Thursday, December 10, 2015

ထိုင်းနိုင်ငံသို့ IS အဖွဲ့ဝင် ၁၀ ဦး ၀င်ရောက်လာသည့် သတင်းကြောင့် ထိုင်းနိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသည့် တနင်္သာရီတိုင်း ဒေသကြီးအတွင်း လုံခြုံရေးအဆင့် အ၀ါရောင်သို့ တိုးမြှင့်





ထိုင်းနိုင်ငံ အတွင်းသို့ IS အဖွဲ့ဝင် ၁၀ ဦး ရောက်ရှိနေကြောင်း၊ ထိုင်းရဲတပ် ဖွဲ့မှ ထုတ်ဖော်ပြောဆိုပြီးနောက် ထိုင်းနိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသည့် တနင်္သာရီတိုင်းဒေသကြီး အတွင်းသို့ ၀င်ရောက်လာခြင်း မရှိစေရန် လုံခြုံရေးကို အ၀ါရောင် အဆင့်သို့ တိုးမြှင့်ထားပြီး နယ်စပ်ဝင်ပေါက်များနှင့် အဓိက လမ်းကြောင်းများ၌ စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေကြောင်း တိုင်းဒေသကြီး ရဲမှူးကြီး ဦးကြည်လင်က ပြောကြားသည်။

ထိုင်းနိုင်ငံနှင့် နယ်နိမိတ်မိုင် ၆၀၀ ကျော် ထိစပ်နေသော တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ထိုင်း-မြန်မာ နယ်စပ်ဂိတ်များ ဖြစ်သော ထီးခီး၊ မော့တောင်နှင့် ကော့သောင်း နယ်စပ်ဂိတ်များရှိ အဓိက ၀င်ထွက်ပေါက် များအပြင် လှေဆိပ်များ၊ ကျွန်းများ၌ လုံခြုံရေးကို တိုးမြှင့်ချထားပြီး စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေကြောင်း၊ တိုင်းအတွင်းရှိ မြို့ကြီးသုံးခုဖြစ်သော ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့တို့၌ လုံခြုံရေး အင်အား တိုးမြှင့်ထားကာ ညဘက် လှည့်ကင်းများဖြင့် လုံခြုံရေး ဆောင်ရွက်နေကြောင်း သိရသည်။

“ထိုင်းဘက်ကနေ ၀င်နေတဲ့ သတင်းရော Facebook နဲ့ သတင်းစာ ဂျာနယ်တွေက တစ်ဆင့် ရနေတဲ့ သတင်းတွေလည်း ရှိတယ်။ တိုင်းထဲမှာတော့ ဒီဇင်ဘာ ၁ ရက်ကစပြီး လုံခြုံရေး လုပ်နေတယ်။ နယ်စပ်ဝင်ပေါက်တွေမှာ စစ်ဆေးတာ လုပ်နေတယ်။ တနင်္သာရီတံတား၊ ကလိန်အောင်တံတား၊ မေတ္တာတံတားတို့မှာတော့ Heavy အနေနဲ့ ခရီးသည်တွေကို အောက်ဆင်း လမ်းလျှောက်ခိုင်းတာမျိုးလုပ်ပြီး စစ်ဆေးနေတာ ရှိတယ်။ တိုင်းအစိုးရ အဖွဲ့နဲ့ ဌာနဆိုင်ရာတွေပါ ပူးပေါင်းပြီးတော့ မြို့ဝင် မြို့ထွက်တွေမှာပါ စစ်ဆေး ရှာဖွေနေတယ်။ ပုလောတံတား၊ လေညာနဲ့ ကျွဲကူးတံတားတွေမှာလည်း အဖွဲ့ပေါင်းစုံနဲ့ ခရီးသည်တွေကို အနှောင့်အယှက် မဖြစ်အောင် ရှင်းပြပြီးတော့ ရှာဖွေစစ်ဆေးနေပါတယ်။ ပြည့်စုံတဲ့ ရှာဖွေမှုတော့ မလုပ်နိုင်သေးဘူး။ ခရီးသွားတွေလည်း လုံခြုံရေးအရ ရှာဖွေတာကို နားလည်ပေးဖို့ လိုပါတယ်။ ခရီးသွားတဲ့ အချိန်မှာလည်း အထောက်အထား ခိုင်လုံစွာ ပြနိုင်ဖို့ မှတ်ပုံတင်တွေပါ ယူသွားပေးစေချင်တယ်။ ပြည်သူတွေကို ပြောချင်တာကတော့ ကိုယ့်ဒေသ လုံခြုံဖို့အတွက် လူစိမ်းမျက်နှာစိမ်းတွေ မသင်္ကာတာတွေ့ရင် နီးစပ်ရာ ရဲတပ်ဖွဲ့ စခန်းတွေကို သတင်းပေးစေလိုပါတယ်” ဟု တိုင်းဒေသကြီး ရဲမှူးကြီး ဦးကြည်လင်းက ဆိုသည်။

ထို့အပြင် အကြမ်းဖက်သမားများ ပစ်မှတ်ထားလေ့ရှိသော လူစုလူဝေးရှိသည့် ပွဲတော်များ၌ လုံခြုံရေး သတိရှိနေရန် လိုအပ်ပြီး ရဲတပ်ဖွဲ့ထံ အကူအညီ တောင်းခံလာပါက လုံခြုံရေး ရယူပေးသွားမည်ဟု သိရသည်။ တနင်္သာရီတိုင်း ဒေသကြီးအတွင်း ရွေးကောက်ပွဲ မတိုင်ခင် အ၀ါရောင် အဆင့်သို့ လုံခြုံရေး တိုးမြှင့်ခဲ့ပြီး ရွေးကောက်ပွဲပြီးသည့် အချိန်တွင် အပြာရောင် အဆင့်သာ လျော့ချလိုက်သော်လည်း အိမ်နီးချင်းနိုင်ငံ၌ အကြမ်းဖက်သမားများ ၀င်ရောက်လာသည့် သတင်းကြောင့် အ၀ါရောင်အဖြစ် လုံခြုံရေးအဆင့် ပြန်လည် တိုးမြှင့်ခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးအရ စစ်ဆေးရာတွင် လိုအပ်ချက်အချို့ ရှိနေသေးကြောင်း တိုင်းဒေသကြီး ရဲမှူးကြီးက ပြောကြားသည်။

ပြီးခဲ့သည့် သြဂုတ်လတွင်းကလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဘုရားကျောင်း အနီးတွင် လူ ၂၀ ကျော် သေဆုံးခဲ့သည့် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဘန်ကောက်မြို့နှင့် နီးကပ်စွာ တည်ရှိနေသည့် ထိုင်း-မြန်မာ နယ်စပ်ဂိတ်ပေါက်များတွင် လုံခြုံရေး တိုးမြှင့်ကာ လူအ၀င်အထွက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး တိုင်းအတွင်း၌လည်း လုံခြုံရေးအဆင့် တိုးမြှင့်ခဲ့ဖူးကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List