Friday, November 27, 2015

တူရကီက ကြိုတင်သတိပေးခြင်းမရှိဘဲ ပစ်ချခဲ့ခြင်းဖြစ်ကြောင်း အသက် မသေဘဲလွတ်မြောက်လာသူ ရုရှားလေယာဉ်မှူး ပြော


ခွင့်ပြုချက်မဲ့ လေပိုင်နက်ထဲကျုးကျော်သည်ဟုဆိုကာ နိုဝင်ဘာ ၂၄ ရက်က တူရကီ-ဆီးရီးယားနယ်စပ်တွင် တူရကီဘက်က ရုရှား Su-24 ဗုံးကြဲ လေယာဉ်ကို ပစ်ချခဲ့ရသောဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းတို့သည် တူရကီ လေပိုင်နက်ထဲသို့ မ၀င်ရောက်ခဲ့ကြောင်း၊ မပစ်ချမီ တူရကီဘက်က ကြိုတင်သတိပေးခဲ့ခြင်းလည်း မရှိကြောင်း အသက်မသေဘဲလွတ်မြောက် လာသူ လေယာဉ်မှူးက ပြောသည်။
“ကျွန်တော်တို့ လေပိုင်နက်ကို ကျုးကျော်တယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ တစက္ကန့်လေး ကျွံသွားတာမျိုးတောင် မဖြစ်နိုင်ဘူး။ ကျွန်တော်တို့က အမြင့်ပေ ၆၀၀၀ မှာ ရာသီဥတု အင်မတန်ကောင်းမွန်တဲ့အနေအထားမှာ ပျံသန်းနေခဲ့တာဖြစ်ပြီး လေယာဉ်ကို တချိန်လုံး ကောင်းမွန်စွာ ထိန်းချုပ် ပျံသန်းနေခဲ့တာပါ”ဟု ကွန်စတန်တင် မူရက်ခ်တင် က ပြောသည်။

တူရကီဘက်က ၎င်းတို့လေပိုင်နက်ထဲ ကျုးကျော်ဝင်ရောက်လာကြောင်း၊ မပစ်ချမီ အကြိမ်ကြိမ်သတိပေးခဲ့ကြောင်း ပြောဆိုထားရာ ၎င်း ပြောကြား ချက်များကို မူရက်ခ်တင်က ပယ်ချသည်။

“တကယ်တမ်းတော့ ဘာသတိပေးချက်မှ မရှိခဲ့ဘူး။ ရေဒီယိုကနေသော် လည်းကောင်း၊ အမြင်အားဖြင့်သော်လည်းကောင်း ဘယ်လိုသတိပေးမှုမျိုးမှ မရှိခဲ့တဲ့အတွက် ကျွန်တော်တို့က လေယာဉ်ကို သူ့သတ်မှတ်လမ်းကြောင်း အတိုင်းပဲ မောင်းနှင်ခဲ့တယ်။ လူတွေအနေနဲ့ ဗုံးကြဲလေယာဉ်နဲ့ F16 လို တိုက်လေယာဉ်တို့ရဲ့ မြန်နူန်းကွာခြားမှုကို သိထားဖို့တော့ လိုပါလိမ့်မယ်။ တကယ်သာ သတိပေးချင်တယ်ဆိုလို့ရှိရင် သူတို့ ဖိုက်တိုက်ဂျက်တွေက ကျွန်တော်တို့လေယာဉ်ပေါ် ခွစီးလို့တောင် ရတယ်လေ”ဟု လက်ရှိ ဆီးရီးယားမြောက်ပိုင်းရှိ ရုရှားလေတပ်စခန်းတွင် ဆေးကုသမှုခံယူနေသော မူရက်ခ်တင်က ပြောသည်။

“ဖြစ်သွားတာက ဘယ်ကဘယ်လိုရောက်လာမှန်းမသိတဲ့ ဒုံးက ကျွန်တော် တို့လေယာဉ်အနောက်ပိုင်းကို လာထိတာပဲ။ ရှောင်ချိန်တောင်မရလိုက်ဘူး”ပစ်ခတ်ခံရပြီး လေယာဉ်မှူး ၂ ဦးစလုံး လေထီးများဖြင့် ဆင်းသက်ခဲ့ကြ သည်။ လေယာဉ်မှူးကြီး ဆာဂျီရမ်ယန်ဆတ်ဗ်သည် လေထီးဖြင့်ဆင်း သက်စဉ်မှာပင် တူရကီ-ဆီးရီးယားနယ်စပ်ရှိ သူပုန်များ၏ ပစ်ခတ် တိုက်ခိုက်ခံရပြီး သေဆုံးခဲ့ရသည်။ မူရက်ခ်တင်ကိုမူ ဆီးရီးယား-ရုရှား ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက ၁၂ နာရီကြာရှာဖွေပြီးနောက် တွေ့ရှိခဲ့သည်။ ရှာဖွေရေးတွင် ရုရှားမရိန်းတပ်သားတဦး သေဆုံးခဲ့သည်။

ရုရှားလေတပ်တွင် လေယာဉ်ပျံသန်းရေးဆိုင်ရာ ပထမဆုရရှိထားသူ အသက် ၃၉ နှစ်အရွယ် မူရက်ခ်တင်က ၎င်းအနေနှင့် ကျန်းမာကြံ့ခိုင်မှုရှိသည်နှင့် ရှေ့တန်းထွက်ခွင့် တောင်းခံမည်ဟု ပြောသည်။ “ကျွန်တော့်လေယာဉ်မှူးကြီးအတွက် အကြွေးဆပ်ရမယ်”ဟု ၎င်းက ပြောသည်။

ရုရှားသည် လက်ရှိတွင် ဆီးရီးယားနိုင်ငံအတွင် ISIS များကို တိုက်ခိုက်ခြေမှုန်းနေပြီး တူရကီသည် ယခင်ကတည်းက အာဆတ်၏ ဆီးရီးယားအစိုးရကို ဆန့်ကျင်တိုက်ခိုက်သော လက်နက်ကိုင် သူပုန်တပ်ဖွဲ့များကို ထောက်ခံအားပေးနေခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က အဆိုပါ လေယာဉ်ပစ်ချခံရမှုနှင့် ပတ်သက်၍ ‘အကြမ်းဖက်ဝါဒ ကြံရာပါတွေရဲ့ နောက်ကျောဓါးထိုးမှု’ဟု မှတ်ချက်ပြုသည်။

Ref;RT
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment

My Blog List