Friday, November 27, 2015

မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီး မဟာမင်္ဂလာနှင့် ရေစက်ချ အောင်ပွဲ မင်္ဂလာ ကုသိုလ်တော်အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး တက်ရောက်ကြည်ညို

















မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီး ဌာပနာတော်သွင်း၊ မြသပိတ်၊ ရွှေကြာသင်္ကန်းတော် ကပ်၊ ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာနှင့် ရေစက်ချအောင်ပွဲ မင်္ဂလာ ကုသိုလ်တော်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ် အောင်မောဠိ တောင်ညွန့်၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်း တို့ တက်ရောက်ကြည်ညိုကြသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး နိုင်ငံတော် သမ္မတနှင့် ဇနီးနှင့်အတူ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့်ဇနီး၊ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း နှင့်ဇနီး၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမြသိန်း၊ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ အလှူရှင်များနှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက်ကြည်ညိုကြသည်။

ရှေးဦးစွာ ဌာပနာတော်သွင်း အခမ်းအနားကို ကျင်းပရာ မင်္ဂလာအချိန်ကျ ရောက်သည်နှင့် နိုင်ငံတော်သမ္မတက မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီး ၏ ဌာပနာတော်တိုက်အတွင်းသို့ ဓာတုစေတီ၊ ဓမ္မစေတီ၊ ပရိဘောဂစေတီ၊ ဥဒ္ဒိဿစေတီ စသည့်စေတီလေးမျိုးပါဝင်သည့် ဌာပနာတော်များကို သွင်းလှူပြီး ကျောက်မျက်ရတနာများထည့်သွင်း ခင်းကျင်းကာ ပရိတ် အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပူဇော်သည်။

ယင်းနောက် ဗန်းမော်ဆရာတော်ကြီး အမှူးပြုသော ဆရာတော် အရှင် သူမြတ်များက ဇယန္တော ဗောဓိယာမူလေ အစချီသော ဇယမင်္ဂလာ အောင် ဂါထာကို ရွတ်ဆို ပူဇော်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်းတို့က မဟာသကျရံသီ ရုပ်ရှင်တော် မြတ်ကြီးအား ရွှေကြာသင်္ကန်းတော်၊ မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်နှင့် သောက်တော်ရေချမ်း တို့ကို ကပ်လှူပူဇော်ကြသည်။

ထို့နောက် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို ဆက်လက် ကျင်းပရာ ဗန်းမော်ကျောင်းတိုက်ဆရာတော် အမှူးပြုသော ဆရာတော်အရှင်သူမြတ် များက ဥဒါန်းပါဠိတော်လာနည်းအတိုင်း မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီးကို ဗုဒ္ဓါ ဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ နှင့်ဇနီးတို့က မဟာသကျရံသီရုပ်ရှင်တော် မြတ်ကြီးတည် မဟာမင်္ဂလာ ကမ္ပည်းမော်ကွန်း ကျောက်စာတော်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေး နံ့သာရည်ဖြင့် ပက်ဖျန်းပေးကြသည်။
ဆက်လက်၍ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်ဇနီး၊ ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းနှင့် ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမြသိန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးတို့က ကမ္ပည်း မော်ကွန်း ကျောက်စာအား အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြသည်။

ယင်းနောက် ရုပ်ရှင်တော်မြတ်ကြီး၏ ရေစက်ချအောင်ပွဲမင်္ဂလာ အခမ်း အနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့် ဧည့်ပရိသတ် များက ဗန်းမော် ကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသထံမှ ကိုးပါးသီလခံယူဆောက် တည်ကြပြီး သံဃာတော်အရှင် သူမြတ် များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ်တော်၊ ရတနာသုံးပါး ဂုဏ်တော်နှင့် ပုဗ္ဗဏှသုတ် ပရိတ်တရား တော်များကို နာယူကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က မဟာသကျရံသီရုပ်ရှင်တော်မြတ် ကြီးပုံတော်နှင့် လှူဖွယ်ပစ္စည်းများကို ဗန်းမော်ကျောင်းတိုက် ဆရာတော်ထံ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ ဒုတိယသမ္မတများ နှင့်ဇနီးများ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်ဇနီး၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် ဧည့်ပရိသတ်များက ဆရာတော်ကြီးများထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်က မဟာသကျရံသီ ရုပ်ရှင်တော် မြတ်ကြီးအား တည်ဆောက်ခဲ့ကြသည့် ဗိသုကာ အင်ဂျင်နီယာများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ပြီး ACE ကုမ္ပဏီမှ ဦးဇော်မိုးဝင်းက တည်ဆောက် ပြီးစီးအောင်မြင်ခဲ့သော ရုပ်ရှင်တော်မြတ်ကြီးအား မူလဘုရား ဒါယကာ ဒါယိကာမများထံ ပြန်လည်အပ်နှံသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့နှင့်အတူ ဧည့်ပရိသတ်များ က နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ဒုတိယဥက္ကဋ္ဌ မန္တလေးမြို့ အတုလ ကာရီ ဆင်မင်းကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သြဘာသာဘိဝံသထံမှ အနုမောဒနာ တရား နာကြား၍ ရေစက်သွန်းချအမျှ ပေးဝေကြပြီး သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်း ကြသည်။

Myanmar President Office

No comments:

Post a Comment

My Blog List