ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အားနည်းနေပြီး ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လွှမ်းမိုးမှုကို ခံနေရကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် အချို့က ဝေဖန်ကြသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အား လွှမ်းမိုးထားရာတွင် အချက်အလက်များရှိပြီး ပထမအချက်မှာ တိုင်းဒေသကြီးလွှတ်တော် ခေါ်ယူသည့် အကြိမ်အများစုမှာ အစိုရးရအဖွဲ့၏ ဘတ်ဂျက်အတည်ပြုလိုမှသာ ခေါ်ယူနေခြင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မအားပါက လွှတ်တော်အစည်းအဝေး ခေါ်ယူနိုင်မှု မရှိခြင်း စသည့်အချက်အလက်များ အပေါ်ကို အခြေခံ၍ လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ထောက်ပြကြသည်။
“ရန်ကုန်တိုင်းလွှတ်တော်ကို အစိုးရအဖွဲ့ ဘယ်လိုလွှမ်းမိုးထားတာ စတဲ့အချက်တွေရှိတယ်။ အစိုးရအဖွဲ့ ဘတ်ဂျက်အတည်ပြုချင်မှ လွှတ်တော်ခေါ်တယ်။ အစိုးရအဖွဲ့ မအားရင် မခေါ်ဘူး။ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ဥပဒေအရ လွတ်လပ်စွာ ပြောဆိုခွင့်ရှိတယ်။ ဒါပေမဲ့ ပြောလို့မရ ဘူး။ ပြည်ထောင်စုလွှတ်တော်မှာတောင် ပါဝါပွိုင့်နဲ့ ရှင်းပြချင်ရင် ကြိုတင်ပြစရာ မလိုဘူလို့ ပြောတယ်။ ဒါပေမဲ့ ဒီမှာ ကြိုတင်ပြရတဲ့အပြင် ခွင့်ပြုချက်ရပြီးမှသာ ပါဝါပွိုင့်ကို မိနစ်ပိုင်းအလိုမှာ ပယ်ချခံခဲ့ရတယ်။ နောက်ပြီးတော့ လွှတ်တော်မှာ ပါဝါပွိုင့်နဲ့ တင်ပြမယ့် အချက်အလက်တွေကို လွှတ်တော်မှာ တင်ပြချိန်မှာ အစိုးရအဖွဲ့က နားထောင်ပြီး သိရမှာ။ ဒါပေမဲ့ အစိုးရအဖွဲ့ ၀န်ကြီးတွေက ဒါကိုကြိုသိနေတယ်။ ၀န်ကြီးတစ်ဦးက အန်တီ အဲဒီပါဝါပွိုင့်ကို တင်ထားချိန်မှာ ပါဝါပွိုင့်ထဲက ဘယ်အချက်တွေကို မတင်နဲ့ဆိုပြီး တားမြစ်ပြောဆိုတာ ခံရတယ်။ ဒါက လွှတ်တော်ကို အစိုးရက လွှမ်းမိုးနေတယ်ဆိုတဲ့ အချက်အလက်ကို ပိုခိုင်မာစေပါတယ်” ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တစ်သီးပုဂ္ဂလ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။
“လွှတ်တော်ကို အစိုးရအဖွဲ့ လွှမ်းမိုးနေတာ အသေအချာပါပဲ။ အစိုးရအဖွဲ့ အဆင်သင့်မဖြစ်သေးရင် လွှတ်တော်မခေါ်တော့ဘူးလား။ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးတွေမှာ လွှတ်တော်တွေ အစောကြီးပြီးနေပြီ။ ရန်ကုန်တိုင်းလွှတ်တော်က တော်တော်ကို နောက်ကျနေတာ။ ပြီးတော့ ၀န်ကြီးချုပ်ကလည်း တပ်မတော်သားဟောင်း၊ လွှတ်တော်ဥက္ကဋ္ဌကလည်း တပ်မတော်သားဟောင်း၊ ဒါပေမဲ့ တပ်မတော်မှာတုန်းက ၀န်ကြီးချုပ်က လွှတ်တော်ဥက္ကဋ္ဌထက် ရာထူးကြီးခဲ့တော့ ဒီလိုအစိုးရက လွှမ်းမိုးမှုတွေ ရှိနေတယ်လို့ သုံးသပ်မိပါတယ်” ဟု အတိုက်အခံပါတီ တစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီ ပါတီသစ်၏ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ပြောကြားသည်။
“လွှတ်တော်မှာ လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်ရှိတယ်။ ဒါပေမဲ့ အားမရဘူး” ဟု အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ် တာမွေမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ဦးဝင်းထိန်က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် လွတ်လပ်စွာပြေဆိုခွင့်ကို ချုပ်ကိုင်သည့် လုပ်ရပ်တစ်ခုအနေဖြင့် ဧပြီ ၂၃ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဗဟန်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက အဆိုအား ပါဝါပွိုင့်ဖြင့် တင်သွင်းရန် တင်ပြသည့်အခါ ပါဝါပွိုင့်ပါ စာသားများ ကြမ်းနေ၍ အချို့ဖြုတ်ပေးပါရန် ပြောကြားခဲ့ရာ ဖြုတ်ပေးရန် သဘောတူညီ ခွင့်ပြုချက်လည်း ရခဲ့ပြီးဖြစ်ကြောင်း၊ သို့သော် အဆိုတင်မည့်အချိန် မိနစ်ပိုင်းအလိုတွင် ပါဝါပွိုင့်ဖြင့် တင်ဆက်မှုအား ပယ်ချခံခဲ့ရကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သည် ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်များထဲတွင် စွမ်းဆောင် ရည်အနိမ့်ဆုံး လွှတ်တော်တစ်ခု ဖြစ်နေပြီး လွှတ်တော်နှင့်ပတ်သက်သည့် ကော်မတီများကိုလည်း ဖွဲ့စည်းနိုင်ခြင်းမရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ကြသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် လွှတ်တော်ရေးကော်မတီ ၁၃ ခု၊ ကချင်ပြည်နယ်တွင် ၁၀ ခု အသီးသီး ရှိနေသော်လည်း လူဦးရေ အများဆုံးနှင့် လွှတ်တော်ကိုယ်စားလှယ် အများဆုံး ရန်ကုန်တိုင်းဒေသကြီးတွင် ကော်မတီ အနည်းငယ် သာရှိသည်ဟု ဒေါက်တာညိုညိုသင်းက ဝေဖန်ပြောကြားသည်။
ထို့ပြင် အရေးကြီးဆုံးအချက် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြည်သူလူထုကို စာဖြင့်ရေးသားထားသော အမိန့်ညွှန်ကြားချက်များကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြလာခြင်း မရှိကြောင်းနှင့် နှုတ်မိန်ဖြင့်သာ အုပ်ချုပ်နေခြင်း ဖြစ်သည်ဟုလည်း ဒေါက်တာ ညိုညိုသင်းက ပြောကြားသည်။
“စာဖြင့် ရေးသားထုတ်ပြန်တဲ့ ညွှန်ကြားချက်အမိန့်တွေ တစ်ခုမှ လွှတ်တော်ကို တင်လာတာ မရှိဘူး။ နှုတ်မိန့်နဲ့ပဲ လွှတ်တော်ကို အုပ်ချုပ်နေတယ်။ ကျူးကျော်လို ကိစ္စမျိုးတွေမှာ နှုတ်မိန့်နဲ့လုပ်ခဲ့တာ။ တကယ်တမ်း အမိန့်ညွန်ကြားချက်တွေ လွှတ်တော်ကို တင်လာခဲ့မယ်ဆိုရင် အဲဒီညွှန်ကြားချက်တွေကို အန်တီတို့လွှတ်တော်က သဘောတူမှာ မဟုတ်ပါဘူး။ ဒီကိစ္စဟာ တရားဥပဒေ စိုးမိုးမှုကို မေးခွန်း ထုတ်စရာ ဖြစ်နေပါတယ်” ဟု ဒေါက်တာညိုညိုသင်းက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၏ ရသုံးငွေမှာ အစိုးရအဖွဲ့ ရသုံးထက် အဆပေါင်းများစွာ နည်းပါးနေပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရမှာ လွှတ်တော်ကို ဂရုမစိုက်သည့် ပုံစံမျိုးဖြစ်နေကြောင်း၊ ထိုသို့ ဂရုမစိုက်သည်ဟု ပြောရာတွင် သာဓကအနေဖြင့် ဧပြီ ၁ ရက်တွင် စတင်သုံးစွဲရမည့် ၂၀၁၄-၂၀၀၅ ရန်ကုန်တိုင်းဒေသကြီး၏ ဘတ်ဂျက်အား ပြည်ထောင်စုလွှတ်တော်က အချိန်မီ အတည်ပြုပေးခဲ့ပါလျက်နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ ဧပြီ ၁ ၇က် မတိုင်မီ ကြိုတင်ပြကာ ခွင့်ပြုချက်ရယူခဲ့ခြင်း မရှိကြောင်းနှင့် ဧပြီ ၂၃ ရက်မှသာ လွှတ်တော်သို့ တင်ပြလာကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ဘတ်ဂျက်အား လေ့လာသုံးသပ်သည့် ဥပဒေပြုရေး ကော်တီကလည်း ယင်းအချက်ကို ထောက်ပြခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ အာဏာရပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အင်အားက အများဆုံးဖြစ်ကြောင်းနှင့် လွှတ်တော်ကို ပါတီ၏ လွှမ်းမိုးမှုများလည်း ရှိနေကြောင်း၊ အတိုက်အခံပါတီ အမတ် ၁၅ ဦးသာ ရှိခြင်းကြောင့် အတိုက်အခံ အင်အားစုပါတီများမှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းသည့် အဆိုအားလုံးအား ပယ်ချခြင်းခံနေရကြောင်း အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။
“ကျွန်တော်အနေနဲ့ လွှတ်တော်မှာ အဆိုတွေ တင်ခဲ့တယ်။ ကျွန်တော်တင်တဲ့ အဆိုမှာ အစိုးရသုံးတဲ့ ငွေစာရင်းစိစစ်ရေး ကော်မတီ ဖွဲ့ဖို့ပါ။ ဒါကို လွှတ်တော်ဒုက္ကဋ္ဌက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီလို့ မဖြေဘူးလို့ ပြောတယ်။ ပြီးတော့ ရန်ကုန်တိုင်းအစိုးရကို ထိခိုက်စေမယ့် အဆိုတွေအကုန်လုံးကို အတည်မပြုဘူး။ အစိုးရလုပ်ရပ်ကို ထောက်ပြရင် လွှတ်တော်က လက်မခံနိုင်ဘူး။ အစိုးရအဖွဲ့ကို ထိခိုက်တာမျိုးဆိုရင် အဆိုအတင်မခံနိုင်ဘူး။ ဒါဟာ လွတ်လပ်စွာပြောဆိုခွင့် မရှိတာပါ။ နောက်ထပ် ကျွန်တော်ခံစားရတဲ့ အချက်တစ်ခုက ကျွန်တော်တင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ပြည်သူ့ရင်ပြင်မှာ ထားပေးဖို့ အဆိုသွင်းခဲ့တာ။ ဒီကိစ္စကို ပြည်ထောင်စုအစိုးရထံကို တင်ပေးမယ်လို့ ကတိပေးခဲ့တာ။ အခုထိကို မလုပ်ပေးသေးပါဘူး။ ဗိုလ်ချုပ်ကိုပဲ မလေးစားတာလား။ ဒီလိုသာကြာနေရင် နိုင်ငံအတွက် အစိုးရက ဘယ်လိုရှေ့ဆက်လုပ်မလဲ” ဟု အတိုက်အခံပါတီ အမတ်ဖြစ်သည့် သင်္ဃန်းကျွန်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ပြောကြားသည်။
“အတိုက်အခံပါတီတွေကတင်တဲ့ အဆိုတွေအားလုံးနီးပါး ပယ်ချခံရတယ်။ အန်တီတင်ခဲ့တဲ့ ဆင်းရဲနွမ်းပါး သက်ကြီးဘိုးဘွားတွေကို နေ့ပိုင်းဂေဟာတွေဖွင့်ပြီး စောင့်ရှောက်ခွင့်ပေးဖို့အဆို၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို စောင့်ရှောက်ဖို့၊ ဆင်းရဲနွမ်းပါး ကျောင်းကလေးတွေကို အာဟာရတိုက်ကျွေးဖို့ အဆိုတွေအကုန်လုံး ပယ်ချခံရတယ်။ ပြည်ခိုင်ဖြိုးပါတီက တင်လာတဲ့ ဒဂုံမြို့သစ်လို နေရာမျိုးမှာ ဘယ်လိုအခြေခံ အဆောက်အုံတွေ ဆောက်ပေးမယ်ဆိုတာမျိုးတွေ အစိုးရအဖွဲ့က လုပ်ချင်တဲ့ ကိစ္စတွေဆိုရင် အတည်ပြုလိုက်ပါတယ်။ ဒါဟာ အစိုးရက လွှတ်တော်အထက်မှာ ရှိနေတဲ့သဘောပါ” ဟု ဒေါက်တာညိုညိုသင်းက ထောက်ပြခဲ့သည်။
“အစိုးရကတော့ လွှတ်တော်ကို မလွှမ်းမိုးပါဘူး။ သူ့အလုပ်သူလုပ်၊ ကိုယ့်အလုပ် ကိုယ်လုပ်ကြတာပါပဲ။ လုပ်လည်းလုပ်ပါတယ်။ အစိုးရက လွှမ်းမိုးတယ်ဆိုတာ မရှိပါဘူး။ ဘာလို့ လွှမ်းလို့ရမှာလဲ။ သူက ကိုယ့်ကိုလွှမ်းလာရင်လည်း လက်မခံနဲ့ပေါ့။ ဒီလိုပေါ့လေ။ အမြင်တွေက တစ်မျိုးစီပဲ” ဟု အာဏာရ ပြည်ခိုင်ဖြိုးပါတီ၏ ကမာရွတ်မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြငွေက ဆိုသည်။
ထို့ပြင် အစိုးရအဖွဲ့အနေဖြင့် လွှတ်တော်သို့ တင်ပြလာခြင်း မရှိသော စီမံကိန်း များစွာရှိနေပြီး ထို့အတွက်လည်း မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ပိုင်မြေနေရာ များအား အစိုးရအဖွဲ့ အစီအစဉ်ဖြင့် မြင့်မိုရ်လွှမ်းကုမ္ပဏီသို့ ကားပါကင်အတွက် ငှားရမ်းထားသည်တို့ကို လည်း လွှတ်တော်သို့တင်ပြခြင်း၊ ပြည်သူကို လွှတ်တော်မှတစ်ဆင့် အသိပေးခြင်း မရှိခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။
“စီမံကိန်းတွေ၊ လွှတ်တော်ရုံး မြေနေရာတွေကို ငှားရမ်းထားတာကို လွှတ်တော်ကို လုံးဝအသိမပေးဘူး။ ဒါကြောင့် အစိုးရက ငါတို့လွှတ်တော်ကို တင်စရာမလိုဘဲ ဘတ်ဂျက်ကို သုံးလို့ရတယ်လို့ သဘောထားလာတယ်” ဟု ဒေါက်တာညိုညိုသင်းက ဆက်လက်ပြောကြားသည်။
“မေးခွန်းထုတ်စရာတွေ အများကြီးရှိတယ်။ စီမံကိန်းတွေကို လွှတ်တော်ပြည်သူကို တင်ပြတာတွေ မရှိဘူး။ ဒီမိုကရေစီသက်တမ်း နုနယ်သေးတဲ့ အချက်ကို အခွင့်ကောင်းယူပြီး အာဏာရှိသူတွေက လွှတ်တော်ကို ချုပ်ကိုင်မှုတွေ ရှိလာတယ်။ အဲဒါကို စိတ်မကောင်း ဖြစ်မိတယ်။ ပွင့်လင်းမြင်သာမှုကို မထိုးဖောက်နိုင်သေး ပါဘူး” ဟု ဦးကျော်ကဆိုသည်။
“ဒီလို လွှတ်တော်မြေနေရာကို အစိုးရက ငှားရမ်းတဲ့ ကိစ္စတွေကို လွှတ်တော်ဥက္ကဋ္ဌက ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်အချို့နဲ့ အစိုးရအဖွဲ့နဲ့ တွေ့ဆုံတဲ့ အစည်းအဝေး တချို့မှာတော့ ပြောတာတော့ ရှိတယ်။ ဒါပေမဲ့ ကျယ်ကျယ်ပြန့်ပြန့်တော့ မဟုတ်ဘူး။ လွှတ်တော် အစည်းအဝေးမှာတော့ တင်ပြတာ မရှိဘူး” ဟု တာမွေမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောကြား သည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ပထမပုံမှန် အစည်းဝေးမှ ၂၀၁၃ ခုနှစ် ဒီဇင်ဘာတွင် နောက်ဆုံးပြု လုပ်ခဲ့သည့် သတ္တမပုံမှန် အစည်းအဝေးအထိ ဥပဒေကြမ်း ၁၄ ခု အတည်ပြုပြဋ္ဌာန်းခဲ့ပြီး အဆို ၇၀ ခု၊ မေးခွန်းပေါင်း ၁၄၅၅ ခု ပေးပို့မေးမြန်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက ဧပြီ ၂၃ ရက်တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးတွင် ပြောကြားသည်။
ထိုသို့ လွှတ်တော်သက်တမ်းတစ်လျှောက် ဥပဒေကြမ်း ၁၄ ခုသာ အတည်ပြုပြဋ္ဌာန်းနိုင်ပြီး အခြားတိုင်းဒေ သကြီးများတွင် ဥပဒေများစွာ ထွက်ရှိနေချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဥပဒေအနည်းဆုံး ထွက်ရှိသည့် လွှတ်တော်ဖြစ်နေကြောင်းနှင့် မေးခွန်းပေါင်း ၁၄၅၅ ခုအနက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြန်လည်ဖြေကြားနိုင်ခြင်းမရှိသည့် မေးခွန်းများလည်း ရှိနေကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဆိုသည်။
“အစိုးရအဖွဲ့က လွှတ်တော်ဂရုမစိုက်ဘူးလို့ ဆိုတဲ့နေရာမှာ ဥပမာအနေနဲ့ ပြောရရင် လွှတ်တော်ကိုယ် စားလှယ်တွေ မေးတဲ့မေးခွန်းတွေကို လွှတ်တော်ပြုလုပ်တဲ့ကာလ နောက်ဆုံးရက်မှာ အပြီးဖြေပေးရမှာ။ ဒါပေမဲ့ မဖြေပေးနိုင်တဲ့ မေးခွန်းတွေ အများကြီးရှိနေတယ်” ဟု ဒေါက်တာညိုညိုသင်းက သုံးသပ်ပြော ကြားသည်။
Eleven Media Group

No comments:
Post a Comment