Friday, November 27, 2015

ဒေါ်အောင်ဆန်းစုကြည် အတွက် စက္ကူစုတ် ဖြစ်သွားသည့် သမ္မတဖြစ်ခွင့် ၅၉(စ) - လက်စောင်းထက်



မြန်မာနိုင်ငံရေးသည် ကြိုတင်အကွက်ချ ကြံစည်၍မရနိုင်။ လွန်ခဲ့သည့် ဆောင်းပါးများစွာထဲ၌ လက်စောင်းထက် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခု ၅၉(စ)သည်လည်း ဤနည်းနှင်နှင်ပင် …

မြန်မာနိုင်ငံ၏ အတိုက်ခံ ဒီမိုကရေစီ အင်အားစုခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား တပ်မတော် ဗိုလ်ချုပ်ကြီးများမှ နိုင်ငံရေးအရ တစိုက်မတ်မတ် တိုက်ခိုက် စွပ်စွဲခဲ့သော အရာမှာ ၁၉၇၂ခုနှစ် တွင် အင်္ဂလိပ်လူမျိုး သမိုင်းပညာရှင် ဒေါက်တာ မိုက်ကယ်အဲရစ်နှင့် လက်ထပ်ခဲ့ခြင်းဖြစ်သည်။ 
ထိုအရာကပင် ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်ကြီးများလောက် အမျိုးကို မစောင့်ရှောက်နိုင်ဟူသော ဇာတ်ညွှန်းကို ပုံသွင်းခဲ့ကြသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် သားနှစ်ယောက်ဖြစ်သည့် အလက် စန္ဒား (ခ) မြင့်ဆန်းအောင်နှင့် ကင် (ခ) ထိန်လင်းတို့ကို မွေးဖွားခဲ့သည့်တိုင် တိုင်းသူပြည်သားများ၏ ချစ်ခြင်းမေတ္တာများက လျှော့ပါးမသွားခဲ့ပေ။ ထို့ကြောင့် ၁၉၉၀ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သော်လည်း န၀တ အစိုးရမှ ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကို လက်မခံဘဲ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တစ်စစီဖြိုခွဲခဲ့သည်။ နိုင်ငံတကာမှ သံမဏိနှင်းဆီဟု ဂုဏ်ပြု ခေါ်ဆိုခြင်း ခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နေအိမ်တွင် ၁၅နှစ်ကြာ အထီးကျန် အကျယ်ချုပ် ဘ၀ဖြင့် နေထိုင်ခဲ့ရပြီး သူမခင်ပွန်း ဖြစ်သူ မိုက်ကယ်အဲရစ်၏ နောက်ဆုံးနေ့ရက်များတွင်လည်း နှုတ်ဆက်စကား ပြောရန်ပျက်ကွက်ခဲ့ရသည်။ 

မိသားစု ကိစ္စနှင့် ပတ်သက်၍ ပြည်သူနှင့် တိုင်းပြည်အား ထုတ်ဖော်ပြောဆို လေ့ မရှိသော သံမဏိနှင်းဆီ အတွက် ပြင်းထန်ကြမ်းတမ်းသည့် နိုင်ငံရေး မုန်တိုင်းများ ပြီးဆုံးသည့်နောက်တွင် ဆင်းရဲတွင်းနက်ပြီး ခေတ်နောက်ကျ နေသည့် တိုင်းပြည်ကို ဦးဆောင်ရန် ၂၀၁၁ခုနှစ်တွင် အခွင့်အရေး ပြန်လည် ရရှိခဲ့သည်။ ယခုတစ်ကြိမ်တွင် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ရသည်မှာ စစ်တပ်၏ အခန်းကဏ္ဍကို နိုင်ငံတော်၏ ဦးဆောင်မှုတွင် ထည်ထည်ဝါ၀ါ နေရာပေးထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ဖြစ်သည်။ ထိုဥပဒေတွင် ဖော်ပြထားသော နိုင်ငံတော် သမ္မတ ဖြစ်ခွင့်ရှိသည့် ၅၉(စ)၏ အဓိပ္ပာယ်ကို ဤသို့ဖွင့်ဆိုထားသည်။

မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်း ကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင် သားသမီး တစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ နိုင်ငံခြား အစိုးရ၏ ကျေးဇူး သစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ။ ထိုသူများသည် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ သော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသား သော်လည်းကောင်း၊ ခံစားရသော အခွင့်ရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ။ထိုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အား တိုင်းပြည်တွင် သမ္မတ မဖြစ်စေရန် ခိုင်မာသည့် ဥပဒေ အုတ်တံတိုင်း တစ်ခု တည်ဆောက်ပြီးသည့် နောက် အာဏရှင် ဗိုလ်ချုပ်ကြီး အများစုသည် စိတ်အေးလက်အေး အနားယူသွားခဲ့သည်။ ရွေးကောက်ပွဲ စနစ်ဖြင့် လွှတ်တော်နှင့် အစိုးရကို ဖွဲ့စည်းပြီး ပြုပြင်ပြောင်းလဲရေးများကို ဖော်ဆောင်မည်ဆိုသည့် အစိုးရသစ် တစ်ရပ် အတွက်လည်း နိုင်ငံတကာ၏ ထောက်ခံမှုများနှင့် အတူ ငါးနှစ်တာ ပန်းခင်းလမ်းကို တည်ဆောက်ပေးခဲ့သည်။ 

ယခင် အစိုးရ အဖွဲ့မှ ကူးပြောင်း ရောက်ရှိလာသည့် အစိုးရ ခေါင်းဆောင် များသည် မြန်မာနိုင်ငံကို နိုင်ငံ တကာ၏ ထောက်ခံမှုများ ရရှိအောင် ဆွဲဆောင်နိုင်ခဲ့ကြသော်လည်းတိုင်းပြည် စီးပွားရေးကို တိုးတက်လာအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ ထိုနည်းတူ မိမိလက်အောက် ငယ်သားများ၏ ဥပဒေပြင်ပ လာဘ်ပေး၊ လာဘ်ယူ ကိစ္စရပ်များကိုလည်း မရှင်းလင်းနိုင်ခဲ့ပေ။ ထိုအရာများကပင် ပြည်သူလူထုကို စိတ်ပျက်စေခဲ့ပြီး အားလုံးက ချစ်ခင်ယုံ ကြည်ထားသည့် ဒေါ်ဆောင်ဆန်းစုကြည်အား ၂၀၁၅ ရွေးကောက်ပွဲတွင် ပုံအောမဲပေးခြင်း ဖြစ်ခဲ့သည်။ အခုတော့ ဒီချုပ်ပါတီသည် ပြည်သူအားလုံး၏ ၈၀ရာခိုင်နှုန်းကျော် အားပေးထောက်ခံမှုများဖြင့် အနာဂတ် မြန်မာ့နိုင်ငံရေး ကို ပုံဖော်ရန် အခွင့်အရေး အပြည့်အ၀ ရရှိသွားပြီဖြစ်သည်။ 

အထူးသဖြင့် ၂၀၀၈ အခြေခံ ဥပဒေတွင် ထည့်သွင်းထားခဲ့သော ဥပဒေများ ကို ပြန်လည်ပြင်ဆင်နိုင်သည့် ပုဒ်မဖြစ်သော ၄၃၆သည် ဒီမိုကရေစီ နိုင်ငံတစ်ခုကို မွေးဖွားရန် အဓိက စိန်ခေါ်မှု ဖြစ်နေသေးသလို သမ္မတဖြစ်ခွင့် ၅၉(စ)မှာလည်း နိုင်ငံရေးအရ တမင်တကာ ထည့်သွင်းထားသော ပုဒ်မဖြစ်နေသည်။ ထိုပုဒ်မသည် ဒေါ်အောင်ဆန်းစုကြည်အား တိုင်းပြည်၏ အခွင့်အာဏာ အမြင့်ဆုံးဖြစ်သည့် သမ္မတ မဖြစ်စေရန် တားဆီးထားသော ပုဒ်မအဖြစ် နိုင်ငံရေး သုတေသီများကလည်း ဝေဖန်ထောက်ပြကြသည်။ 

သို့သော် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည် အား လုပ်ပိုင်ခွင့် အပြည့်အ၀ အပ်နှင်းခဲ့သည့် အတွက် ၅၉(စ)သည် လက်ရှိ အခြေအနေတွင် စက္ကူစုတ်သာသာသာ ဖြစ်သွားတော့သည်။ 

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့သည့် ၂၀၁၁ခုနှစ် မှစတင်၍ မြန်မာ့နိုင်ငံရေး လောကတွင် အကြိတ်အနယ် ဆွေးနွေးငြင်းခုန်ခဲ့ရသော၊ နည်းလမ်းရှာဖွေခဲ့ရသော ၅၉(စ)သည် လွန်ခဲ့သော ရက်ပိုင်းအတွင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ၀ါရှင်တန်ပို့စ် သတင်းစာ တွေ့ဆုံမေးမြန်းခန်း ပြီးသည့်နောက်တွင် မှေးမှိန်ဖျော့တော့သွား ပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ မတိုင်ခင် ပြောကြားခဲ့သော သမ္မတ အထက်မှာ ကျွန်မ ရှိနေမယ်ဆိုသည့် စကားနှင့်ပတ်သက်၍ အငြင်းပွားမှုများ သည်လည်း လေနှင့်အတူ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်က အမေရိကန်နိုင်ငံမှ ၀ါရှင်တန်ပို့စ် သတင်းစာနှင့် တွေ့ဆုံခန်းတွင် ဤသို့ပြောခဲ့ပါသည်။

“အစိုးရကို စီမံခန့်ခွဲသူက ကျွန်မပါဘဲ”

ဒေါ်အောင်ဆန်းစုကြည်က ထိုအင်တာဗျူးတွင် ဆက်လက်ပြီး အနာဂတ် နိုင်ငံရေးနှင့် ပတ်သက်၍ လွှတ်တော်ဥက္ကဋ္ဌ ရာထူးကို လက်ခံမည် မဟုတ်ဘဲ အစိုးရကို စီမံခန့်ခွဲမည့်သူ လုပ်မည်ဖြစ်ကြောင်း အတိအလင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့အပြင် နိုင်ငံတကာမှ ဖိတ်ကြားသော အစည်းအဝေးများ အခြားနိုင်ငံ ခေါ်ဆောင်းများနှင့် တွေ့ဆုံမှုများနှင့် ပတ်သက်၍ “ကျွန်မ အဲဒီကို သွားမှာပါ။ သမ္မတနှင့် အတူသွားမှာပါ။ ကျွန်မဘေးမှာ သူထိုင်နိုင်တာပေါ့”ဟု ပြောကြားခဲ့သည့်အတွက် အစိုးရ အဖွဲ့တွင် ရာထူး တစ်နေရာ ယူမည်ကို အားလုံး ခန့်မှန်းနိုင်ပြီဖြစ်သည်။

မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအရ အစိုးရအဖွဲ့တွင် တပ်မတော်ကာကွယ် ရေး ဦးစီးချုပ်ကသာလျှင် ခန့်ထားနိုင်သော ၀န်ကြီးဌာန နေရာ (၃)ခုရှိသည်။ ထို(၃)ခုမှာ ကာကွယ်ရေး ၀န်ကြီးဌာန၊ နယ်စပ်ဒေသနှင့် လုံခြုံရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့ ဖြစ်သည်။ နိုင်ငံတော် သမ္မတ အနေဖြင့် နိုင်ငံခြားရေး ၀န်ကြီးဌာန အပါအ၀င် ကျန်ဝန်ကြီးဌာန အားလုံးအား ခန့်ထားပိုင်ခွင့်ရှိသည်။ သို့သော် နိုင်ငံတော်၏ အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်းဖြစ်သည့် ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီတွင် အဖွဲ့ဝင် ၁၁ဦး ရှိသည့်အနက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် သူက ခန့်ထားသော တပ်မတော် ကိုယ်စားပြု ဒုသမ္မတ၊ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ နယ်လုံဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး စုစုပေါင်း ခြောက်ဦးရှိနေပြီး နိုင်ငံတော် သမ္မတ အနေဖြင့် သူအပါအ၀င် ဒုသမ္မတ တစ်ဦး ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီး စုစုပေါင်း ငါးဦးသာ ရှိသည်။ 

ထိုကြောင့် ကာလုံတွင် ရွေးကောက်ခံ အင်အားစု၏ သြဇာအာဏာ လွှမ်းမိုးနိုင်ရေးမှာ တပ်မတော်နှင့် မည်မျှလက်တွဲ လုပ်ဆောင်နိုင်မည် ဆိုသည့်အပေါ် မူတည်လျှက်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လွှတ်တော်နိုင်ငံရေး ရပ်ဝန်းသို့ မသွားဘဲ အစိုးရ စီမံခန့်ခွဲမှု ကဏ္ဍသို့ သွားမည်ဟုဆိုလျှင် နိုင်ငံခြားရေး ၀န်ကြီးနေရာကို သွားရန် ဖြောင့်ဖြူးလျှက် ရှိသည်။ 

“ကျွန်မ သမ္မတ မဖြစ်ချင်ပါဘူး။ ဒါပေမယ့် ဒီနိုင်ငံရဲ့သမ္မတ ဖြစ်ချင်သလား မဖြစ်ချင်ဘူးလားဆိုတာ ဆုံးဖြတ်ဖို့အတွက် လွတ်လပ်မှုရှိဖို့ကိုပဲ ကျွန်မလိုချင် ပါတယ်”လင့်တစ်ကူ ကျော်ဖြတ်နိုင်ပြီ ဖြစ်သည်။ လွန်ခဲ့သော လေးနှစ် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လျှင် လွတ်မြောက်ခြင်း ဒေါ်အောင်ဆန်း စုကြည် ပြောခဲ့သော စကားတစ်ခွန်းရှိခဲ့ပါသည်။

“ကျွန်မ သမ္မတ မဖြစ်ချင်ပါဘူး။ ဒါပေမယ့် ဒီနိုင်ငံရဲ့သမ္မတ ဖြစ်ချင်သလား မဖြစ်ချင်ဘူးလားဆိုတာ ဆုံးဖြတ်ဖို့အတွက် လွတ်လပ်မှုရှိဖို့ကိုပဲ ကျွန်မလိုချင်ပါတယ်”

လက်စောင်းထက်
Tomorrow

No comments:

Post a Comment

My Blog List