Tuesday, November 24, 2015

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အချိန်အကန့်အသတ် ရှိသည့်အတွက် အားနည်းချက်၊ မပြည့်စုံခြင်းများ ရှိနိုင်ဟု ဦးအောင်မင်း ပြောဆို


ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အခက်အခဲများရှိမည် ဖြစ်ပြီး အချိန်အကန့်အသတ်လည်း ရှိနေသည့်အတွက် အားနည်းချက်များ၊ မပြည့်စုံခြင်းများ ရှိနိုင်ကြောင်း၊ နောင်တက်လာမည့် အစိုးရအတွက် အဆင်ပြေစေရန် မူဘောင်ရေးဆွဲရာတွင်လည်း ပြောင်းလွယ်ပြင်လွယ် ဖြစ်အောင် ဆောင်ရွက်စေလိုကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောဆိုသည်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) ၌ ယနေ့ (နိုဝင်ဘာ ၂၄ ရက်) ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ပထမအကြိမ် စုံညီအစည်းအဝေးတွင် အဖွင့်မိန့်ခွန်း ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့အားလုံး ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အခက်အခဲတွေရှိမှာ ဖြစ်ပါတယ်။ အချိန်အကန့်အသတ်ကလည်း ရှိနေတဲ့အတွက် ဆောင်ရွက်ချက်တွေမှာ အားနည်းတာ၊ မပြည့်စုံတာတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် အားလုံး နားလည်မှုတွေ ပေးပြီး လုပ်စေချင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း ဘာကိုမှ ပိတ်ထားတာ မရှိပါဘူး။ NCA က အလွယ်တကူ ရရှိခဲ့တာ မဟုတ်ပါဘူး။ ဒါကိုတော့ ထပ်လောင်းပြီး အသိပေးပါရစေ။ NCA အခြေခံပေါ်မှာ NCA Timeline ကို မဖောက်ဖျက်ဘဲ အများစု လက်ခံနိုင်ပြီး ရှေ့ကိုဆက်သွားနိုင်တဲ့ အခြေအနေမျိုးကို ဝိုင်းဝန်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ မူဘောင်ကိုလည်း ပြောင်းလွယ်ပြင်လွယ် ဖြစ်အောင် ဆောင်ရွက်စေလိုပါတယ်။ ဒါမှ နောင်လာမယ့် အစိုးရအတွက် အဆင်ပြေပါမယ်” ဟု ဦးအောင်မင်းက ပြောဆိုသည်။

သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များ အချိန်မီပြီးစေရန် အားပိုစိုက် ထုတ်လုပ်ရမည် ဖြစ်ပြီး ယနေ့ပြုလုပ်သည့် စုံညီအစည်းအဝေးတွင် နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များထဲမှ UPDJC အတွက် ဒုဥက္ကဋ္ဌတစ်ဦးနှင့် အတွင်းရေးမှူးတစ်ဦးစီ ရွေးပေးရန်၊ မူဘောင်ရေးဆွဲရေး ကော်မတီကို ဖွဲ့စည်းပေးပြီး ပြင်ဆင်စရာများ ပြင်ဆင်ရန်၊ NCA Timeline ၏ ရက် (၆၀) မပြည့်မီ ၂၀၁၅ ဒီဇင်ဘာ ၁၄ ရက် မတိုင်မီ Framework Meeting တရားဝင် စတင်ရန် လိုအပ်သည့် သဘောထား၊ နားလည်မှု၊ မူများကို စုစည်းနိုင်ရန်၊ NCA Timeline ရက် (၉၀) ပြည့်မည့် ဇန်နဝါရီ ၁၄ ရက်အထိ နောက်မကျဘဲ နိုင်ငံရေးဆွေးနွေးပွဲ လုပ်နိုင်ရန်အတွက် ဦးစားပေး ဆောင်ရွက်ရမည့် ကိစ္စများကို မဖြစ်မနေ ပြီးစီးအောင် လုပ်ဆောင်သွားရမည် ဖြစ်ကြောင်း ဦးအောင်မင်းက မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

(Photo- Myanmar Peace Center Facebook Page)
The Voice Weekly

No comments:

Post a Comment

My Blog List