Friday, November 27, 2015

အစိုးရဖွဲ့ရာတွင် NLD မှ မဟုတ်သည့် တိုင်းရင်းသားများ၊ နိုင်ငံအကျိုးပြုမည့်သူများ ပါနိုင်မည်ဟု မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


အစိုးရဖွဲ့ရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် မဟုတ်သည့် တိုင်းရင်းသားများ၊ နိုင်ငံအကျိုးပြုမည့်သူများ ပါနိုင်မည်ဟု မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ လွတ်လပ်တဲ့ အာရှအသံ (RFA) သတင်းဌာန၏ အပတ်စဉ် ကဏ္ဍတစ်ခုဖြစ်သော “ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်၏ နိုဝင်ဘာ ၂၅ ရက် မေးမြန်းခန်းတွင် အစိုးရ ဖွဲ့စည်းရာတွင် NLD ပါတီဝင် မဟုတ်သည့် တိုင်းရင်းသားများ ပါ၊ မပါနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
“အစ်မတို့ဖွဲ့မယ့် အစိုးရထဲမှာ NLD မဟုတ်တဲ့ တိုင်းရင်းသားတွေလည်း ပါမယ်။ တခြားနိုင်ငံကို အကျိုးပြုနိုင်မယ့် သူတွေလည်း ပါနိုင်လိမ့်မယ်လို့ အစ်မတို့ မျှော်လင့်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် အစိုးရဖွဲ့ရာတွင် တိုင်းရင်းသားများ စုံစုံညီညီဖြင့် ပင်လုံစိတ်ဓာတ် အခြေခံသည့် အစိုးရအဖွဲ့ ဖြစ်လာနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က ပင်လုံစိတ်ဓာတ် ဆိုသည်မှာ မည်သည့်အစိုးရမဆို ရှိနိုင်ကြောင်း၊ ထိုကဲ့သို့ ထည့်သွင်း ဖွဲ့စည်းမှ ပင်လုံစိတ်ဓာတ် ရှိမည်မဟုတ်ဘဲ ပြောင်းပြန်အားဖြင့် မည်သည့် အစိုးရ တက်လာလာ ပြည်ထောင်စု စိတ်ဓာတ်ကို အခြေခံရမည်သာ ဖြစ်ကြောင်း ပြောကြားသည်။

“အစ်မတို့ဟာ NLD က အခု အစိုးရ လုံးဝ NLD ပါတီ တစ်ခုတည်းနဲ့ ဖွဲ့နိုင်တဲ့ အခြေအနေ ရှိပေမယ့် အစကတည်းက ပြောထားတယ်။ အမျိုးသား ရင်ကြားစေ့ရေးကို အခြေခံပြီးတော့ ဒီလိုမလုပ်ဘူး။ နိုင်လို့ အားလုံးယူမယ် ဆိုတဲ့ ပုံစံနဲ့ မလုပ်ဘူး။ နိုင်လို့မျှပြီးတော့ အားလုံးနဲ့အတူ ပူးပေါင်းလုပ်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ လုပ်မယ်။ NLD ကတော့ ဦးဆောင်မှာပေါ့။ ဒါပြည်သူလူထုက ပေးထားတဲ့ တာဝန်လေ။ ပြည်သူလူထုကနေ NLD ကို မဲပေးတယ်ဆိုတာဟာ အစိုးရဖွဲ့ဖို့အတွက် တာဝန်ပေးတာပဲ။ အဲဒီအတွက်လည်း အစ်မတို့ ပြောင်ပြောင် တင်းတင်းပဲ တောင်းခံခဲ့တာပဲ။ NLD ကို မဲပေးပါ။ အစိုးရ ဖွဲ့နိုင်တဲ့ အခြေအနေ ဖြစ်အောင်လို့ မဲပေးပါဆိုပြီးတော့ တောင်းခံခဲ့တယ်။ ပြည်သူကလည်း တောင်းခံတဲ့အတိုင်း အစ်မတို့ ဆန္ဒကို ဖြည့်ပေးခဲ့တယ်။ အဲဒီတော့ ပြည်သူရဲ့လိုအပ်ချက်တွေ ဖြည့်ပေးဖို့ အစ်မတို့က တာဝန်ရှိတာပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့အတူ ယခင်က ဒေါ်အောင်ဆန်းစုကြည်အား လိုလားသည့် ၀န်ထမ်းများသည် အရေးယူခံရပြီး လက်ရှိတွင် အဆိုပါဝဋ်မှ ကျွတ်သွားပြီ ဖြစ်သော်လည်း ၀န်ထမ်းများ အနေဖြင့် အသစ်လာမည့် ၀န်ကြီးများ၊ အရာရှိများသည် ၎င်းတို့အပေါ် မည်သို့ ဆက်ဆံမည်ကို စိုးရိမ်နေကြကြောင်း မေးမြန်းမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က အာဏာပြချင်သည့် ပုဂ္ဂိုလ်များ ၀န်ကြီးနေရာ ပေးမည်မဟုတ်ကြောင်း ပြောကြားသည်။

“အစကတည်းက သေသေချာချာ ပြောထားတာပါ။ ဒါရာထူး ခန့်အပ်မှာ မဟုတ်ဘူး။ နေရာပေးမှာ မဟုတ်ဘူး။ တာဝန်ပဲ ပေးမှာ။ တာဝန်ကို မယူတတ်လို့ရှိရင် ပြည်သူလူထုကို မလေးစားလို့ရှိရင် NLD အစိုးရ အဖွဲ့ဝင်တစ်ယောက် ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ဒေါ် အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် အစိုးရ ၀န်ထမ်းများ၏ အခြေအနေများ ဘ၀များ ဖွံ့ဖြိုးတိုးတက်ရန်မှာ ၀န်ထမ်းများအတွက်ပင် မဟုတ်ဘဲ နိုင်ငံအတွက်ပါ လိုအပ်ကြောင်း၊ ၀န်ထမ်းများသည် နိုင်ငံကို ချစ်စိတ်နှင့် နိုင်ငံအတွက် ၀န်ထမ်းမည်ဆိုသည့် စိတ်ဖြစ်စေအောင် မိမိတို့အားလုံး ၀ိုင်းဝန်း ကြိုးစားရမည် ဖြစ်ကြောင်း၊ ၀န်ထမ်းများသည် ပြည်သူ့အတွက် ပြည်သူ့ဝန်ကိုထမ်းသည့် ပုဂ္ဂိုလ်များ ဆိုသည်ကို ပြည်သူများ ယုံကြည်နိုင်အောင် ၀န်ထမ်းများဘက်က လုပ်ရမည်ဖြစ်ကြောင်း၊ တစ်ဖက်သတ် မည်သည့် အခါမှ မဖြစ်နိုင်ကြောင်း၊ နိုင်ငံ တိုးတက်ရေးအတွက် မိမိတစ်ယောက်တည်း လုပ်၍မရကြောင်း၊ NLD တစ်ခုတည်းလည်း လုပ်၍ မရကြောင်းနှင့် ပြည်သူလူထု အားလုံးပါဝင်မှ ဖြစ်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

Eleven Media Group


No comments:

Post a Comment

My Blog List