Monday, November 23, 2015

ဒေါ်အောင်ဆန်းစုကြည် ခြေလှမ်းသွက်နေတဲ့ နိုင်ငံရေး ကစားကွက်


၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရပါတီ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာ ၁၉ရက်နေ့တစ်နေ့တည်းမှာပဲ သူရဦး ရွှေမန်း၊ ၄၂ နိုင်ငံမှ နိုင်ငံခြားသံရုံးများမှ သံအမတ်များနဲ့တွေ့ခဲ့ပါတယ်။ သူမဟာ ရွေးကောက်ပွဲအပြီး နှစ်ရက်အကြာမှာပဲ အမျိုးသားရင်ကြားစေ့ရေးဆွေးနွေးရန်အတွက် နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းတို့နဲ့တွေ့ဆုံဖို့ ကမ်းလှမ်းခဲ့တာပါ။
သူရဦးရွှေမန်းကတော့ တုံ့ဆိုင်းမနေဘဲတွေ့ ဆုံမယ်လို့ အကြောင်းပြန်ခဲ့ပေမယ့် နိုင်ငံတော်သမ္မတနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကတော့ ရွေး ကောက်ပွဲလုပ်ငန်းစဉ်တွေပြီးမှ တွေ့မယ်လို့ဆိုထားပါ တယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်းတို့ တွေ့ဆုံဆွေးနွေးပွဲဟာ နှစ်နာရီလောက်ကြာပါတယ်။ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ် တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်သူ့ လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေးကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်၊ အဖွဲ့ဝင် ဒေါက်တာ ဇော်မြင့်မောင်နှင့် ပြည်ထောင်စုလွှတ်တော် ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးတို့လည်း တက် ရောက် တာတွေ့ရပါတယ်။

ဒီဆွေးနွေးပွဲအပြီးမှာ ပူးတွဲကြေညာချက် ထုတ်ခဲ့ပါတယ်။ အဓိကအနေနဲ့ လွှတ်တော်များ ပြန် လည်ဖွဲ့စည်းရာမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အလေးထား ရှေးရှုဆောင်ရွက်ဖို့ ဒုတိယအကြိမ်လွှတ်တော်များကို ဥပဒေနဲ့အညီ ခေါ်ယူဖွဲ့စည်းနိုင်ရေးအတွက် ဆွေးနွေး ညှိနှိုင်း ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ ပါဝင်တာ တွေ့ရပါတယ်။

ရွေးကောက်ပွဲအနိုင်ရပြီးခဲ့ပေမယ့် ဒေါ် အောင်ဆန်းစုကြည်ဟာ သိုသိုသိပ်သိပ်နဲ့ လုပ်သင့်တာ တွေ တစ်ဆင့်ပြီးတစ်ဆင့်သတိထားပြီး ဆက်လုပ်နေပါ တယ်။ ၁၉၉ဝ ရွေးကောက်ပွဲကလို ထပ်မဖြစ်တော့ပေ မယ့် ကိုယ့်ဘက်ကအမှားကင်းအောင် သတိထားဆောင် ရွက်နေတာတွေ့ရပါတယ်။ သူမရဲ့ရှေ့ဆက်လုပ်ငန်း စဉ်တွေအတွက် အတားအဆီးဖြစ်မှာစိုးနေတာကို တော့ တွေ့ရပါတယ်။ ဒါကြောင့်လည်း ရွေးကောက်ပွဲ အနိုင်ရပေမယ့်အောင်ပွဲမခံဘဲ သိုသိပ်စွာလုပ်စရာရှိ တာတွေ ဆက်လုပ်နေတာပဲဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းတို့နဲ့ တွေ့ဆုံဖို့ကမ်းလှမ်းခဲ့တာဟာလည်း အမျိုးသားရင်ကြားစေ့ရေးလို့ နာမည်တပ်ထားပေမယ့် အသွင် ကူးပြောင်းရေး အရွေ့မှာ သူတို့ရဲ့အားဘယ်လောက်
အရေးပါလဲဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရိပ်မိပါတယ်။

ဒီအားတွေအပြင် နိုင်ငံတကာရဲ့အင်အားပါလိုတာကို သိတဲ့အတွက် သူရဦးရွှေမန်းနဲ့တွေ့တဲ့နေ့မှာပဲ ၄၂ နိုင်ငံမှ နိုင်ငံခြားသံရုံးများမှ သံအမတ်များနဲ့အရေး တကြီး တွေ့ခဲ့ပါတယ်။

ဘာတွေဆွေးနွေးခဲ့လဲလို့ အမေရိကန်သံအမတ်ကိုမေးကြည့်တော့ အကြောင်းအရာအစုံပါပဲ။ လွတ်လပ်ပွင့်လင်းစွာနဲ့ပဲ ပြောခဲ့ကြတာပါလို့ပဲ ပြောခဲ့ ပါတယ်။ ဒီထက်ပိုပြီးတော့ အင်ဖော်မေးရှင်းမပေးခဲ့ပါ ဘူး။ ဒါပေမဲ့ ဒီအစည်းအဝေးကိုတက်ရောက်ခဲ့တဲ့ ဦးစိုင်းဘိုးအောင် (အဖွဲ့ဝင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ)ကို မေးကြည့်တော့အခုလိုပြောပြပါတယ်။

''အဓိကဆွေးနွေးတာကတော့ ရွေးကောက်ပွဲလွန်ကာလ အပြောင်းအလဲကိုဆွေးနွေး မေးမြန်းကြတာဖြစ်ပါတယ်။ သံတမန်ပိုင်းကတော့ မပြောင်းလဲခင်နှင့် ပြောင်းလဲလွန်ကာလမှာဖြစ်ပေါ်လာမယ့်အနေအထားတွေကို သူတို့ကမေးမြန်းဆွေးနွေးတာ များပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းက ဒီအပြောင်းအလဲ ကာလမှာ ပူးပေါင်းပါဝင်ပေးဖို့ဒေါ်အောင်ဆန်းစု ကြည်က ပြောတာတော့ရှိပါတယ်''လို့ ပြောပါတယ်။ သူပြောသလို ဒေါ်အောင်ဆန်းစုကြည်က အပြောင်း အလဲကာလမှာ နိုင်ငံတကာအသိုင်းအဝိုင်းပူးပေါင်း ပါဝင်ပေးဖို့ ဆိုလိုက်ခြင်းဖြစ်ပါတယ်။

မြန်မာ့ရွေးကောက်ပွဲဟာ သိမ်မွေ့ညင်သာ စွာနဲ့ပြီးစီးခဲ့လို့ နိုင်ငံတော်သမ္မတ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဟာ နိုင်ငံတကာမှာ မျက်နှာရခဲ့ပါတယ်။ ဒါကိုလည်း ဒေါ်အောင်ဆန်းစုကြည် ကောင်း ကောင်း သိပုံရပါတယ်။ ဒါကြောင့်လည်း အမျိုးသား ရင်ကြားစေ့ရေးဆိုပြီး ကြီးသုံးကြီးနဲ့တွေ့ချင်တာလည်း ဖြစ်ပါတယ်။ အသွင်ကူးပြောင်းရေးကာလမှာ အဖု အထစ်မရှိ သိမ်မွေ့ညင်သာစွာနဲ့ နိဋ္ဌိတံရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြေလှမ်းသွက်နေတဲ့ နိုင်ငံရေးကစားကွက်များ ကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ကြောင်းပါဗျာ။

ရွေးကောက်ပွဲနာကျနေတဲ့လွှတ်တော်
**************************************
ရွေးကောက်ပွဲအပြီး တစ်ပတ်အကြာမှာ ပြန်စတဲ့လွှတ်တော်ဟာ မြင်ကွင်းတစ်မျိုးပြောင်းနေပါတယ်။ ဆိတ်ငြိမ်နေပါတယ်။ နွမ်းလျနေပါတယ်။ ဘာကြောင့်လဲဆိုတော့ လွှတ်တော်တက်နေသူ အများစုဟာ ရွေးကောက်ပွဲမှာရှုံးခဲ့ကြပါတယ်။ ရွေးကောက် ပွဲနာကျနေတယ်လို့ဆိုချင်ပါတယ်။

ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ NLD ဘက် ကဘာပြောမလဲ။ ရှုံးနိမ်ခဲ့တဲ့သူတွေရဲ့အသံဘယ်လိုရှိမလဲဆိုတာသိချင်နေတဲ့ မီဒီယာတွေကတော့ လွှတ် တော်မှာပျားပန်းခပ်နေပါတယ်။

''ကျွန်တော်ရှုံးတာဘာမှမဖြစ်ပါဘူး။ သူ့လို လူက လွှတ်တော်ထဲမှာရှိနေရမယ့်လူလေ။ လွှတ်တော် နိုင်ငံရေးကို အင်မတန်တော်တဲ့သူ။ အခုသူမပါလာ တော့ဘူး''လို့ဆိုလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးရဲ့စကားသံက ဝမ်းနည်းသံပါနေပါတယ်။

''ကျွန်တော်တို့က အရည်အချင်းရှိတယ်။ ဒါပေမဲ့ ပြည်သူက လူကိုမကြည့်ဘဲ ပါတီတံဆိပ်တစ်ခု တည်းကိုပဲကြည့်သွားတာ''လို့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကလည်း မချိတင်ကဲပြောနေပါတယ်။

''ကျွန်တော်တို့ ငါးနှစ်ကျောင်းတက်လို့ဘွဲ့ ရသွားပြီ။ နောက်လူတွေဘွဲ့ရဖို့အတွက် ကျောင်းဆက်တက်ကြပေါ့''လို့ဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ်လည်း ရှိပါတယ်။ ဒီအချက်တွေကို ထောက်ရှုမယ်ဆိုရင်ရွေး ကောက်ပွဲရလဒ်ဒဏ်ရာဟာ လွှတ်တော်ပြန်စချိန်မှာ အကင်းမသေကြသေးတာတွေ့ရပါတယ်။

''ဥပမာ-ဦးသိန်းညွန့်ပေါ့။ လွှတ်တော်နိုင်ငံရေးမှာ အရမ်းတော်တယ်။ ခုသူပါမလာတော့ဘူး။ ပြည်သူအတွက်အရမ်းနစ်နာတယ်။ ကျွန်တော်တို့က လွှတ်တော်ပြင်ပ နိုင်ငံရေးဆက်လုပ်လို့ရပါသေးတယ်'' လို့ လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကစာရေးသူကိုပြောပါတယ်။

နောက်မီဒီယာတွေကတော့ ရွေးကောက်ပွဲ မှာအနိုင်ရခဲ့တဲ့ NLD ဘက်ကအသံကိုမေးကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ မီဒီယာတွေဝိုင်းအုံမေးတာကိုတော့တစ်ခွန်းတလေမှ ပြန်ပြောခဲ့တာမရှိပါဘူး။

ရွေးကောက်ပွဲမှာအနိုင်မရခဲ့တဲ့ USDP ဘက်ကအသံရဖို့ ပူးတွဲဥက္ကဋ္ဌဦးဌေးဦးဆီ ချဉ်းကပ်ကြပါတယ်။ အစပိုင်းမှာ မီဒီယာကိုရှောင်ခဲ့ပေမယ့် အစည်းအဝေးပြီးမှာတော့ဦးဌေးဦးကတော့ ဖြေကြားပေးပါတယ်။

''ပြည်သူအတွက် ကျွန်တော်တို့တကယ်လုပ် ပေးခဲ့တာပါ။ သူတို့က အရည်အချင်းကိုမကြည့်ခဲ့ဘူး။ ပါတီကိုပဲကြည့်ပြီး ထည့်ခဲ့တာလေ။ တချို့ဆို ပါတီကိုပဲမဲပေးခဲ့တဲ့အတွက် ကိုယ်ပေးတဲ့သူဘယ်သူဆိုတာ တောင်မသိဘူး။ ပြည်သူတွေ နည်းနည်းစိတ်ရှုပ်သွား တယ်နဲ့တူတယ်။ လာမယ့်လွှတ်တော်မှာ USDP က ၁ဝ ရာခိုင်နှုန်းပဲရှိတာက အရေးမကြီးပါဘူး။ လွှတ်တော် ပြင်ပမှာ ကျွန်တော်တို့သန်းကျော်ရှိပါတယ်။ လွှတ်တော် ပြင်ပနိုင်ငံရေးအများကြီးလုပ်နိုင်ပါတယ်''လို့ ဦးဌေး ဦးက စာရေးသူကိုပြောပါတယ်။

ရွေးကောက်ပွဲအပြီး ပြန်စတဲ့လွှတ်တော်မှာ တော့ ရွေးကောက်ပွဲရလဒ်တွေက ကိုယ်စားလှယ်အ တော်တော်များများထံ ရိုက်ခတ်ခဲ့တယ်လို့ဆိုရမှာဖြစ် ပါတယ်။ ရွေးကောက်ပွဲနာကျနေတယ်လို့ပဲပြောချင် ပါတယ်။

ဒီအခြေအနေကိုရိပ်စားမိဟန်တူတဲ့ ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းက ''ကျွန်တော်အပါ အဝင်မဲရှုံးကြသူများအနေနဲ့ လွှတ်တော်အတွင်းပြန် လာစရာအကြောင်းမရှိပါဘူး။ ဒါကြောင့် ကျန်နေသေးတဲ့လွှတ်တော်သက်တမ်းနှစ်လအတွင်း ပြည်သူ့အတွက်စေတနာပါပါ သစ္စာရှိရှိဆောင်ရွက်ဖို့တိုက်တွန်း ပြော ကြားလိုပါတယ်''လို့ ပြည်သူ့လွှတ်တော်အစည်းအဝေး စစချင်းမှာပဲ ထုတ်ပြောလိုက်ပါတယ်။

အခုကျင်းပတဲ့ ပထမအကြိမ်လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နောက်ဆုံးအ ကြိမ်အစည်းအဝေးပဲဖြစ်ပါတယ်။ ဒုတိယအကြိမ် လွှတ်တော်ကိုတော့ ၂ဝ၁၆ ဇန်နဝါရီထဲမှာ ပြန်စမှာပါ။ ဖွဲ့စည်းပုံအရ ၂ဝ၁၅ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့သူ တွေကို ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် လက်ရှိပြည်ထောင်စု လွှတ်တော်နာယက ကအစည်း အဝေးခေါ်ပေးရမှာပါ။ ပြီးရင်သဘာပတိကို ရွေးချယ် ရမှာပါ။ သဘာပတိက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ပြီးသည်အထိ ပြည်သူ့လွှတ်တော်အစည်းအဝေးကို ကြီးကြပ်ကွပ်ကဲရမှာပါ။

(ပုဒ်မ၁၂၃။ ပြည်သူ့လွှတ်တော်၏ သက် တမ်းတစ်ရပ်စတင်သော ပထမအကြိမ် ပုံမှန်အစည်း အဝေးကို အထွေထွေရွေးကောက်ပွဲ စတင်ကျင်းပ သည့်နေ့ရက်မှ ရက်ပေါင်း ၉ဝအတွင်း ကျင်းပရမည်။ ၁၂၄။ (ခ) ပြည်သူ့လွှတ်တော်၏ နောင်သက်တမ်းများ အတွက် ပထမအကြိမ် ပုံမှန်အစည်းအဝေးများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ တာဝန် ဆက်လက်ထမ်းဆောင်လျက်ရှိသော ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌက ခေါ်ယူကျင်းပရမည်။ ၁၁ဝ။ (က) ပြည်သူ့လွှတ်တော် သက်တမ်းတစ်ရပ်၏ ပထမအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး စတင်ကျင်းပသည့် အခါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား သဘာပတိအဖြစ် တင်မြှောက်ရမည်။ (ခ) သဘာပတိ သည် ပြည်သူ့လွှတ်တော် ရှေ့မှောက်တွင် ကတိသစ္စာ ပြုရမည်။ (ဂ) သဘာပတိသည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ပြီး သည်အထိ ပြည်သူ့လွှတ်တော်အစည်းအဝေးကို ကြီး ကြပ်ကွပ်ကဲရမည်။ ၁၁၁။ (က) (၁) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တစ်ဦးနှင့် ဒုတိယဥက္ကဋ္ဌတစ်ဦးကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထဲမှ ရွေးကောက်တင်မြှောက်ရမည်)

ဒါကြောင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းပြောသလို ရွေးကောက်ပွဲရှုံးခဲ့ကြပေမယ့် ကျန်နေသေးတဲ့ လွှတ်တော်သက်တမ်း နှစ်လအတွင်း ပြည်သူအတွက် စေတနာပါပါသစ္စာရှိရှိ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ရွေးကောက်ပွဲရှုံးနိမ့်မှု တစ်နည်းဆိုသော် ရွေးကောက်ပွဲနာကျင်မှုကို ခံစားမနေကြပဲ ပြည်သူအ တွက် စေတနာပါပါ သစ္စာရှိရှိဆောင်ရွက်ပေးဖို့ လိုပါ တယ်လို့ဆိုလိုက်ချင်ကြောင်းပါ။
သေနတ်သံတွေစဲဖို့အဓိကလိုအပ်ပါတယ်
******************************************
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး Joint Implementing Coordinating Meetings (JICM) ကို နေပြည်တော်မှာ လုပ်သွားခဲ့ပါတယ်။ နိုဝင်ဘာ ၁၇၊ ၁၈ နှစ်ရက်ကြာ ပြုလုပ်ခဲ့တဲ့ဒီဆွေးနွေးပွဲမှာ NCA လက်မှတ်ထိုးထား တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့တက်ရောက် ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ရေးဆွဲခြင်း၊ အားလုံးပါဝင်ရေးမူဖြင့် ပါဝင်သင့်ပါဝင် ထိုက်သူများနှင့် အချိုးအစားသတ်မှတ်ခြင်း၊ ဆွေးနွေး ရန်အစီအစဉ်များ သတ်မှတ်ခြင်းတို့ကို အသေးစိတ် ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ကို ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်(ဥက္ကဋ္ဌ)၊ စောအိုင်းဇက် ဖိုး (ဒုတိယဥက္ကဋ္ဌ-၁)၊ ဦးပြည့်စုံ (ဒုတိယဥက္ကဋ္ဌ-၂)၊ ဒေါက်တာရွှေခါး (အတွင်းရေးမှူး-၁)၊ ဗိုလ်မှူးကြီးဝဏ္ဏအောင်(အတွင်းရေးမှူး-၂)တို့ ပါဝင်သော အစိုးရ ကိုယ်စားလှယ် ၁ဝ ဦး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းရှစ်ဖွဲ့မှ ကိုယ်စားလှယ် ၁ဝ ဦး၊ နှစ်ဖက်မှအဆိုပြုသော အရပ်သားကိုယ်စားလှယ် ခြောက်ဦး စုစုပေါင်း၂၆ဦးဖြင့် ဖွဲ့စည်းနိုင်ခဲ့တာတွေ့ရပါတယ်။

''နှစ်ဖက်စလုံးဟာ NCA ပါလုပ်ငန်းစဉ် တွေကို တစ်ဆင့်ပြီးတစ်ဆင့် ဆက်လုပ်နေတာကိုတွေ့ ရပါတယ်။ စည်းမျည်းစည်းကမ်းတွေနဲ့ ကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာမှုအချက်တွေကို ကျွန်တော်တို့ ဒီအစည်းအဝေးမှာဘောတူခဲ့ပါတယ်။ JICM အဆင့်ဆင့်ရဲ့လမ်းညွှန်ချက်တွေ ကျွန်တော်တို့ ချမှတ်နိုင်ခဲ့ပါတယ်။ဒီအတိုင်းကျွန်တော်တို့ရှေ့ဆက် သွားမှာဖြစ်ပါတယ်။ ဒီသဘောတူညီချက်တွေကို အောက်ခြေအထိရောက်အောင် အမြန်ဆုံးလုပ်ဆောင် သွားမှာဖြစ်ပါတယ်''လို့ ဗိုလ်မှူးကြီး ဝဏ္ဏအောင်၊ အတွင်းရေးမှူး - ၂ ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီက ပြောပါတယ်။

NCA ရဲ့ခရီးလမ်း ချောမွေ့နေတယ်ဆိုရ ပေမယ့် လက်ရှိရှမ်းပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲ တွေဟာ ဒီဆွေးနွေးပွဲမှာ ပြောစရာတစ်ခုဖြစ်လာတာ တွေ့ရပါတယ်။

''NCA ကိုတန်ဖိုးထားပါတယ်။ တိုင်းရင်း သားဒေသတွေမှာ စစ်ပွဲတွေဖြစ်နေတာကိုတော့ဝမ်း နည်းစွာတွေ့နေရပါတယ်''လို့ KNU အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းကအစည်းအဝေးမှာပြောခဲ့ပါတယ်။

''လက်ရှိ NCA မှာ လက်မှတ်ထိုးထားတဲ့ ရှစ်ဖွဲ့နဲ့ တိုက်ပွဲတွေမရှိပါဘူး။ ဒါကြောင့် ဒီအကြောင်း အရာကို ဆွေးနွေးပွဲမှာ မဆွေးနွေးခဲ့ပါဘူး။ တပ်မ တော်အနေနဲ့ကတော့ လက်ရှိမှာ NCA ထိုးထားတဲ့ ရှစ်ဖွဲ့နဲ့ တိုက်ပွဲတွေမရှိပါဘူး။ NCA မှာအဖွဲ့အားလုံး ပါစေချင်ပါတယ်''လို့ ဗိုလ်မှူးကြီးဝဏ္ဏအောင်က ပြော ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက အစိုးရအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် နိုင်ငံရေး ပါတီများအဖွဲ့သုံးဖွဲ့မှတစ်ဖွဲ့လျှင် ၁၆ ဦးစီပါဝင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု ပူးတွဲကော် မတီကိုဖွဲ့စည်း၍ အဆိုပါအဖွဲ့ကဦးဆောင်ပြီး နိုင်ငံ ရေးဆွေးနွေးပွဲများ ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ NCA စာချုပ်ပါအတိုင်း ရက်ပေါင်း ၆ဝ အတွင်း နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ရေးဆွဲပြီး ရက်ပေါင်း ၉ဝ အတွင်းနိုင်ငံရေးဆွေးနွေးပွဲကို စတင်ရမည်ဖြစ်ကြောင်း ပြော သွားပါတယ်။

ဒါကြောင့် NCA လုပ်ငန်းစဉ်အရ နိုင်ငံရေးဆွေးနွေးပွဲကို စတင်နိုင်ရေးကိုလုပ်ဆောင်ရာမှာ တစ် ဖက်ကလည်း တိုက်ပွဲတွေဖြစ်နေတာကိုလည်း ဝိုင်းဝန်း ထိန်းကျောင်းပေးဖို့လိုပါမယ်။ ဒါမှလည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးဆိုတာ အဓိပ္ပာယ်ပေါ် လွင်မှာဖြစ်ပါတယ်။ တိုက်ပွဲတွေဖြစ်နေတာ NCA မှာ ပါတဲ့သူတွေမဟုတ်ပါလို့ဆိုထားတော့ တိုက်ပွဲတွေရပ် ပြီး ဃြဗမှာပါလာအောင်လက်တွဲခေါ်ဖို့ လိုပါတယ်။

ရှမ်းဘက်မှာဖြစ်နေတာ ပထဝီနိုင်ငံရေး လည်းမကင်းဘူး။ တမင် ဃြဗ မှာမပါအောင်နောက် ကွယ်ကနေ တားဆီးနေတာတွေရှိတယ်။ ကိုယ့်တိုင်း ရင်းသားအချင်းချင်းပဲ ဘယ်ဖြစ်ချင်ပါ့မလဲ။ နောက် ကွယ်မှာ ပထဝီနိုင်ငံရေးကို ကစားနေတာတွေရှိနေလို့ ခုလိုကြန့်ကြာနေတာလို့ အစည်းအဝေးတက်ရောက် ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တစ်ဦးက စာရေး သူကိုရင် ဖွင့်ပါတယ်။

မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ နောင်အစိုးရသစ်လက်ထက်တိုင် ဆက်သွားမှာပါ။တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ဃြဗမှာ ပါလာအောင် နောင်အစိုးရသစ်လက်ထက်တိုင် ဆက် လုပ်သွားရမှာပါ။ ဒါကြောင့် လက်ရှိအခြေအနေမှာ တော့ KNU အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူး ဝင်း အစည်းအဝေးပွဲမှာ ပြောခဲ့တာလေးနဲ့ပဲပြောလိုက် ပါချင်တယ်။ ''သေနတ်သံတွေစဲဖို့ အဓိကလိုအပ်ပါ တယ်''

(မှတ်ချက် ။ NCA စာချုပ်ချုပ်ဆိုပြီး နောက်ရက်ပေါင်း ၉ဝ အတွင်း ဆက်လက်လုပ်ဆောင်ရမယ့်လုပ်ငန်းစဉ် များ ၂၄ နာရီအတွင်း သဘောတူလက်မှတ်ရေးထိုးပြီး ကြောင်း အောက်ခြေအဆင့်ဆင့်သို့ အသိပေးရန်၊ငါးရက်အတွင်း စာချုပ်ပါအချက်အလက်များကို အောက် ခြေအဆင့်ဆင့်သို့ ရှင်းလင်းအသိပေးရန်၊၁၄ ရက်အတွင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအ စည်းအဝေး၊ရက် ၃ဝ အတွင်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC ဖွဲ့စည်းခြင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု ပူးတွဲကော်မတီ (UPDJC) ဖွဲ့စည်းခြင်း၊ တိကျသော အချိန်ဇယား ရေးဆွဲခြင်း၊ စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ စောင့်ကြည့် ရေးကော်မတီလုပ်ငန်းလမ်းညွှန်၊ ရက် ၆ဝ အတွင်း နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ရေးဆွဲခြင်း၊ အားလုံးပါဝင်ရေးမူဖြင့် ပါဝင်သင့်ပါဝင်ထိုက် သူများနှင့် အချိုးအစားသတ်မှတ်ခြင်း၊ မည်သို့ဆွေးနွေး မည်သတ်မှတ်ခြင်း၊ ရက် ၉ဝ အတွင်း နိုင်ငံရေးဆွေးနွေးပွဲများ စတင်ခြင်း၊ ရှေ့ဆက်လက်ပြီး ပြည်ထောင်စုညီလာခံကျင်းပခြင်း၊ ပြည်ထောင်စုသဘောတူစာချုပ် ချုပ်ဆိုခြင်း၊ပြည်ထောင်စုသဘောတူစာချုပ် အကောင်အထည်ဖော် ခြင်း)

(Flower News Journal, Vol-11, No-45)
D. မင်း ရေးသည်။


No comments:

Post a Comment

My Blog List