Friday, December 11, 2015

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း)သန်းရွှေတို့တွေ့ဆုံမှု အသွင်ကူးပြောင်းရေးကို ဩဇာသက်ရောက်မည်မဟုတ်ဟု ဦးရဲထွဋ်ပြောကြား


ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အငြိမ်းစားတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့တွေ့ဆုံမှုသည် ငြိမ်းချမ်းစွာအသွင်ကူးပြောင်းရေးကို ဩဇာသက်ရောက်မည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတ၏ပြောရေးဆိုခွင့်ရ ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က ပြောကြားသည်။

“အဲဒီတွေ့ဆုံမှုကြောင့်လည်း ကျွန်တော်တို့ရဲ့ကူးပြောင်းရေး၊ ငြိမ်းချမ်းစွာတာဝန်လွှဲပြောင်းနိုင်ရေးကို ဘာမှလာပြီးတော့ ဩဇာသက်ရောက်မှုလည်းမရှိဘူး။ပြောစရာအကြောင်းလည်းမရှိဘူး။ပြောရင်လည်း ကျွန်တော်တို့လက်ခံမှာမဟုတ်ဘူး” ဟု ဦးရဲထွဋ်ကပြောကြားသည်။
ယင်းတွေ့ဆုံမှုသည် ၎င်းတို့နှစ်ဦး၏ ပုဂ္ဂိုလ်ရေးအရတွေ့ဆုံမှုဖြစ်သည်ဟုရှုမြင်ပြီး အဆိုပါတွေ့ဆုံမှုကြောင့် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီအား အစိုးရသစ်တာဝန်ငြိမ်းချမ်းစွာလွှဲပြောင်းရေးကို ထိခိုက်စေလိမ့်မည်မဟုတ်ဘဲ အငြိမ်းစားဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေအနေနှင့် တစ်စုံတစ်ရာပြောဆိုရန်မရှိသကဲ့သို့ ပြောဆိုလာပါကလည်း အစိုးရအဖွဲ့အနေနှင့်လက်ခံမည်မဟုတ်ကြောင်း ဦးရဲထွဋ်ကထပ်မံပြောဆိုသည်။
ထို့ပြင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံမှုသည်လည်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေ၏ညွှန်ကြားမှုမဟုတ်ဘဲ သမ္မတဦးသိန်းစိန်အစိုးရ၏ မူဝါဒများပြောင်းလဲရေးလုပ်ပိုင်ခွင့်မရှိသကဲ့သို့ လုပ်ဆောင်လာပါကလည်း အစိုးရအဖွဲ့အနေနှင့်လက်ခံမည်မဟုတ်ကြောင်း ၎င်းကပြောကြားသည်။
“ကျွန်တော်ပွင့်ပွင့်လင်းလင်းပြောမယ်ဗျာ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ သူ့တာဝန်ကနေအငြိမ်းစားယူသွားပြီ။ သူဟာတစ်ချိန်ကကျွန်တော်တို့ကိုခေါင်းဆောင်ခဲ့သူဖြစ်တာကြောင့် သူ့ကိုထိုက်သင့်တဲ့အကြီးအကဲဟောင်းတစ်ယောက်အနေနဲ့ လေးစားမှုရှိတယ်။ ဒါပေမဲ့ကျွန်တော်တို့သွားနေတဲ့မူဝါဒကို သူက၁၈၀ဒီဂရီပြောင်းသွားအောင် သူ့မှာလုပ်ပိုင်ခွင့်လည်းမရှိဘူး။လုပ်လည်းကျွန်တော်တို့လက်ခံမှာမဟုတ်ဘူး” ဟု ဦးရဲထွဋ်ကပြောကြားသည်။
ဒီဇင်ဘာလ၁၀ရက်က ရန်ကုန်မြို့ချက်ထရီယမ်ဟိုတယ်တွင်ပြုလုပ်သည့် မြန်မာ့မီဒီယာဖွံဖြိုးတိုးတက်ရေးညီလာခံတွင် မီဒီယာများ၏မေးမြန်းမှုကို ယင်းသို့ပြောဆိုသွားခြင်းဖြစ်သည်။
ထိုသို့ပြောကြားမှုအပါအဝင် တာဝန်လွှဲပြောင်းရေး မည်သို့ဆွေးနွေးထားသည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီတာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခြင်းမရှိပေ။
ဒီဇင်ဘာလ၄ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသန်းရွှေတို့တွေ့ဆုံခဲ့ပြီး ဒီဇင်ဘာလ၂ရက်က နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံခဲ့သည်။
ဒီဇင်ဘာလ၅ရက်ညက အငြိမ်းစားဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေ၊ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ လက်မှတ်ရေးထိုးထားသောငါးထောင်ကျပ်တန်ငွေစက္ကူဓာတ်ပုံကို ဦးသန်းရွှေ၏မြေးဖြစ်သူ ကိုနေရွှေသွေးအောင်က ၎င်း၏လူမှုကွန်ရက်တွင်ဖော်ပြခဲ့သည်။
သို့သော်ငွေစက္ကူပေါ်တွင် နိုင်ငံတော်သမ္မတအနေနှင့် ကိုနေရွှေသွေးအောင်ထံတစ်ကြိမ်တစ်ခါမျှ လက်မှတ်ရေးထိုးပေးခဲ့ဖူးခြင်းမရှိကြောင်း နိုင်ငံတော်သမ္မတ၏ပြောခွင့်ရ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကပြောကြားသည်။

အဆိုပါငွေစက္ကူတွင်ပါရှိသော နိုင်ငံတော်သမ္မတလက်မှတ်တွင် ၂၀၁၂ခုနှစ်မေလ၁၂ရက်ဟုဖော်ပြထားသည်။
အလားတူ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏လက်မှတ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုနေရွှေသွေးအောင်တို့တွေ့ဆုံခဲ့သော ၂၀၁၅ခုနှစ်နိုဝင်ဘာလ ၁၉ရက်နေ့ရက်စွဲဖြင့် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသန်းရွှေတို့တွေ့ဆုံအပြီးတွင် ဦးသန်းရွှေ၏မြေးဖြစ်သူ ကိုနေရွှေသွေးအောင်၏ လူမှုကွန်ရက်စာမျက်နှာတွင် ရွေးကောက်ပွဲတရားဝင်အနိုင်ရပြီးနောက် မြန်မာနိုင်ငံ၏အနာဂတ်ခေါင်းဆောင်သည် ဒေါ်အောင်ဆန်း စုကြည်ဖြစ်လာမည်မှာ အားလုံးလက်ခံရမည့် အမှန်တရားပင်ဖြစ်ပြီး သူမအနေနှင့်တိုင်းပြည်ဖွံဖြိုးတိုးတက်ရေးအမှန်တကယ်ကြိုးပမ်းဆောင်ရွက်မည်ဆိုပါက မိမိအနေနှင့်တတ်နိုင်သည့်ဘက်မှ အစွမ်းကုန်ပံ့ပိုးကူညီမည်ဖြစ်ကြောင်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေကပြောဆိုခဲ့သည်ဟု ဖော်ပြထားသည်။
The Voice Weekly


No comments:

Post a Comment

My Blog List