Tuesday, December 08, 2015

အခြေခံပညာအဆင့် သင်ကြားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ သဘောထား စစ်တမ်း သုံးလတစ်ကြိမ် ကောက်ယူမည်


အခြေခံပညာအဆင့် သင်ကြားရေး၊ စီမံခန့်ခွဲမှုဆိုင်ရာ သဘောထားစစ်တမ်း ဖြေဆိုခြင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ဦးဆောင်၍ သုံးလတစ်ကြိမ် ကောက်ယူမည်ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က ပြောကြား သည်။
သင်ကြားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာများ ပိုမိုကောင်းမွန်စေရန်နှင့် ပညာရေး ပြုပြင်ပြောင်းလဲရေး အထောက်အကူ ဖြစ်စေမည့် သဘောထားအမြင်များကို အချင်းချင်း ဖလှယ်နိုင်စေရန် ရည်ရွယ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်ထံမှ သိရှိရသည်။

ယင်းသို့ သုံးလတစ်ကြိမ် ပြုလုပ်ရန် စီစဉ်ထားပြီး ပထမအကြိမ်အဖြစ် ဒီဇင်ဘာလ ၆ ရက်ကစ၍ ဖြေဆိုရမည့် သဘောထားစစ်တမ်း မေးခွန်း ဆယ်ခုကို အခြေခံ ဆရာ၊ ဆရာမများ ရင်ဖွင့်ရာ ဖေ့စ်ဘွတ်စာမျက်နှာနှင့် အဖွဲ့ချုပ် စာမျက်နှာတွင် ဆယ်ရက်ကြာ ကြေညာထားမည် ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ်ထံမှ သိရှိရသည်။

“သုံးလတစ်ကြိမ် လုပ်မယ်။ ခုကတော့ ပထမဆုံးအကြိမ်ပေါ့။ ဥပမာ- တစ်ယောက်ဖြေထားရင် အဲဒီတစ်ယောက် ဖြေထားတဲ့ အဖြေကို အကဲဖြတ်ဒိုင် ခုနစ်ယောက်လုံးဆီကို ပို့မယ်။ ဒိုင်ခုနစ်ယောက်က ပေးထားတဲ့ အမှတ်ကို စုစုပေါင်းပြီးတော့ ခုနစ်နဲ့ စားမယ်။ ပျမ်းမျှရှာမယ်။ အကောင်းဆုံးပေးမယ်” ဟု ဒေါက်တာဇော်မျိုးလှိုင်က ပြောကြားသည်။

ပထမအကြိမ် သဘောထားစစ်တမ်း မေးခွန်းဆယ်ခုမှာ ဆရာ၊ ဆရာမအဖြစ် အသက်မွေးရန် ရွေးချယ်ခဲ့ရသည့် အကြောင်း၊ အတန်းပိုင်အဖြစ် ပထမဆုံး တာဝန်ယူရမည်ဆိုလျှင် အောင်မြင်သော အတန်းပိုင်ဆရာ၊ ဆရာမ တစ်ယောက် ဖြစ်စေရန် မည်သည့်အချက်များကို အခြေခံဆောင်ရွက်ရမည်၊ ကျောင်းအုပ်နှင့် လက်ထောက်ဆရာများ၏ ဆက်ဆံရေးကောင်းခြင်း၊ မကောင်းခြင်းသည် ကျောင်းတစ်ကျောင်း၏ ပုံရိပ်ကို ထင်ဟပ်စေသလား စသည့် မေးခွန်းတို့ ဖြစ်သည်။

ထို့ပြင် ဆရာ ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ် အားနည်းသော မိဘများ ရှိခဲ့ပါက ထိုသူတို့နှင့် လက်တွဲပြီး ကလေးများ၏ ပညာရေး တိုးတက်စေရန် မည်သို့ဆောင်ရွက်မည်၊ ဆရာ၊ တပည့် အချိုးအစား မညီမျှခြင်း ရလဒ်၊ ပညာရေးဌာန၏ လုပ်ပိုင်ခွင့်ရှိသူတစ်ဦး ဖြစ်လျှင် ပညာရေး တိုးတက်စေရန် လုပ်သင့်သည်ဟု ယုံကြည်သော အဓိကအချက် (၅) ချက် စသည့် မေးခွန်းများဖြစ်သည်။

ထို့နောက် နှေးကွေးသော ကလေးများကို မည်သို့သင်ကြားမည်၊ ဆရာ၊ ဆရာမများ နိုင်ငံရေးတွင် ပါဝင်ပတ်သက်သင့်၊ မသင့်၊ ကျူရှင်စနစ် ရှိနေခြင်း အကောင်းအဆိုး ယူဆချက်၊ ကျောင်းတွင်းသင်ခန်းစာနှင့် ပြင်ပစာပေရေးရာကို ဘက်မျှစွာ လေ့လာခြင်း၏ အကျိုးကျေးဇူးများ ဖြေဆိုရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

ယင်းသို့ စစ်တမ်း ဖြေဆိုယှဉ်ပြိုင်မှုနှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် အတွင်းမှ မူလတန်းပြ ဆရာမ ဒေါ်နီနီဝင်းက “ဆရာ၊ ဆရာမတွေ အရည်အသွေးကို ထုတ်ပြတာလည်း ဖြစ်တဲ့အတွက် ကောင်းတယ်။ နိုင်ငံရေးနဲ့ ပတ်သက်သင့်၊ မသင့် ဆိုတာကလည်း ဆရာ၊ ဆရာမတွေဆိုတာ နိုင်ငံ့အရေး လုပ်နေတာပဲ။ ပတ်သက်သင့်တာပဲ” ဟု မှတ်ချက်ပြု ပြောကြားသည်။

မေးခွန်းဆယ်ခုကို အစိုးရကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များတွင် မူလတန်းပြမှ အထက်တန်းကျောင်းအုပ် အဆင့်အထိ တာဝန်ထမ်း ဆောင်နေသူများ၊ တန်းပြဆင်းနေသော ဆရာ၊ ဆရာမများ၊ ပုဂ္ဂလိက ကျောင်းများတွင် သင်ကြားခွင့် လိုင်စင်ရ ဆရာ၊ ဆရာမများ ဖြေဆိုနိုင် ကြောင်း ယင်းအဖွဲ့ချုပ်ထံမှ သိရှိရသည်။

ဖြေဆိုသူများသည် အမည်၊ ရာထူး၊ ကျောင်း၊ ဖုန်းနံပါတ်များ ဖော်ပြကာ ဒီဇင်ဘာလ ၂၅ ရက် နောက်ဆုံးအဖြေလွှာများ ပေးပို့ရမည်ဖြစ်ပြီး ပုဂ္ဂလိက ကျောင်းဆရာ၊ ဆရာမများ ဖြစ်ပါက သင်ကြားခွင့်ရလိုင်စင်ကို ဓာတ်ပုံ ရိုက်ကာ ပူးတွဲပေးပို့ရမည်ဟု ယင်းအဖွဲ့ချုပ်က ထုတ်ပြန်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List