Wednesday, December 09, 2015

အမေရိကန်ရဲ့ပိတ်ဆို့မှုအားလုံး လုံးဝရုပ်သိမ်းသင့်ပြီလို့ မြန်မာ အစိုးရပြော


မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ ပစ်မှတ်ထားပိတ်ဆို့ ကန့်သတ်မှုတွေကို ၆ လ ယာယီ ဆိုင်းငံ့မယ်လို့ အမေရိကန်အစိုးရက မနေ့က ထုတ်ပြန်ကြေညာလိုက်တဲ့အပေါ် မြန်မာအစိုးရက ဝမ်းသာကြိုဆိုကြောင်း သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က RFA ကိုပြောပါတယ်။
သမ္မတဦးသိန်စိန် အစိုးရလက်ထက်ထဲ ပြုလုပ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး အစီစဉ် တွေမှာ မြန်မာနိုင်ငံရဲ့စီးပွားရေးအပေါ် အတားဆီးဖြစ်နေတဲ့ အခုလို ကုန်သွယ်ရေးဆိုင်ရာ ဒဏ်ခတ်အရေးယူပိတ်ဆို့မှုတွေကို ဖယ်ရှားနိုင်ဖို့ကိုဟာ အဓိက ရည်မှန်းချက်ထဲမှာ ပါဝင်ခဲ့တာဖြစ်ကြောင်း၊ လက်ရှိမှာ မြန်မာနိုင်ငံရဲ့ တိုးတက်တဲ့ အသွင်ကူးပြောင်း ရေးတွေကြောင့် ကန့်သတ်ပိတ်ဆို့မှုအားလုံးကို လုံးဝရုပ်သိမ်းပေးသင့်ကြောင်းလည်း ပြောပါတယ်။

"ကျနော်တို့ရဲ့ရည်မှန်းချက်ကတော့ ပိတ်ဆို့မှုတွေအားလုံး ရုပ်သိမ်းသွားဖို့ဆိုတဲ့ ရည်မှန်းချက်ပါပဲ၊ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့ဘယ်လောက်ပဲ နိုင်ငံရေး တည်ငြိမ်မှုရှိသည်ဖြစ်စေ၊ အမေရိကန်ရဲ့ပိတ်ဆို့မှုရှိနေသည့် ကာလ ပတ်လုံး ကျနော်တို့ရဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ၊ လယ်ယာပစ္စည်းထုတ်လုပ်သူတွေ၊ စက်ရုံ၊ အလုပ်ရုံမှာလုပ်နေ တဲ့ အလုပ်သမားတွေအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်း ကအပြည့်အဝရမှာမဟုတ်ဘူး၊ ဒါကြောင့်ကျနော် တို့ကတော့ ရွေးကောက်ပွဲအလွန် ကာလမှာ ပိုပြီးတော့တည်ငြိမ်ပြီးတော့မှ အသွင်ကူးပြောင်းရေးနောက်တစ်ဆင့်ကို ကူးပြောင်းဖို့သေချာနေပြီဖြစ်တဲ့ အတွက်ကြောင့် အပြီးအပိုင်ရုပ်သိမ်းပေးလိုက်တယ် ဆိုရင်တော့ ကောင်းတာပေါ့၊ ၆ လဆိုတော့ ဘာပဲပြောပြောဆက်လုပ်ရမယ့်သူထဲမှာ အခြေအနေ တစ်ခုတော့ရှိနေသေးတာပေါ့"

အမေရိကန် အစိုးရကတော့ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပတ်သက်နေတဲ့ ခရိုနီခေါ် လုပ်ငန်းရှင်ကြီးတွေအပေါ် ပစ်မှတ် ထားပိတ်ဆို့ အရေးယူထားဆဲဖြစ် တာကြောင့် အဲဒီခရိုနီတွေ လုပ်ကိုင်ခွင့်ရနေတဲ့ ဆိပ်ခံတံတားတွေ၊ လေဆိပ်တွေကို အမေရိကန် ကုမ္ပဏီတွေ အသုံးမပြုနိုင်ဘဲဖြစ်နေတဲ့အတွက် အခုလို ကုန်သွယ်ရေးဆိုင်ရာ ပစ်မှတ်ထားပိတ်ဆို့ကန့် သတ်မှုတွေကို ၆ လ ယာယီဆိုင်းငံ့တာ ဖြစ်တယ်လို့လည်းဆိုပါတယ်။

အရေးယူပိတ်ဆို့မှုကို အခုလို ယာယီဆိုင်းငံ့လိုက်တာကြောင့် အမေရိကန်အစိုးရက ပုဂ္ဂိုလ်တစ်ဦးချင်းစီအလိုက် ပစ်မှတ် ထားပိတ်ဆို့အရေးယူထားသူ စာရင်းထဲ မှာပါတဲ့ စတီဗင်လော (ခေါ်) ဦးထွန်းမြင့်နိုင် ပိုင်တဲ့ Asia World ဆိပ်ကမ်း အပါအ၀င် ဆိပ်ခံတွေ၊ လေဆိပ်တွေကို ကုန်စည်တင်ပို့ခွင့် ၆ လရရှိတော့ မှာ ဖြစ်ပါတယ်။

RFA


No comments:

Post a Comment

My Blog List