Monday, December 07, 2015

တအာင်းတပ်မတော် TNLA နှင့် ရှမ်းပြည်တပ်မတော် RCSS/SSA တို့ချင်း ဖြစ်ပွားနေ သည့် တိုက်ပွဲများသည် အဖွဲ့အစည်းနှစ်ခုအကြား လက်နက်ကိုင် ပဋိပက္ခသာ ဖြစ်ဟုဆို


တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နှင့် ရှမ်းပြည် တပ်မတော် RCSS/SSA အကြား ဖြစ်ပွားနေသည့် နှစ်ဖက်ထိတွေ့မှုတိုက်ပွဲ များသည် အဖွဲ့ အစည်းနှစ်ခုအကြား လက်နက်ကိုင် ပဋိပက္ခသာဖြစ်ပြီး တအာင်းလူမျိုးနှင့် ရှမ်း လူမျိုးအကြား လူမှုရေးပဋိပက္ခ မဟုတ်ကြောင်းနှင့် တအာင်းတပ်မတော် TNLAသည် လက်နက်ကိုင်ပဋိပက္ခ တိုက်ပွဲများတွင် အပြစ်မဲ့ဒေသခံ ပြည်သူလူထုများအား ဖမ်းဆီးထိန်းသိမ်းထားခြင်းနှင့် ရိုက်နှက်နှိပ်စက်ခြင်း လုံးဝမပြုကြောင်း PSLF/TNLAက ဒီဇင်ဘာ ၆ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA လှုပ်ရှားမှုနည်မြေ အချို့ ဖြစ်သည့် ကျောက်မဲ၊ နမ့်ဆန်၊ မန်တုံနှင့် နမ့်ခမ်းမြို့နယ် ဒေသအတွင်း သို့ ရှမ်းပြည် တပ်မတော် RCSS/SSA က နယ်မြေကျူးကျော် ၀င်ရောက် လှုပ်ရှားသဖြင့် တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း ထိတွေ့တိုက်ပွဲဖြစ် ပွားခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ထိုဒေသအတွင်းရှိ ပြောက်ကျားနယ်မြေများတွင် တအာင်းတပ်မတော် TNLA နှင့် အတူ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့များ အတူတကွ အခြေချ လှုပ်ရှားကြကြောင်း၊ ရှမ်းပြည် မြောက်ပိုင်းဟု ခေါ်သော တအောင်းဒေသအတွင်းတွင် မြန်မာ့တပ်မတော် နှင့် နေ့စဉ် တိုက်ပွဲ ဖြစ်ပွားနေသဖြင့် မြန်မာ့တပ်မတော်နှင့် ပြေလည်သည့် RCSS/SSA ၀င်ရောက် လာပါက တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း အချင်းချင်းကြားမလိုလားအပ်သော ပဋိပက္ခများ ဖြစ်လာမည် ကို စိုးရိမ်သဖြင့် နယ်မြေချဲ့ထွင်ခြင်း မပြုရန် အကြိမ်ကြိမ် မေတ္တာရပ်ခံခြင်း၊ တားဆီးဟန့်တားခြင်း ပြုလုပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

နမ်းဆန်မြို့နယ်နှင့် သီပေါမြို့နယ် အစပ် ကျောက်ဖြူရွာအနီးတွင်အောက်တို ဘာလပထမပတ်အတွင်းက အင်အား ၂၀၀ ခန့်ရှိ RCSS/SSA က ထိုးဖောက်ဝင်ရောက် လာသဖြင့် ထိတွေ့မှု စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ RCSS/SSA သည် ကျောက်မဲမြို့နယ် တစ်ဝိုက်တွင် ပုန်းခိုရင်း NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးပြီး နိုဝင်ဘာ ဒုတိယပတ်တွင် နမ့်ဆန်မြို့နယ်၊ နမ္မတူမြို့နယ်တို့ကို ဖြတ်ကျော်ကာ နမ်ခမ်းမြို့နယ်၊ မန်တုံမြို့နယ်များ အတွင်းသို့ ၀င်ရောက်သဖြင့် အပြင်းအထန်
တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်း ဆိုထားသည်။

နိုဝင်ဘာ ၂၇ ရက်ညမှ ဒီဇင်ဘာ ၆ ရက်အထိ တိုက်ပွဲထိတွေ့မှု ၁၀ ကြိမ် ဖြစ်ပွားခဲ့ပြီး မြန်မာ့တပ်မတော် တပ်မ ၇၇၊ တပ်မ ၈၈ တပ်ဖွဲ့စစ်ကြောင်း များသည် RCSS/SSA ကို အကာအကွယ်ပေးကာ လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့သည် ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal

No comments:

Post a Comment

My Blog List