Tuesday, December 08, 2015

ဗင်နီဇွဲလား ရွေးကောက်ပွဲ အတိုက်အခံအုပ်စု လွှတ်တော်နေရာ အများစု အနိုင်ရ


ဗင်နီဇွဲလားနိုင်ငံ ရွေးကောက်ပွဲတွင် အတိုက်အခံအုပ်စုက လွှတ်တော်နေရာ အများစု အနိုင်ရရှိကာ ဆိုရှယ်လစ်သမ္မတ နီကိုလက်စ်မာဒူရို၏ နှစ် ၂၀ နီးပါး လွှမ်းမိုးမှုကို တော်လှန်ပစ်လိုက်ပြီဟု VOA သတင်းတွင် ဖော်ပြထားသည်။မဲပေးပွဲအပြီး ငါးနာရီအကြာတွင် အတိုက်အခံများက ၉၉ နေရာ၊ ဆိုရှယ်လစ် များက ၄၆ နေရာနှင့် အခြားပါတီများက ၂၂ နေရာ အနိုင်ရရှိသွားသည်ဟု ရွေးကောက်ပွဲကောင်စီက ကြေညာသည်။
သမ္မတမာဒူရိုက အဆိုပါ ကပြောင်းကပြန် ရလဒ်များကို ၎င်း၏ပါတီက အသိအမှတ်ပြု လက်ခံသည်ဟု ပြောကြားကာ အရှုံးကို ဝန်ခံလိုက်သည်။

လစ်ဘရယ်နှင့် ကွန်ဆာဗေးတစ်များဖြင့် ဖွဲ့စည်းထားသော အတိုက်အခံ အုပ်စုသည် အနည်းဆုံး ၁၁၂ နေရာ အနိုင်ရရန် ယုံကြည်မျှော်လင့်ထား သည်ဟု သိရှိရသည်။

ယခုရလဒ်ကြောင့် နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးနိုင်မည့်၊ လက်ရှိအစိုးရ၏ အကြီးတန်းရာထူး ခန့်အပ်မှုများကို ကန့်ကွက်နိုင်မည့် ဥပဒေများကို လွှတ်တော်တွင် အတည်ပြုနိုင်တော့မည်ဟု အတိုက်အခံ ခေါင်းဆောင်များက ပြောကြားသည်။

သမ္မတရွေးပွဲ ဝင်ဖူးသူ အတိုက်အခံခေါင်းဆောင် ဟင်းနရစ်ကက်ပရီလီက “ရလဒ်ကတော့ မျှော်လင့်ထားတဲ့ အတိုင်းပါပဲ။ ဗင်နီဇွဲလားတွေ နိုင်သွားပြီ။ ပြန်မရှုံးနိုင်တော့ပါဘူး” ဟု ပြောကြားသည်။

သို့ရာတွင် ဗင်နီဇွဲလား၏ သမ္မတအုပ်ချုပ်မှု စနစ်အရ ဆိုရှယ်လစ်ပါတီသည် အာဏာရှိနေဆဲဖြစ်ပြီး မြူနီစီပယ်အုပ်ချုပ်ရေးဒေသ များစွာကိုလည်း ထိန်းချုပ်ထားဆဲ ဖြစ်သည်။

ယခုရွေးကောက်ပွဲများသည် သမ္မတဟောင်း ဟူဂိုးချာဗက်စ်ထံမှ နန်းမွေဆက်ခံထားသော သမ္မတမာဒူရိုအတွက် ဆန္ဒခံယူပွဲ ဖြစ်သည်ဟု လေ့လာစောင့်ကြည့်သူများက ရှုမြင်ကြသည်။

ဆိုရှယ်လစ်ပါတီသည် စီးပွားရေး စီမံခန့်ခွဲမှု အလွဲများနှင့် ရေနံကြွယ်ဝမှုကို ဖြုန်းတီးပစ်နေသည်ဟု အတိုက်အခံများက စွပ်စွဲထားသော်လည်း သမ္မတ မာဒူရိုကမူ ၎င်း၏ပါတီသည် သာမန်ဗင်နီဇွဲလား ပြည်သူများ၏ အကျိုးစီးပွား ကို ကာကွယ်ပေးနေသည်ဟု တုံ့ပြန်ပြောကြားသည်။

မဲဆွယ်ရာတွင် ရှေ့တန်းတင်လာသော ပြဿနာမှာ အခြေခံစားသောက်ကုန် မလုံလောက်မှုဖြစ်ပြီး သမ္မတမာဒူရိုကမူ အတိုက်အခံများက စီးပွားရေး တိုက်ကွက်ဖြင့် ထိုးစစ်ဆင်သည်ဟု အပြစ်ဖို့သည်။

ယခုနှစ် အစောပိုင်းက အတိုက်အခံခေါင်းဆောင် လီယိုပိုဒိုလိုပက်စ်ကို အကြမ်းဖက်မှုတွင် ဆက်နွှယ်မှုဖြင့် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့ခြင်းသည် လည်း နိုင်ငံရေးလုပ်ကြံမှု ဖြစ်သည်ဟု အကဲခတ်များက မှတ်ချက်ပေးကြ သည်။

ယခုရွေးကောက်ပွဲတွင် ဒေသတွင်းအဖွဲ့ Unasur မှ ရွေးကောက်ပွဲ အကဲခတ် များကို ဖိတ်ကြားခဲ့သော်လည်း အမေရိကန်ပြည်နယ်များအဖွဲ့ OAS နှင့် အီးယူမှ ကိုယ်စားလှယ်များကို ငြင်းပယ်ခဲ့သည်ဟု သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List