Tuesday, November 24, 2015

အိုင်အက်စ်ကိုတိုက်ရန် ခြေလျင်တပ်များ စေလွှတ်မည် မဟုတ်ဟု ဩစတြေးလျ ဝန်ကြီးချုပ် အတည်ပြု


အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို တိုက်ခိုက်ရန် ဩစတြေးလျအနေဖြင့် ခြေလျင်တပ်ဖွဲ့များ စေလွှတ်ရန် အစီအစဉ်မရှိဟု ဝန်ကြီးချုပ် မယ်လ်ကွမ် တန်ဘူးလ်က အတည်ပြု ပြောကြားခဲ့သည်။ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်တွင် အိုင်အက်စ်က စေလွှတ်သည့် အကြမ်းဖက်သမားများက ပစ်ခတ်ဗုံးခွဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ လူပေါင်း ၁၃၀ ကျော်မျှ အသက်ဆုံးရှုံးခဲ့သည်။ ဩစတြေးလျသည် အီရတ်နှင့် ဆီးရီးယားရှိ အိုင်အက်စ်တပ်များကို အမေရိကန်ဦးဆောင်ပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည့် စစ်ဆင်ရေးတွင် ပါဝင်လျက်ရှိသည်။
သို့တိုင်အောင် ဆီးရီးယားထိ ခြေလျင်တပ်များ စေလွှတ်ပြီး အိုင်အက်စ်တို့ကို ထဲထဲဝင်ဝင် တိုက်ခိုက်ရန် မလိုကြောင်း၊ နာမည်ဆိုးနှင့်ကျော်ကြားသည့် အကြမ်းဖက်အဖွဲ့သည် ယခုအခါ အင်အားယုတ်လျော့လာပြီဖြစ်ကြောင်း တန်ဘူးလ်က မှတ်ချက်ပြုခဲ့သည်။

အိုင်အက်စ်တို့က ၎င်းတို့၏ အင်အားတောင့်တင်းနေဆဲဟု ဝါဒဖြန့်နေခြင်းသည် ဟန်ဆောင်ပန်ဆောင်ကိစ္စသာ ဖြစ်ကြောင်း တန်ဘူးလ်က ဆိုသည်။ “ဒီကောင်တွေ အရူးလုပ်သမျှ ကျွန်တော်တို့ လိုက်ပြီး ယောင်ဝါးဝါး ယုံကြည်နေစရာ မလိုဘူးလေ”ဟု ဩစတြေးလျလွှတ်တော်အမတ်များနှင့် တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့သည်။

တန်ဘူးလ်က “သူတို့ရဲ့ အတွေးအမြင်က အရမ်းခေတ်နောက်ပြန်ဆွဲတယ်။ ဒါပေမဲ့ အင်တာနက်အသုံးပြုပုံကတော့ ခေတ်မီလွန်းတယ်။ အိုင်အက်စ်မှာ သေနတ်တွေထက် စမတ်ဖုန်းတွေ ပိုများလောက်တယ်။ တိုက်ခိုက်ရေးသမား အရေအတွက်ထက် Twitter Accountက ပိုများမယ်။ သူတို့တွေရဲ့နယ်ပယ်က ကျဉ်းမြောင်းလာပြီ။ ခြေလျင်တပ်တွေနဲ့သွားတိုက်ဖို့လည်း မလိုပါဘူး။ ဒါပေမဲ့ စစ်ရေးအရ ဆက်ပြီး ဖိအားပေးနေရဦးမှာ ဖြစ်တယ်”ဟုလည်း သုံးသပ်ခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း တိုနီအက်ဘော့တ်နှင့် ကာကွယ်ရေးဝန်ကြီးဟောင်း ကီဗင်အင်ဒရူးစ်တို့ အပါအဝင် ဩစတြေးလျနိုင်ငံရေးသမားအချို့က အရှေ့အလယ်ပိုင်းသို့ ခြေလျင်တပ်များ စေလွှတ်သင့်ကြောင်း ပြောဆိုပြီးနောက် တန်ဘူးလ်က ယခုလို တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

လတ်တလောတွင် အီရတ်၌ ဩစတြေးလျ အထူးတပ်ဖွဲ့ဝင် ၉၀ မျှ ရှိနေပြီး အီရတ်စစ်တပ်နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့အစည်းများအတွက် အကြံပေးကူညီမှုများ ပြုလုပ်နေသည်။ ထို့အပြင် အီရတ်စစ်တပ်ကို လေ့ကျင့်သင်တန်းပေးနေသည့် ဩစတြေးလျစစ်သည် ၃၀၀ ဝန်းကျင်မျှလည်း ရှိနေကြောင်း သိရှိရသည်။

Ref: CNA
7Day News Journal

No comments:

Post a Comment

My Blog List