Tuesday, November 24, 2015

မြောက်ကိုရီးယားသို့ သွားရောက်ရန် စိတ်ကူးရှိကြောင်း ဘန်ကီမွန်း အတည်ပြု


မြောက်ကိုရီးယား နိုင်ငံသို့ သွားရောက်ရန် ၎င်းအနေဖြင့် စိတ်ကူးရှိကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက အတည်ပြု ပြောကြားလိုက်သည်။ အထီးကျန် ကွန်မြူနစ်နိုင်ငံသို့ တတ်နိုင်သမျှ အစောဆုံးသွားရောက်လိုသော်လည်း လတ်တလောတွင် မည်သည့်ဆုံးဖြတ်ချက်မျှ မချရသေးကြောင်းလည်း ဘန်က ဆိုသည်။ တောင်ကိုရီးယားနိုင်ငံသား တစ်ဦးဖြစ်သည့် ဘန်အနေဖြင့် မြောက်ကိုရီးယားသို့ သွားရောက်ရန် ပြင်ဆင်နေကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း ၎င်းက နှုတ်ဆိတ်နေခဲ့ပြီး ယခုအခါမှ ပထမဆုံးအကြိမ် သဘောထားမှတ်ချက် ပေးလာခြင်း ဖြစ်သည်။
အစောပိုင်းတွင် ကုလသမဂ္ဂသည် ဘန်အနေဖြင့် မြောက်ကိုရီးယားသို့ သွားရောက်ပြီး နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် တွေ့ဆုံဆွေးနွေးမည့် ကိစ္စအပါအဝင် အစီအစဉ်အချို့ ရှိနေကြောင်း သတင်းများကို အစဉ်တစိုက် ငြင်းဆိုခဲ့သည်။

တောင်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီးဟောင်းတစ်ဦးဖြစ်သည့် ဘန်က “ကိုရီးယား ကျွန်းဆွယ်ရဲ့ တည်ငြိမ်ရေး၊ အေးချမ်းရေးနဲ့ ဆွေးနွေးမှုတွေ ဖော်ဆောင်ရာမှာ အပြုသဘောဆန်တဲ့ ရှုထောင့်ကနေ ပါဝင်လိုပါတယ်”ဟု ပြောကြားခဲ့သည်။ မေလအတွင်းက ဘန်သည် မြောက်ကိုရီးယားသို့ သွားရောက်ရန် စီစဉ်ခဲ့သော်လည်း တစ်ဖက်က ပယ်ဖျက်ခဲ့မှုကြောင့် မအောင်မြင်ခဲ့ချေ။

ဘန်က “မြောက်ကိုရီးယားကို သွားရောက်ဖို့ သင့်တော်တဲ့အချိန်ကို ကျွန်တော်တို့ ဆွေးနွေးနေတယ်။ ဒါပေမဲ့ လောလောဆယ်တော့ ဘာမှမဆုံးဖြတ်ရသေးပါဘူး။ တတ်နိုင်သမျှ အစောဆုံးတော့ သွားလိုပါတယ်”ဟု ပြောကြားခဲ့သည်။

အကယ်၍ ဘန်သာ မြောက်ကိုရီးယားသို့ ရောက်ရှိခဲ့ပါက နျူကလီးယားလက်နက် စမ်းသပ်မှုများကြောင့် ကုလသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုများ ခံထားရသည့် နိုင်ငံသို့ ရောက်ရှိဖူးသည့် တတိယမြောက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး အနေဖြင့် မှတ်တမ်းဝင်လာမည် ဖြစ်သည်။

တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံသည် ၁၉၅၀-၅၃ ကိုရီးယားကျွန်းဆွယ် စစ်ပွဲတွင် အပစ်အခတ် ရပ်စဲခဲ့သော်လည်း တရားဝင်စစ်ပြေငြိမ်းရေးစာချုပ် လက်မှတ်မရေးထိုးခဲ့သောကြောင့် သဘောတရားအရ စစ်ဖြစ်နေဆဲ နိုင်ငံများအဖြစ် ရပ်တည်လျက်ရှိသည်။

Ref: Korea Times
7Day News Journal

No comments:

Post a Comment

My Blog List