Wednesday, December 09, 2015

အမျိုးသားနေ့ဆိုတာဘာလဲ


မြန်မာနိုင်ငံအတွက် အရေးကြီးနေ့ရက်များတွင် အမျိုးသားနေ့လည်း ပါဝင်သည်။ သမိုင်းစာအုပ်များတွင် ရန်ကုန်တက္ကသိုလ် ဥပဒေကို မကျေ နပ်သော ကျောင်းသားများက ကန့်ကွက်သပိတ်မှောက်ခဲ့ သောနေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့သည်။ ထိုနေ့သည် တန်ဆောင်မုန်းလပြည့် ကျော် ၁၀ ရက်နေ့ ဖြစ်သည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားကြီး ၁၁ ဦးက ရွှေတိဂုံစေတီတော် စနေထောင့်တွင် တိုင်ပင်ဆွေးနွေးကာ သပိတ် မှောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ စသည်ဖြင့်သာ သမိုင်းဖတ်စာအုပ်များတွင် အကျဉ်းချုံးသင်ကြားခြင်း ခံခဲ့ရသည်။

တကယ်တော့ ပထမကျောင်းသား သပိတ်သည် ဒီထက်မက ကြီးကျယ်ခမ်းနားပါသည်။ စွန့်လွှတ်စွန့်စားစိတ်၊ ရဲဘော်ရဲဘက်စိတ်၊ အနာဂတ်မျိုး ဆက် သစ်များအတွက် ပေးဆပ်ချင်စိတ်၊ အုပ်ချုပ်ရေး အဖွဲ့ကို အန်တု ဖက်ပြိုင်သော စိတ်များ စုပေါင်းကာ မျိုးချစ်စိတ် ပြင်းထန်လွန်းသော သမိုင်းဝင် ကျောင်းသား လှုပ်ရှားမှုကြီး ဖြစ်သည်။
ပဒေသရာဇ်ခေတ်ကနေ ရုတ်တရက်ပြောင်းလဲကာ အင်္ဂလိပ်လက်အောက်ရောက်ခဲ့ပြီး ကိုလိုနီခေတ် တစ်လျှောက်လုံး ကျွန်အဖြစ်ကနေ အငုပ်စိတ်ဖြင့်ငုံ့ခံနေခဲ့ကြရာမှ ပညာတတ် ကျောင်းသားကြီးများ၏ အနစ်နာခံ ဆောင်ရွက် မှု ကြောင့် ပေါ်ပေါက်လာခဲ့ရသော အမျိုးသားလှုပ်ရှားမှုကြီး ဖြစ်သည်။
ပထမ ကျောင်းသားသပိတ်လို့လည်း သမိုင်းစာအုပ်များတွင် ရေးသည်။ သေချာသည်က ပထမကျောင်းသားသပိတ် မရှိလျှင် ဒုတိယကျောင်းသား သပိတ် ပေါ်ပေါက် လာနိုင်စရာ မရှိသလို၊ ဆရာစံခေါင်းဆောင်သည့် လယ်သမား အုံကြွမှုမျိုးလည်း ဖြစ်လာနိုင်စရာမရှိ။ ယုတ်စွအဆုံး ဗိုလ်ချုပ် အောင်ဆန်း၊ ဦးနု၊ ဦးသန့်၊ သခင်မြ၊ ဒီးဒုတ်ဦး ဘချို၊ ဦးရာဇတ်၊ ဗိုလ်မှူး ဖိုးကွန်း၊ ဗိုလ်အောင်ကျော်၊ သခင်ဗဟိန်း၊ အာဏာရှင်ကိုလှရွှေတို့လည်း ပေါ်လာစရာ အကြောင်းမရှိ။ ၎င်းတို့မရှိလျှင် လွတ်လပ်ရေးဆိုတာလည်း ဘယ်ဆီဘယ်ဝယ်မှန်း မသိအောင် အလှမ်းဝေးနေဦးမှာ သေချာသည်။ အမျိုးသားနေ့ ပေါ်ပေါက်ရာ ၁၉၂၀ ပထမကျောင်းသား သပိတ်သည် အဲဒီလောက်အထိ အရေးကြီးသည်။
ဒီဂျစ်တယ် အင်တာနက်ခေတ်တွင် အမျိုးသားနေ့ကို အထိမ်းအမှတ် လုပ်ပေးရာ၌ ထိပ်တန်း ကုမ္ပဏီ ဂူးဂဲလ်လည်း ပါဝင်လာတာ တွေ့ရသည်။ နိုင်ငံခြားသားများ အတွက် National Day ဆိုသည်က အဓိပ္ပာယ်တစ်မျိုး ဖြစ်သည်။ မြန်မာနိုင်ငံသား အားလုံးနှင့်သက်ဆိုင်သော အထိမ်းအမှတ်နေ့ တစ်ခုထက်ပို၍ ဘာမှ မထူးခြားသော နေ့သာဖြစ်သည်။ ဂူးဂဲလ်တွင် မြန်မာ ဝန်ထမ်းများ မရှိမဟုတ် ရှိပေလိမ့်မည်။ ဖြစ်ကတတ်ဆန်း လုပ်ထားသော မြန်မာ National Day အမျိုးသားနေ့ အထိမ်းအမှတ် စာမျက်နှာတွင် ၂၀၀၈ အခြေခံဥပဒေ၏ သင်္ကေတ အလံတစ်ခုကလွဲ၍ ဘာတစ်ခုမှမပါဝင်။
GOOGLE စာတန်းတွင် အိုနေရာ၌ မြန်မာအလံထည့်သွင်းကာ GO- အလံ-OGLE အဖြစ် တင်စား သရုပ်ဖော်သွားသည်။ ဂူးဂဲလ်သည် ၂၀၁၁ ခုနှစ် အစိုးရသစ် တက်လာချိန်မှစ၍ မြန်မာအစိုးရနှင့် အနီးကပ် ဆက်ဆံမှုများ ရှိလာခဲ့သည့် နိုင်ငံတကာ အိုင်တီကုမ္ပဏီကြီးဖြစ်သည်။ ၉၅ နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် သရုပ်ဖော်မှုနှင့် ပတ်သက်၍ ဘဝင်မကျ နိုင်သော်လည်း နိုင်ငံခြား သားများကို အပြစ်တင်၍မရနိုင်ပါ။ ထောက်ပြ ဝေဖန်မှု နည်းပါးသည့် မြန်မာလူမျိုး ဂူးဂဲလ်ဝန်ထမ်းများနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနကိုသာ အပြစ်ဆိုရပေလိမ့်မည်။ အမျိုးသားနေ့နှင့် ပတ်သက်၍ ၎င်းတို့ ဘယ်လိုများ နားလည်ထားကြပါသလဲ။
လွတ်လပ်သောခေတ်တွင် အမျိုးသားအောင်ပွဲနေ့ဟု မသုံးနှုန်းခဲ့သော်လည်း
ကိုလိုနီခေတ်တွင် အမျိုးသားအောင်ပွဲနေ့ဟုသာ ခေါ်တွင်သည်။ ဝိုင်အမ် ဘီအေ ခေတ်ကတည်းက စတင်ကျင်းပခဲ့သည်။ ကျောင်းသားငယ်တွေ ဒေါင်းအလံ ကိုင်ကာ အမိမြန်မာပြည်အဖြစ် ဝတ်စားဆင်ယင်ထားသော ကျောင်းသူလေးကို ဝန်းရံ၍ ချီတက်အောင်ပွဲခံခဲ့သည်။ ဒေါက်တာဘမော် ပညာရေးဝန်ကြီးဖြစ်သော ၁၉၃၄ ခုနှစ်တွင်မှ အမျိုးသားအောင်ပွဲနေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ပေးခဲ့ သည်။ ထိုအချိန်မတိုင်မီက အမျိုးသား ကျောင်းများ ဦးဆောင်ကျင်းပသောနေ့ အဖြစ်သာ တည်ရှိခဲ့သည်။
၁၉၃၆ ရွေးကောက်ပွဲအပြီး ၎င်းဝန်ကြီးချုပ် (ထိုခေတ်အခေါ် နန်းရင်းဝန်) ဖြစ်လာ သောအခါတွင်မှ မြန်မာတစ်နိုင်ငံလုံး၏ တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ် ပေးနိုင်ခဲ့သည်။ ပထမကျောင်းသား သပိတ်၏ စိတ်ဓာတ်ကိုမဆို ထားနှင့် အားလုံး အတွက် စံနမူနာ အမျိုးသားနေ့ ဖြစ်လာရန်အတွက်ကိုပင် အုပ်ချုပ်ရေးပိုင်း အတွင်း အပြင်းအထန် တိုက်ပွဲဝင်ခဲ့ရတာကိုက မှတ်သားလောက်စရာ ဖြစ်သည်။
အမျိုးသားနေ့အကြောင်းကို ဆက်ပါဦးမည်။ တက္ကသိုလ်ပညာရေးကို လူတိုင်းက လိုချင်ကြသည်။ မည်သူ မလိုချင်ရှိမည်နည်း။ ဘွဲ့ရသည်နှင့် မြို့ပိုင်၊ ဝန်ထောက် အရာရှိ ချက်ချင်းဖြစ်နိုင်သည်။
သူဌေးသမီးတွေကလည်း အဆင်သင့် စောင့်နေသည့် ခေတ်ဖြစ်သည်။ နှစ်စဉ်ဘွဲ့ရသူဦးရေ ရာဂဏန်းပင်မပြည့်။ ထိုစဉ်က ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ် နှစ်ခုပေါင်းထားသည်ကို ရန်ကုန်တက္ကသိုလ်ဟု သတ်မှတ် သည်။ ၁၉၂၀ တက္ကသိုလ်ဥပဒေ ပြဋ္ဌာန်းစဉ်က ကောလိပ် နှစ်ခုပေါင်းမှ ကျောင်းသား ၈၂၉ ဦးသာရှိသော ခေတ်ဖြစ်သည့် အတွက် ကောလိပ် ကျောင်းသားများ ဈေးကောင်းသောခေတ် ဖြစ်သည်။
ထိုစဉ်က ရန်ကုန်တက္ကသိုလ်သည် သီးခြားမဟုတ်သေး၊ အိန္ဒိယနိုင်ငံရှိကာလကတ္တား တက္ကသိုလ်၏ လက်အောက်ခံ ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်မှရသောဘွဲ့ကို ကာလကတ္တားတက္ကသိုလ်က ပေးသည်။ သို့သော် ရန်ကုန်တက္ကသိုလ်အဖြစ် သီးခြားထူထောင်သောအခါ ဥပဒေဖြင့် ချည်နှောင်လာ သည်။ မျိုးချစ်စိတ်ပေါ်ပေါက်လာရခြင်း၏ မူလအရင်းအမြစ်သည်တက္ကသိုလ် ဥပဒေပါ အချက်အလက်များကြောင့် ဖြစ်သည်။ လူတိုင်း တက္ကသိုလ်ပညာ မသင်ကြား နိုင်အောင် တားဆီးထားသော အချက်အလက်ပေါင်းများစွာ ပါဝင်သည်။
၎င်းတို့အနက် အနည်းငယ်ကို ဖော်ပြလိုသည်။ မြန်မာပြည်တွင် တက္ကသိုလ်တစ်ခုတည်းသာ ရှိရမည်။ ထိုကျောင်းတွင် ကောလိပ်တစ်ခုသာ ရှိရမည်။ကောလိပ်သည် ရန်ကုန်မြို့တွင်သာ ရှိရမည်။ ထိုကောလိပ်ကျောင်းတွင်စာသင်လိုသော ကျောင်းသားသည် ကျောင်းအိပ်ကျောင်းစား အဆောင်နေကျောင်းသားဖြစ်ရမည်။ မက်ထရစ်စာမေးပွဲ မထားဘဲ အစိုးရစစ်သော ဟိုက်စကူး ဖိုင်နယ် စာမေးပွဲ အောင်မြင်သူသာ တက်ခွင့်ရှိသည်။ သို့ရာတွင် အင်္ဂလိပ်စာ ဘာသာရပ်၌ ထူးချွန်စွာအောင်မြင်သူ ဖြစ်ရမည်။ ပြင်ဆင်မှု သင်တန်း တစ်နှစ် တက်ရမည်။ တစ်နှစ်ပြည့်၍ အရည်အချင်းစစ်ဆေးပြီးမှ ကျောင်းမှလက်ခံမည်။ သို့တည်းမဟုတ် တက္ကသိုလ်မှ ငြင်းပယ်နိုင်ခွင့်လည်း ရှိရမည်။
မဟာဝိဇ္ဇာတန်းကို အရည်အချင်း တင်းကျပ်စွာ ကန့်သတ်ထားသည်။သိပ္ပံတန်းအောင်ပြီး ဝိဇ္ဇာတန်းဂုဏ်ထူးဖြင့် အောင်မြင်မှသာ မဟာဝိဇ္ဇာတန်းတက်ခွင့်ရှိသည်။ ဂုဏ်ထူးတန်းနှင့် မဟာဝိဇ္ဇာတန်းကို သိပ္ပံတန်းအောင်ပြီးသုံးနှစ်ကြာမှသာ တက်နိုင်သည်။ အဆိုပါအချက်များသည် မြန်မာလူမျိုး များကို အဆင့်မြင့်တက္ကသိုလ်ပညာများ သင်ကြားခွင့်တင်းကျပ်စွာ ကန့်သတ် ထားသလို ဖြစ်နေသည်။ ဒါတွေကို ကျောင်းသား အများစုက မကျေနပ်ကြ။ ဝိုင်အမ်ဘီအေ လို နိုင်ငံရေးအသွင်ဆောင်သည့် အဖွဲ့အစည်းများနှင့် မြို့မိမြို့ဖများက ကန့်ကွက်ကြသည်။
သို့သော် ပညာမင်းကြီးမာ့ခ်ဟန်းတားက အဆိုတင်သွင်းသည်။ ဒုတိယ ဘုရင်ခံ (မြန်မာနိုင်ငံ အတွက်တော့ ဘုရင်ခံသာဖြစ်သည်။ သူ၏အထက်တွင် အိန္ဒိယ ဘုရင်ခံချုပ် ရှိသည်) က အတည်ပြုသည်။ ၁၉၂၀ စက်တင်ဘာ ၂၆ တွင် ဒုတိယဘုရင်ခံ ဆာရက်ဂျီနယ်ကရက်ဒေါက်က အတည်ပြုကာ ဘုရင်ခံ ချုပ်ထံ တင်ပြသည်။ အောက်တိုဘာ ၂၄ တွင် ဘုရင်ခံချုပ်က သဘောတူ၍ အတည် ဖြစ်သွားသည်။ ဒီဇင်ဘာ ၁ ရက်နေ့တွင် စတင်အသက်ဝင်သည်။
ဒီဇင်ဘာ ၇ ရက်နေ့တွင် ဒုတိယဘုရင်ခံ ကိုယ်တိုင် တက်ရောက်ကာ ရန်ကုန်တက္ကသိုလ် ဖွင့်ပွဲကိုချီးမြှင့်မည်။ တက္ကသိုလ်ဥပဒေအရ ဘုရင်ခံသည် ရန်ကုန်တက္ကသိုလ်၏ အဓိပတိအကြီးအကဲ ဖြစ်သည်။ သူကိုယ်တိုင် ဂုဏ်ယူဝင့်ကြွား စွာ ဖွင့်လှစ်မည့်ပွဲကို မျိုးချစ်ကျောင်းသားကြီးများက သပိတ်တိုက်ပွဲ စတင်ဖောက်ခွဲရာ နေရာအဖြစ် ပြောင်းလဲပစ်မည်ဟု ကြံစည်ထားကြသည်။

ရန်ကုန်တက္ကသိုလ် ကျောင်းသားများသည် ရှေးခေတ်ကတည်းက စိတ်ကူးစိတ်သန်း ကောင်းသူများဖြစ်သည်။ ခေတ်ရှေ့ပြေးသူများ ဖြစ်သလိုလာမည့်ဘေးကို ပြေးတွေ့မည့် စိတ်ဓာတ်ကိုလည်း မွေးဖွားပေးခဲ့ကြသည်။
ဘုရင်ကိုယ်တိုင် ရန်ကုန်တက္ကသိုလ်ကို ဖွင့်လှစ်လိုက်ကြောင်း ကြေညာ သည်နှင့် တိုင်ပင်ထားကြသော ကျောင်းသားများက "ရန်ကုန်တက္ကသိုလ်ကို သပိတ်မှောက် လိုက်ပြီ" Boycott Boycott Boycott ဟု စုပေါင်းအော် ဟစ်ကာ စာအုပ်ကိုယ်စီ ပိုက်၍ တက္ကသိုလ်ကျောင်းကို ကျောခိုင်းကြရန် ဖြစ်သည်။ ဒီဇင်ဘာ ၇ ရက်နေ့ သည် မြန်မာလို တန်ဆောင်မုန်းလပြည့် ကျော် ၁၂ ရက်ဖြစ်သည်။ ထို့ကြောင့် ကျောင်းသားသပိတ်၏ မူလတိုင်ပင် ထားသော ရက်မှာ ရန်ကုန်တက္ကသိုလ် ဖွင့်ပွဲရက်ပင် ဖြစ်သည်။
တက္ကသိုလ်ဥပဒေနှင့် ပတ်သက်၍ ဘာသာရေးအဖွဲ့အစည်း၊ လူမှုရေးအဖွဲ့အစည်း၊ မြို့မိမြို့ဖများ စသည့် အဖွဲ့ပေါင်းစုံအပြင် သတင်းစာများက လည်း ဝိုင်းဝန်းကန့်ကွက်ကြသည်။ သို့သော် ပညာမင်းကြီးက တင်သွင်း၍ဘုရင်ခံကိုယ်တိုင် တွန်းအားပေး အတည်ပြုလိုက်သောအခါ ကောလိပ်ကျောင်းသားများက ဤသို့တွေးသည်။ တက္ကသိုလ်အရေးသည် ကျောင်းသားအရေး ဖြစ်သည်။ ဘယ်သူကန့်ကွက်၍မှလည်း အင်္ဂလိပ်အစိုးရက အလေးမထား။ ကျောင်းသားအရေးကို ကျောင်းသားတွေ ကိုယ်တိုင် ဆောင်ရွက်ရချေတော့မည်။ ငါတို့ကား မကြာခင်ဘွဲ့ရတော့မည်။
ဤတက္ကသိုလ်ဥပဒေသည် ငါတို့ကို တိုက်ရိုက်မထိခိုက် နိုင်သေးသော်လည်း နောင်လာနောက်သား ကျောင်းသားများအတွက် အတားအဆီးဖြစ်တော့ မည်။ မိဘများ အတွက်လည်း ဝန်ထုပ်ဝန်ပိုး ဖြစ်လိမ့်မည်။ အနာဂတ် အတွက် ငါတို့လက်ရှိ ကျောင်းသားကြီးများ ကိုယ်တိုင် တိုက်မှဖြစ်တော့မည်။ ငါတို့ခေါင်းငုံ့ခံလိုက်လျှင် ညီငယ်ညီမငယ်များ၏ တက္ကသိုလ်ပညာရေး အတွက် ကြီးစွာသော ထိခိုက်မှုကိုဖြစ်မည်မှာ သေချာသည်။ ကျောင်းသား တွေ ညီညွတ်မှဖြစ်တော့မည်ဟု သဘောပေါက်သည်။
ဒီဇင်ဘာ ၃ ရက် သောကြာနေ့လယ်တွင် ရန်ကုန်ကောလိပ် ကျောင်းသား များ ရွှေတိဂုံစေတီတော် စနေထောင့်တွင် စုဝေးကြသည်။ အဆောင်နေ ကျောင်းသား အများစုမှာ ယခုခေတ် လသာ ၁ အထက်တန်းကျောင်း နေရာတွင် နေထိုင် သည်။ ထို့ကြောင့် ၎င်းတို့နှင့်နီးသော ရွှေတိဂုံဘုရား ပေါ်တွင် ချိန်းဆိုကြသည်။ ခိုင်မာသော ဆုံးဖြတ်ချက်တစ်ရပ်ကို အားလုံး သဘောတူညီ ဆုံးဖြတ်ခဲ့ကြသည်။
အမိနိုင်ငံ၏ ဂုဏ်သိက္ခာကို ကယ်တင်ရေးအတွက် ကောလိပ်ကျောင်းများကိုသပိတ်မှောက်ရန် ဆုံးဖြတ်သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ရာအပြစ်ရရှိပါက တစ်ဦးနှင့်တစ်ဦး အကူအညီပြု၍ ဆိုးအတူကောင်းအတူနောက်မဆုတ်ဘဲ ဆက်လက်ဆောင်ရွက်ကြရန် သစ္စာပြုကြသည်။ ထိုနေ့ကား တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်နေ့ ပင်တည်း။ နောက်ပိုင်း တွင် ထိုနေရာ၌ အထိမ်းအမှတ် ကျောက်တိုင်တစ်ခုကို စိုက်ထူထားရှိခဲ့သည်။ သစ္စာပြုလက်မှတ် ရေးထိုးသူ ကျောင်းသား ၁၁ ယောက်၏ အမည်များ ရေးထိုးထားသည်ကို သွားရောက်ကြည့်ရှူ နိုင်သည်။
သို့သော် ထိုနေ့အစည်းအဝေးတွင် တက်ရောက်သူများမှာ ၁၁ ယောက်မက ခဲ့ပါ။ ထိုစဉ်က ဂျူနီယာတန်းမှ သပိတ်မှောက် ကျောင်းသားအဖြစ် ပါဝင်ဆင်နွှဲခဲ့သူ ယူပီအိုင်ဦးဘသန်း ရေးသားသောသူ၏ အတ္ထုပ္ပတ္တိတွင် အစည်းအဝေး တက်ရောက်သူ အများအပြားရှိသည်ဟု ရေးသားခဲ့သည်။ ရန်ကုန်ကောလိပ် သာမက ဂျပ်ဆင်ကောလိပ် ကျောင်းသားများလည်း ပါဝင်သည်။ အစည်းအဝေး တွင် တိုင်ပင်ဆွေးနွေးသော အချက်တချို့မှာ စိတ်ထိခိုက်ဖွယ် ဖြစ်သည်။ အစည်းအဝေး လာသူတိုင်းသည် တက္ကသိုလ် ဥပဒေကို မကျေနပ်၍ လာကြသည်။ သို့သော် မိမိဆုံးဖြတ်ချက်နှင့် မိမိသာဖြစ်သည်။ မည်သူကိုမှ အတင်းအကျပ် မပါဝင်ခိုင်း။
ကောလိပ်ကျောင်းသား အမျိုးမျိုးတွင် မိဘနောက်ခံ အမျိုးမျိုးရှိကြသည်။အစိုးရဝန်ထမ်းမိသားစုများမှ လာသူများ ရှိသလို၊ ရှိစုမဲ့စုငွေဖြင့် အရာရှိဖြစ်ရန် မျှော်လင့်ကာ ကောလိပ်ကျောင်းသို့ ဆွေမျိုးများက ပို့ထားသူများလည်း ရှိသည်။
ကျောင်းသားအရေးမို့ သွေးချင်းနီးသော်လည်း အကျိုးဆက်ကို ကျန်ရစ်သူ
မိဘဆွေမျိုးကပါ ခံစားရမည်။ ငယ်ရွယ်သော ဂျူနီယာတန်းမှ ကျောင်းသား များ ကို နောက်တန်းမှ ကူညီဆောင်ရွက်ရန် နောင်တော် စီနီယာကျောင်း သားကြီးများ က အမိန့်ပေးခဲ့သည်။ ဤတွင် မိဘဆွေမျိုး နောက်ခံကြောင့် သပိတ်မှောက်ရန် ဆုံးဖြတ်ချက်တွင် လက်မှတ်မရေးထိုးနိုင်သည့်အတွက် မျက်ရည်ကျသူ ကျောင်းသားကြီးများလည်း ရှိသလို အဆိုပါအစည်းအဝေး နှင့် ဆုံးဖြတ်ချက် အကြောင်းကြား၍ လက်သီးဆုပ်ကာ တောက်ခေါက်နေ ရသူ ဂျူနီယာ ကျောင်းသားများလည်း ရှိခဲ့ကြောင်း မှတ်သားရသည်။
ပထမကျောင်းသားသပိတ် အကြောင်းကိုပြောရလျှင် အတုယူစရာ၊ အားကျစရာ၊ မှတ်သားစရာတွေ ဒုနဲ့ဒေးးဖြစ်သည်။ သမိုင်းစာအုပ်များတွင် ရေးသားသော တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် နေ့သည် နေ့စွဲအမှတ်အသား တစ်ခုသာ ဖြစ်သည်။ ၎င်းရက်စွဲ ပေါ်ပေါက်စေသော အကြောင်းတရားများကသာ အဓိက ကျသည်။

သပိတ်မှောက်သည်ဆိုသော စကားရပ်သည်ပင်လျှင် ၁၉၂၀ တန်ဆောင်မုန်း
လပြည့်ကျော် ၁၀ ရက်နေ့ နောက်ပိုင်းတွင်မှ တီထွင်ရေးသားသော စကားလုံး ဖြစ်သည်။ မြန်မာဘာသာအနေဖြင့် မူလ ကျောင်းသားတို့၏ လုပ်ရပ်ကို ပီပြင်အောင် ဖော်ပြနိုင်စွမ်းမရှိဟုပင် ဆိုချင်ပါသည်။ မူရင်းအင်္ဂလိပ်ဘာသာ စကား Boycott တွင် ပူးပေါင်းဆောင်ရွက်ခြင်း မပြု၊ အဆက်အဆံမပြု၊ ကင်းကင်းရှင်းရှင်း နေသည်ဟု အနက်ဖွင့်သည်။
၁၉၂၀ ခုနှစ် သပိတ်မှောက် ကောလိပ်ကျောင်းသားကြီးများ၏ ရည်ရွယ်ချက်က ရှင်းလင်း ပြတ်သားပါသည်။ တက္ကသိုလ်ဥပဒေကို ငါတို့တားမရတော့ အင်္ဂလိပ်မင်းတို့က အတင်းအကျပ် ပြုကြလေပြီ။ ငါတို့လုပ်နိုင်သည်လည်း ရှိသည်။ တက္ကသိုလ်ကျောင်းသား မရှိသော ကျောင်းသည် ဘာအဓိပ္ပာယ်မှ မရှိနိုင်တော့။ ဒါကြောင့် ငါတို့ကျောင်း သားတွေ ညီညီညွတ်ညွတ် သပိတ်မှောက် ကာ စာသင်ခန်းနှင့် တက္ကသိုလ် မြေကို ကျောခိုင်းကြမည်။ မြန်မာကျောင်းသား တွေရဲ့ ညီညွတ်မှုသွေးကို ပြကြလော့။ ဒီဥပဒေကြောင့် တက္ကသိုလ် အဓိပတိဖြစ်လာသူ ဘုရင်ခံကို ဆန့်ကျင်သောအားဖြင့် ဘီအေ၊ အိုင်အေ ဘွဲ့များကို ငါတို့မယူတော့။ စာဆက်သင်နေရန် အကြောင်းမရှိ။
ဒီလိုပြတ်သားသော စိတ်ဓာတ်များ၊ ကြွေးကြော်သံများဖြင့် ၁၉၂၀ ခုနှစ် ဒီဇင်ဘာ ၅ ရက် (မြန်မာလို တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်) နေ့တွင် သမိုင်းတွင် သော ကျောင်းသားလှုပ်ရှားမှုကြီးကို ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်မှ ကျောင်းသားများက စတင်ဆောင်ရွက်ခဲ့ကြပါသည်။ ၎င်းတို့ နောက်မှ အထက်တန်းကျောင်းသားများပါ လိုက်လံပူးပေါင်းခဲ့ကြခြင်း ဖြစ်သည်။
သမိုင်းကို ချစ်တတ်ဖို့လိုသည်။ သမိုင်းထဲတွင် တန်ဖိုးထားစရာတွေ အများကြီး ရှိသည်။ ၁၉၂၀ ဒီဇင်ဘာ ၅ ရက်နေ့က သမိုင်းဖြစ်ရပ်ကြောင့် အမျိုးသားကျောင်း တွေ နောက်ဆက်တွဲ ပေါ်လာသည်။ ကိုဘဝင်းလို တော်သောလူငယ်တွေ မက်ထရစ်အောင်တာနှင့် အမျိုးသားကျောင်းတွင် ကျောင်းဆရာပြန်လုပ်သည်။
ညီငယ်အောင်ဆန်းကို ကျောင်းသားစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်တွေအထက်တန်းကျောင်းသား ဘဝကတည်းက ရင်ဘတ်ထဲ၊ ဦးနှောက်ထဲထည့်ပေးလိုက်နိုင်သည်။ ကိုအောင်ဆန်း ဖြစ်လာသောအခါ ဗကသအဖွဲ့ကိုတည်ထောင်နိုင်ခဲ့သည်။ တိုင်းပြည် ချစ်စိတ်နှင့်တွဲ၍ လွတ်လပ်ရေး ရယူပေးလို စိတ်တွေ ပေါ်ပေါက်ခဲ့သည်။ ပန်းတနော်ဦးသန့်နှင့် ဦးနုလိုလူစားတွေ အင်္ဂလိပ် အစိုးရ လခစားအလုပ်ထက် အမျိုးသား ကျောင်းဆရာ၊ အမျိုးသား ကျောင်းအုပ် အလုပ်ကို ရွေးချယ်ဝင်လုပ်ကြ သည်။ ဒါတွေ အားလုံး၏မြစ်ဖျားသည် ၁၉၂၀ ပထမကျောင်းသား သပိတ် သာလျှင် ဖြစ်ပါတော့သည်။ ထိုနေ့ကို ကိုလိုနီခေတ်က အမျိုးသား အောင် ပွဲနေ့ဟုပင် ခေါ်ဆိုခဲ့သည်။
ထိုနေ့ကို ယခုအခါ အမျိုးသားနေ့အဖြစ် ခေါ်တွင်ရင်း သာမန်ရုံးပိတ်ရက် တစ်ခု အဖြစ်သာ ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေကြတော့သည်။

လှမျိုးထွန်း
The Ladies News Journal


No comments:

Post a Comment

My Blog List