Monday, December 07, 2015

ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြောက်ကိုရီးယား လူ့အခွင့်အရေး ပြဿနာ ဆွေးနွေးမည်


မြောက်ကိုရီးယားနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်ပြီး လာမည့် ရက်သတ္တတစ်ပတ်အတွင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။မြောက်ကိုရီးယားနိုင်ငံ အတွင်းတွင် နာဇီခေတ် ရက်စက်ယုတ်မာမှုများနှင့် နှိုင်းယှဉ်၍ ရနိုင်သော နှိပ်စက်ညှဉ်းပန်းမှုများ ရှိနေသည်ကို စုံစမ်းသိရှိထားရသည် ဆိုသော ကုလသမဂ္ဂ၏ စွပ်စွဲချက်ကို လာမည့် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးသွားမည်ဟု အမေရိကန်ပြည်ထောင်စု၏ ကုလသမဂ္ဂ မစ်ရှင်ဆိုင်ရာ ပြောရေးဆိုခွင့်ရ အမျိုးသမီးက ပြောကြားသည်။
မြောက်ကိုရီးယားနိုင်ငံ အတွင်းရှိ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်ပြီး ဆွေးနွေးရန် အမေရိကန်ပြည်ထောင်စုက အဆိုပြုခဲ့ခြင်းဖြစ်ပြီး ယင်းအဆိုပြုချက်ကို ချီလီ၊ ပြင်သစ်၊ ဂျော်ဒန်၊ လစ်သူယေးနီးယား၊ မလေးရှား၊ နယူးဇီလန်၊ စပိန်နှင့် ဗြိတိန်တို့က ထောက်ခံခဲ့သည်။

လုံခြုံရေးကောင်စီသည် မြောက်ကိုရီးယား လူ့အခွင့်အရေး ပြဿနာနှင့် ပတ်သက်ပြီး လွန်ခဲ့သော တစ်နှစ်က ဆွေးနွေးခဲ့သေးသည်။

လုံခြုံရေးကောင်စီ အနေနှင့် ယခုကဲ့သို့သော အရေးကိစ္စမျိုးကို ဆွေးနွေးသည်မှာ အကြံဉာဏ်ကောင်းတစ်ခု မဖြစ်နိုင်ဟု တရုတ်နိုင်ငံ၏ ကုလသမဂ္ဂ သံတမန်က ပြောကြားခဲ့ပြီး လုံခြုံရေးကောင်စီ လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်ရန် ဖွဲ့စည်းထားခြင်း မဟုတ်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

လုံခြုံရေးကောင်စီသည် ပြီးခဲ့သော နှစ်ကလည်း တရုတ်နိုင်ငံက ကန့်ကွက်သည့်ကြားမှ မြောက်ကိုရီးယား လူ့အခွင့်အရေး ပြဿနာကို ထည့်သွင်းဆွေးနွေးခဲ့သည်။

တရုတ်နှင့် မြောက်ကိုရီးယားတို့သည် မဟာမိတ်နိုင်ငံများ ဖြစ်သည်။

ယခုနှစ်တွင်လည်း မြောက်ကိုရီးယားအရေး ဆွေးနွေးမည့်ကိစ္စကို တရုတ်နိုင်ငံက ကန့်ကွက်သည့်တိုင် ထည့်သွင်းဆွေးနွေးရန်အတွက် ထောက်ခံမဲ လုံလုံလောက်လောက် ရှိထားပြီး ဖြစ်သည်ဟု အနောက်နိုင်ငံများမှ သံတမန်များက ပြောကြားသည်။

လတ်တလောတွင်မူ မြောက်ကိုရီးယား လူ့အခွင့်အရေး ပြဿနာကို ထည့်သွင်းဆွေးနွေးမည့် အဆိုပြုချက်အပေါ် တရုတ်နှင့် မြောက်ကိုရီးယားနိုင်ငံတို့မှ တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားခြင်း မရှိသေးချေ။

The Voice Weekly

No comments:

Post a Comment

My Blog List