ၇ ရက်မှ ၁၀ ရက်ထိ လေးရက်ကြာ ကျင်းပနေသော UNFC မျက်နှာစုံညီ အစည်းအဝေးတွင် ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ပအိုဝ့်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့ကို အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းကြောင်းလည်း ဆုံးဖြတ်ခဲ့ကြသည်။

ယာယီရပ်ဆိုင်းလိုက်သည့် အဖွဲ့နှစ်ဖွဲ့မှ တာဝန်ယူခဲ့သော UNFC တွဲဘက်အတွင်းရေးမှူး (၁) နေရာအတွက် ရခိုင်အမျိုးသားကောင်စီ (ANC) မှ ဦးထွန်းဇော် နှင့် တွဲဘက်အတွင်းရေးမှူး (၂) နေရာအတွက် တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PSLF) မှ တာဘန်လ တို့ကို အသီးသီး ရွေးကောက်တင်မြောက်ခဲ့သည်။

Mizzima - News in Burmese


No comments:

Post a Comment

My Blog List