Wednesday, December 09, 2015

မည်သည့်အစိုးရတက်သည်ဖြစ်စေ တပ်မတော်၏အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရန်ဖြစ်ဟု တပ်/ချုပ်ပြောကြား


အထွေထွေရွေးကောက်ပွဲရလဒ်များမှတစ်ဆင့် မည်သည့်အစိုးရတက်သည်ဖြစ်စေ တပ်မတော်၏အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရန်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ဒီဇင်ဘာလ ၇ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံနှင့်မိုင်းဆတ်တပ်နယ်များ၌ တပ်မတော်အရာရှိ၊စစ်သည်၊မိသားစုများအားတွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယင်းသို့ထည့်သွင်းပြောကြားခြင်းဖြစ်ကြောင်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင်မည်သည့်အစိုးရတက်သည်ဖြစ်စေ၊မည်သည့်နိုင်ငံရေးစနစ်ကိုသွားသည်ဖြစ်စေ တပ်မတော်၏အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရန်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

မိမိတို့သွားနေသည့်နိုင်ငံရေးစနစ်သည် စည်းကမ်းဥပဒေကိုအလေးထားသည့် နိုင်ငံရေးစနစ်ဖြစ်ပြီး အခြေခံဥပဒေနှင့်အညီအခွင့်အရေးများပေးထားသော်လည်း လူ့အခွင့်အရေးဆိုပြီး လုပ်ချင်ရာလုပ်၍မရကြောင်း ၎င်းကထပ်လောင်းပြောဆိုသည်။

နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပသောအထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက မဲဆန္ဒနယ်စုစုပေါင်း ၈၈၆နေရာ အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့စည်းရန်လိုအပ်သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အရေအတွက် ၄၉၈ဦးအနိုင်ရရှိထားသည်။

ယင်းနောက် ရွေးကောက်ပွဲရလဒ်ကို အေးချမ်းတည်ငြိမ်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတအပါအဝင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ပြည်ထောင်စုလွှတ်တော်နာယကတို့နှင့် တွေ့ဆုံထားသည်။

ထို့အပြင် ဒီဇင်ဘာ၂ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကောင်းမွန်းသောဆွေးနွေးမှုဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ယင်းနောက် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလ၄ရက်နေ့ကလည်း တပ်မတော်နှင့်လက်ရှိအစိုးရအပေါ် ဩဇာသက်ရောက်နေဆဲဖြစ်သည်ဟုယုံကြည်ရသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ယူခဲ့သူ အငြိမ်းစားဗိုလ်ချုပ်မှူးကြီးဟောင်းဦးသန်းရွှေနှင့်လည်းတွေ့ဆုံထားသည်။

ထို့အပြင်၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်အတွင်း တပ်မတော်သားကိုယ်စားလှယ်၂၅ရာခိုင်နှုန်းနေရာရရှိထားသော်လည်း နိုင်ငံတည်ငြိမ်အေးချမ်းသောအခြေအနေရောက်ရှိလာပါက လွှတ်တော်အတွင်းတပ်မတော်သားကိုယ်စားလှယ်ပါဝင်မှုကို လျှော့ချသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုထားသည်။

The Voice Weekly


No comments:

Post a Comment

My Blog List