ပြီးခဲ့တဲ့လ ၃ ရက်နေ့က အာဖဂန်နစ္စတန်နိုင်ငံ ခွန်ဒုစ်မြို့ဆေးရုံကို တိုက်ခိုက် မှုဟာ “လူ့ဆုံးဖြတ်ချက်အမှား” ကြောင့် မှားယွင်းပစ်ခတ်မိတာလို့ အာဖဂန် နစ္စတန်နိုင်ငံမှာ တပ်စွဲနေတဲ့ အမေရိကန်တပ်ဖွဲ့တွေရဲ့ တပ်မှူးကြီး ဂျွန်ကမ်းဘဲလ်က နိုဝင်ဘာ ၂၅ ရက်နေ့က ပြောဆိုပါတယ်။
အမေရိကန်စစ်လေယာဉ် AC-130 ပေါ်က တပ်ဖွဲ့ဝင်တွေက နယ်စည်းမခြားဆရာဝန်များအဖွဲ့ (အမ်အက်စ်အက်ဖ်) ဆေးရုံကို တာလီဘန်တွေ သိမ်းပိုက်ခံထားရတဲ့ အာဖဂန်အစိုးရ အဆောက်အဦနဲ့ မှားယွင်းခဲ့တယ်လို့ အမေရိကန်စစ်တပ် စုံစမ်းမှုကော်မတီက ဆိုပါတယ်။
အဲဒီ မှားယွင်းတိုက်ခိုက်မှု ဖြစ်တဲ့အချိန်က ခွန်ဒုစ်မြို့ တမြို့လုံးနီးပါး တာလီဘန်တွေရဲ့ လျှပ်တပြက် သိမ်းပိုက်ခံထားရပြီး အာဖဂန်တပ်ဖွဲ့တွေနဲ့ အမေရိကန်လေတပ်တို့က တန်ပြန်ထိုးစစ်ဆင်ချိန်လည်း ဖြစ်ပါတယ်။ အဲဒီဆေးရုံ မှားယွင်းပစ်ခတ်မှုအတွင်း အရပ်သား အယောက် ၃၀ သေဆုံးခဲ့ပါတယ်။
အမ်အက်စ်အက်ဖ်ကတော့ စစ်ရာဇ၀တ်မှုလို့ စွပ်စွဲပြောဆိုပြီး တိုက်ခိုက်မှုကို အသေးစိတ် စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဆေးရုံအနီးပတ်ဝန်းကျင်က တာလီဘန်တွေ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ပစ်ခတ်လို့ ဆေးရုံကို တုံ့ပြန်ပစ်ခတ်တာဆိုတဲ့ အမေရိကန်အစိုးရရဲ့ ကနဦး ထုတ်ပြန်ချက်ကို အမ်အက်စ်အက်ဖ်က ငြင်းဆိုခဲ့ပါသေးတယ်။
နောက်ပိုင်း အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့ မှားယွင်းပစ်ခတ်မှုလို့ ၀န်ခံခဲ့ပြီး စုံစမ်းစစ်ဆေးပေးပါမယ်လို့ အမေရိကန်စစ်တပ်က ကတိပေးခဲ့တာပါ။
DVB
No comments:
Post a Comment