Wednesday, November 25, 2015

လွှတ်တော်သစ်တွင် ကာကွယ်ရေးအသုံးစရိတ်ကြောင့် တပ်နှင့်လွှတ်တော် ပွတ်တိုက်နိုင်မည်လား


လွှတ်တော်နှစ်ရပ်စလုံးတွင်လက်ရှိ အာဏာရပါတီမှ ကိုယ်စားလှယ်အနည်းငယ်သာပါဝင်ပြီး အတိုက်အခံပါတီ၏ကိုယ်စားလှယ်အများဆုံး အခင်းအကျင်းဖြင့် ပွဲထွက်လာတော့မည့် လွှတ်တော်သစ်သည် ၂၀၁၆ ဇန်နဝါရီ ၃၀ ရက်နောက်ပိုင်း၌ စတင်တော့မည်ဖြစ်သည်။
အတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အများစုလွှမ်းမိုးထားသော လွှတ်တော်နှင့်ထိုလွှတ်တော်က သမ္မတရွေးချယ်ပြီး ဖွဲ့စည်းမည့် အစိုးရသစ်တို့ အပြန်အလှန်ထိန်းကျောင်းရေးနှင့် ဥပဒေပြုရေးတို့သည် လာမည့်လွှတ်တော်သစ်အတွက် အခက်အခဲရှိမည်မဟုတ်သော်လည်း ဘတ်ဂျက်ခွဲဝေသုံးစွဲရေး၌ စိန်ခေါ်မှုဖြစ်လာနိုင်မလားဟုမေးခွန်းထုတ်စရာဖြစ်လာသည်။

အကြောင်းမှာ တက်လာ မည့်သမ္မတသစ်က ခန့်အပ်ခွင့်မရှိ ဘဲ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ကသာ ခန့်အပ်ခွင့်ရှိသော ကာကွယ်ရေးဝန်ကြီးဌာန၏ ဘတ်ဂျက်ခွဲတမ်းကို ကိုင်တွယ်ရမည်တော့ဖြစ်သည်။

စစ်တပ်၏ ကာကွယ်ရေး အသုံးစရိတ်ကိုလျှော့ချပြီး ပညာ ရေးနှင့်ကျန်းမာရေးကဏ္ဍများတွင်ပိုမိုအသုံးပြုစေလိုသည့် ပြည်သူများ၏ဆန္ဒနှင့် ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်သည့်ဝန်ကြီးဌာနများဖြစ်သည့် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများ၏ အသုံးစရိတ်တောင်းခံမှုများကြား၌ မျှခြေညီရန်ဆောင်ရွက်ရတော့မည့် အကျပ်အတည်းကို လာမည့်လွှတ်တော်သစ်က ဖြေရှင်းရပေတော့မည်။

တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် ပညာရေးနှင့်ကျန်းမာရေးကဏ္ဍ များတွင် ရင်းနှီးမြှုပ်နှံရန် ဘတ် ဂျက်ပိုမိုသုံးစွဲရေးလိုအပ်နေခြင်း နှင့်အတူ စစ်တပ်လက်အောက်ရှိ အဆိုပါဝန်ကြီးဌာနသုံးခု၏ အသုံးစရိတ်ကို ဖြတ်တောက်ပါကလည်း လွှတ်တော်နှင့်တပ်မတော်ကြားပွတ်တိုက်မှုများဖြစ်လာနိုင်သည့်အနေအထားရှိနေသည်။

ထို့အပြင် အစိုးရသစ်မဖွဲ့ စည်းနိုင်သေးမီ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်ကို လက်ရှိအာဏာရသမ္မတဦးသိန်းစိန်လက်အောက်ရှိ ဝန်ကြီးဌာနများက ရေးဆွဲမည်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်အများဆုံးပါသည့် လွှတ်တော်သစ်က ဆွေးနွေးအတည်ပြုရမည်ဖြစ်သည်။


‘‘စစ်တပ်နဲ့လွှတ်တော်ပွတ် တိုက်မှုတွေမဖြစ်အောင် အစက တည်းက စီစဉ်ထားပြီးသားတွေရှိ တယ်။ အားလုံးပူးပေါင်းဆောင် ရွက်ပြီးသွားမယ်။ ပါတီက မူဝါဒ ချမှတ်ထားတာကလည်း အားလုံး နဲ့သဟဇာတဖြစ်ဖို့အတွက် အဓိ ကထားတယ်။ မူတွေက ချမှတ် ထားပြီးသား။ တကယ်လို့ ပွတ် တိုက်မှုတွေဖြစ်ခဲ့ရင်တောင်မှ အနည်းအကျဉ်းလောက်ပဲဖြစ်သွားမှာပါ။ ပွတ်တိုက်မှုတွေက တွေ့နိုင်တယ်။ အဲဒီလိုတွေ့တဲ့အခါ ညီညီညွတ်ညွတ်နဲ့ ကိုင်တွယ်ဖြေရှင်းရင် အဆင်ပြေနိုင်ပါတယ်။ ဒါမှမဟုတ်ဘဲ ကိုယ်လုပ်တာကအမှန်ပဲ၊ ဒါပဲလုပ်မယ်ဆိုရင် မှန်ကန်တဲ့အပြောင်းအလဲဆိုတာ မဖြစ်နိုင်ပါဘူး’’ဟု ပြည်သူ့လွှတ်တော်အမျိုးသားစီမံကိန်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးနှင့်အခွန်အကောက်ဆိုင်ရာ စိစစ်ညှိနှိုင်းရေးကော်မတီဝင် ဒီချုပ်ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်းကပြောသည်။

လက်ရှိလွှတ်တော်တွင် ဘတ်ဂျက်၏ ၁၃ ဒသမ ၁၄ ရာခိုင်နှုန်းသည် ကာကွယ်ရေးအသုံး စရိတ်ဖြစ်ပြီး ပညာရေးအတွက်၆ ဒသမ၇၉ ရာခိုင်နှုန်းနှင့် ကျန်းမာရေးအတွက် ၃ ဒသမ ၆၅ ရာခိုင်နှုန်းသာရှိသည်။ အခြားအာဆီယံနိုင်ငံများ၏ ကာကွယ်ရေးနှင့် ပညာရေးတို့၏ ဘတ်ဂျက်သုံးစွဲမှုအချိုးကွာဟမှုနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံ၏ ကာကွယ်ရေးနှင့်ပညာရေးအသုံးစရိတ်ကွာဟမှု ပိုများနေသည်။

ယခုနှစ်အတွင်း မြန်မာ့တပ် မတော်သည် ပါကစ္စတန်နိုင်ငံမှ အမေရိကန်ဒေါ်လာသန်း ၃၂၀ ခန့်မှ သန်း ၄၀၀ အထိတန်ဖိုးရှိသည့်တိုက်လေယာဉ် ၁၆ စီးကို ဝယ်ယူခဲ့သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း အိန္ဒိယ၊ အစ္စရေး စသည့်နိုင်ငံများတွင် စစ်လက်နက်ပစ္စည်းများ၊ ယာဉ်များ၊ နည်းပညာများကို လေ့လာခဲ့သည်။

ရေတပ်အတွက် ရေငုပ် သင်္ဘောရရှိရန် ကြိုးပမ်းသွားမည် ဖြစ်ပြီး သုံး၊ လေးနှစ်ခန့်အတွင်း မြန်မာနိုင်ငံ၌ ရေငုပ်သင်္ဘော မြင်တွေ့ရဖွယ်ရှိကြောင်း တပ်ချုပ်ကပြောကြားသည်။ လေတပ်အတွက် လည်း တိုက်လေယာဉ်များသာ မက ကင်းထောက်လေယာဉ် များ၊ဗုံးကြဲလေယာဉ်များနှင့် ပို့ဆောင်ရေးလေယာဉ်များပါ လိုအပ်နေသေးကြောင်းပြောကြားသည်။ ၎င်းအနေဖြင့် ခေတ်မီတပ်မတော်အဖြစ် ဖွဲ့စည်းနိုင်ရန်အားသန် လျက်ရှိနေသော်လည်း ပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ် နိုင်သောကြောင့် ချိန်ဆနေသည် ဟုပြောသည်။

တစ်ဖက်တွင်လည်း အာ ဏာရလာမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ပညာရေးနှင့်ပတ်သက်၍ အခြေခံပညာ အလယ်တန်းနှင့်အထက်တန်း အဆင့်ကို လူတိုင်းလက်လှမ်းမီ ရန် ဖွံ့ဖြိုးမှုအားနည်းသည့်ဒေသ များ၌ ကျောင်းလိုအပ်ချက်အပေါ်မူတည်၍ တိုးမြှင့်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် ဆရာနှင့်ကျောင်းသား အချိုးမျှတစေရန် ကျောင်းသားမိဘနှင့်ရပ်ကျေးအပေါ် ဝန်မပိစေသည့် ပညာရေးဖြစ်ရန် နိုင်ငံတော်ဘဏ္ဍာငွေသုံးစွဲမှုနှင့် အခြားပုဂ္ဂလိကနှင့်ပြည်တွင်းပြည်ပမှ ပညာရေးအထောက်အပံ့များကို အကျိုးရှိသည့်ဘဏ္ဍာငွေခွဲဝေသုံးစွဲမှုဖြစ်ရန် ဆောင်ရွက်မည်ဖြစ် ကြောင်းဖော်ပြထားသည်။

ထို့ပြင် နိုင်ငံတော်ကကျန်းမာရေးဘတ်ဂျက်များကို တိုးမြှင့်သုံးစွဲ၍ ပြည်သူများကျန်းမာရေး အတွက် ဆေးကုသစရိတ်များ လျှော့ချနိုင်ရန် ဆောင်ရွက်မည် ဟုဖော်ပြထားသည်။

လက်ရှိအချိန်တွင် ဘတ်ဂျက်လိုငွေများပြားနေ၍ ငွေကြေးဖောင်းပွမှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းများဖြစ်ပေါ်ကာ လိုငွေလျှော့ချစိစစ်ရန် စီးပွားရေးပညာရှင်များက အကြံပြုထားသည်။ လက်ရှိအစိုးရလက်ထက် ဘတ်ဂျက်လိုငွေများမှာ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် ကျပ်၁၆၀၀ ဘီလီယံကျော် ၂၀၁၂-၁၃ တွင် ကျပ် ၁၂၅၀ ဘီလီယံ၊ ၂၀၁၃-၁၄ တွင် ကျပ် ၇၅၅ ဘီလီယံ ၊၂၀၁၄-၁၅ တွင် ကျပ်၂၅၅၀ ဘီလီယံကျော်နှင့် ၂၀၁၅-၁၆ တွင် ကျပ်၃၆၀၀ ဘီလီယံ ကျော်ရှိနေသည့်အနေအထားဖြစ်သည်။

အစိုးရဝန်ကြီးဌာနများ၏ ဘဏ္ဍာငွေခွဲဝေသုံးစွဲမှုနှင့် လွှတ် တော်၏ဘဏ္ဍာငွေဆွေးနွေး အတည်ပြုမှုများသည် အာဏာရလာမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏မူဝါဒများအပေါ် မူတည်မည်ဖြစ်သည်။ သို့သော် လက်ရှိအချိန်အထိ ပါတီမူဝါဒနှင့်ပတ်သက်၍ ထုတ်ဖော်ပြောကြားရန်အချိန်မကျသေးကြောင်း ပါတီဗဟိုကော်မတီဝင်ဦးဝင်းထိန်က ဆိုသည်။

‘‘ကျွန်တော်တို့မှာ မပြောရ မယ့်တာဝန်ရှိပါတယ်။ ဒီအချိန် မှာက ကျွန်တော်တို့က ဘာမှ မလုပ်ဘဲ တိတ်တိတ်ဆိတ်ဆိတ် နေရမယ့်အချိန်လေ။ အမှားခံလို့ မရနိုင်ပါဘူး။ လွှတ်တော်မှာ ဘာ တွေလုပ်ဆောင်သွားမယ်ဆိုတာ ပါတီမှာမူချမှတ်ပြီးသားပါ။ ဘာတွေလုပ်သွားမယ်ဆိုတာ ကျွန်တော်မပြောသေးပါဘူး။ ပြောစရာမလိုသေးပါဘူး’’ဟု ၎င်းက ဆိုသည်။

လက်ရှိလွှတ်တော်သက် တမ်းအတွင်း ဘတ်ဂျက်ဆိုင်ရာ ကိစ္စများကိုဆောင်ရွက်နေသည့် ဒီချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကမူ နောက်တက် လာမည့် လွှတ်တော်သစ် တစ် နည်းအားဖြင့် အစိုးရသစ်သည် မည်သည့်ပုံစံဖြင့် တက်လာသည်ဖြစ်စေ စစ်တပ်၏အသုံးစရိတ်များကို သိသာစွာဖြတ်တောက်မည့်အလားအလာမရှိနိုင်ကြောင်း သုံးသပ်သည်။

တပ်မတော်အနေဖြင့် အသုံးစရိတ်အများဆုံးသုံးစွဲနေသော် လည်း နိုင်ငံတကာဖြင့်ယှဉ်လျှင် ခေတ်မီသည့်တပ်မတော်တစ်ရပ် မဖြစ်သေးကြောင်း လွှတ်တော် သစ်အနေဖြင့် တပ်မတော်နှင့် ဘတ်ဂျက်ခွဲဝေသုံးစွဲရေးနှင့်ပတ် သက်၍ ပြဿနာမရှိနိုင်ဘဲဆွေးနွေး ညှိနှိုင်းလိမ့်မည်ဟုထင်ကြောင်း ၎င်းကဆိုသည်။

‘‘အများကြိုက်လုပ်လို့မရ တာမျိုးရှိတယ်။ တကယ့်တိုင်း ပြည်ရဲ့ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံ ရေးတွေအပေါ်မှာ စဉ်းစားရမယ်’ ဟု ဦးဖြိုးမင်းသိန်းကဆိုသည်။

ပညာရေး၊ ကျန်းမာရေး ကဏ္ဍများသည် ရေရှည်စီမံကိန်း ဖြင့် အလေးထားဆောင်ရွက်ရ မည့် ကဏ္ဍများဖြစ်သော်လည်း ဘဏ္ဍာနှစ်တစ်ခုချင်းစီအလိုက် ဦးစားပေးရမည့်ကဏ္ဍများကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ဒေါ်ဖြူဖြူသင်းကမူ ဘတ် ဂျက်ကို ပြည်သူဗဟိုပြုဆောင် ရွက်ရမည်ဖြစ်ကြောင်း ပညာရေး၊ကျန်းမာရေး စသည့်ကဏ္ဍများ တွင် ဘတ်ဂျက်သုံးစွဲမှုမှာ ယခင် ကထက်စာလျှင် အများကြီးတိုး တက်လာသော်လည်း နိုင်ငံတကာနှင့်ယှဉ်လျှင် နည်းနေသေးကြောင်းပြောသည်။

‘‘ကျွန်မတို့နိုင်ငံမှာတော့ အများအားဖြင့် ကာကွယ်ရေး ဘက်မှာ ဘတ်ဂျက်သုံးစွဲတာများ တယ်။ အဲဒီဘက်မှာ ငွေကြေး တအားသုံးစွဲသလိုဖြစ်နေတယ်။ အမှန်တကယ်က ပညာရေးဘက် မှာငွေကြေးများများသုံးစွဲမှ တိုင်း ပြည်ပြန်လည်ထူထောင်ရေးကို လုပ်လို့ရမယ်’’ဟု ဒေါ်ဖြူဖြူသင်း ကပြောသည်။

လာမည့်လွှတ်တော်သစ် တွင် ဘတ်ဂျက်ခွဲဝေမှုသည် လက်ရှိ လွှတ်တော်ထက် ပိုမိုပွင့်လင်းမြင်သာပြီး ပိုမိုစိစစ်ခွဲဝေနိုင်လိမ့်မည်ဟုထင်ကြောင်း၊ ကာကွယ်ရေးအသုံးစရိတ်ကိုသိသာစွာ လျှော့ချလိမ့်မည်မဟုတ်သော်လည်း ယခင်ကထက် ပိုမိုစိစစ်သောကြောင့် တချို့အသုံးစရိတ်များ လျော့ကျသွားနိုင်ကြောင်း လက်ရှိ ရွေးကောက်ပွဲတွင် ဒီချုပ်မှအနိုင်ရထားသည့် စီးပွားရေးပညာရှင် ဦးသန်းစိုး(ဘောဂဗေဒ)ကပြောသည်။

‘‘နိုင်ငံတကာမှာလည်း ကာ ကွယ်ရေးအသုံးစရိတ်ကများပါ တယ်။ ဒါပေမဲ့ သုံးတဲ့အသုံးစရိတ် တွေက ထိရောက်မှုရှိရဲ့လား၊ လိုအပ်လို့ ဦးစားပေးလားဆိုတာ ကြည့်ရမှာပေါ့။ အဲဒီဝန်ကြီးဌာန သုံးခုမှမဟုတ်ဘူး။ တခြားဝန်ကြီး ဌာနတွေရဲ့အသုံးစရိတ်တွေကို စိစစ်ပြီး တကယ်လိုတဲ့နေရာတွေ မှာသုံးရင် အဆင်ပြေနိုင်ပါတယ်’’ ဟု ဦးသန်းစိုးကပြောသည်။

တပ်မတော်၏ ပြည်တွင်း စစ်များတွင် အသုံးပြုနေသည့် အသုံးစရိတ်များနှင့်ပတ်သက်၍ လည်း ကာကွယ်ရေးဝန်ကြီးဌာန နှင့် လွှတ်တော်တို့အကြား အငြင်းပွားမှုများရှိနိုင်ကြောင်း အမျိုးသမီးအရေးနှင့် နိုင်ငံရေးများဆောင် ရွက်နေသည့် Triangle Womenမှဒါရိုက်တာ ဒေါ်ခင်လေးကဆိုသည်။

‘‘ဘတ်ဂျက်ကို ပညာရေး၊ ကျန်းမာရေးမှာ ပိုသုံးဖို့ကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ဆက်စပ် နေတယ်။ အခုက တိုင်းရင်းသား ဒေသတွေကို ထိုးစစ်ဆင်ချင်တာ တွေ၊ စစ်အသုံးစရိတ်တွေသုံးဖို့ရှိ နေတဲ့အခါကျတော့ စစ်တပ် အတွက် မဖြစ်မနေသုံးနေရတာရှိ တယ်’’ဟု ၎င်းကဆိုသည်။

ငြိမ်းချမ်းရေးကို ပီပြင်စွာ ဆောင်ရွက်လိုလျှင် စစ်အသုံး စရိတ် လျှော့ချရမည်ဖြစ်ပြီး အစိုးရသစ်၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးနှင့် စစ်တပ်အသုံးစရိတ်များကြား ညှိနှိုင်းမှုများမရှိလျှင် ပဋိပက္ခများဖြစ်လာမည်ဟု ဒေါ်ခင်လေးကဆိုသည်။

‘‘အစိုးရက ငြိမ်းချမ်းရေးလုပ် တယ်။ တပ်မတော်ကလည်း စစ် တိုက်နေတယ်ဆိုမဖြစ်ဘူး။ ညှိ နှိုင်းပြီးလုပ်မှရမယ်’’ဟု ဦးဖြိုးမင်း သိန်းကပြောသည်။

စစ်တပ်အသုံးစရိတ်နှင့် ပတ်သက်၍ ပဋိပက္ခမဖြစ်ရန် ကာကွယ်ရေးဝန်ကြီးဌာနကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကသာ တိုက်ရိုက်အုပ်ချုပ်ခွင့်ပြုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှသာရမည်ဟု ဒေါ်ခင်လေးကပြောသည်။

လွှတ်တော်သစ်စတင်ရန်မှာ နှစ်လကျော်သာလိုပါတော့သည်။လွှတ်တော်သစ်တက်လာပြီး မကြာမီမှာပင် ဧပြီလခန့်၌ ပထမဆုံးဘတ်ဂျက်ကို ဆွေးနွေးအတည်ပြုရတော့မည်ဖြစ်သည်။ လွှတ်တော်သစ် တစ်နည်းအားဖြင့် အနိုင်ရပါတီ၏ ဘတ်ဂျက်ဆိုင်ရာမူဝါဒကိုလည်း မြင်တွေ့ရတော့မည်ဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List