Tuesday, September 10, 2019

အတိုင်ပင်ခံပုဂ္ဂိုလ် ၊ တပ်ချုပ်နှင့် KNU၊ RCSS ခေါင်းဆောင်များတွေ့ဆုံရေး အစိုးရအဆိုပြု

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နှင့်  ကရင်အမျိုးသားအစည်း အရုံး(KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS) ခေါင်းဆောင်များ တွေ့ဆုံနိုင်ရေး အစိုးရကိုယ်စားလှယ်အဖွဲ့က အဆိုပြုထားကြောင်း နှစ်ဖက် တာဝန်ရှိသူများက ပြောသည်။

သြဂုတ်အတွင်းက အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ တွေ့ဆုံစဉ် အစိုးရ၊ တပ်မတော် ထိပ်သီးခေါင်းဆောင်များနှင့် အပစ်ရပ် ၁၀ ဖွဲ့ ခေါင်းဆောင်များ တွေ့ဆုံရန် ကိစ္စကို အစိုးရက အဆိုပြုခဲ့ပြီး အပစ်ရပ် ၁၀ ဖွဲ့ ခေါင်းဆောင်အားလုံး မတွေ့ဆုံ နိုင်ပါက KNU နှင့် RCSS ထိပ်သီးခေါင်းဆောင်များ နေပြည်တော် သို့ လာရောက်တွေ့ဆုံရန် နည်းလမ်းတစ်ခုအနေဖြင့် အဆိုပြုခဲ့ကြောင်း  အစိုးရဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့မှ  ဦးလှမောင်ရွှေက  ယမန်နေ့တွင်  အ တည်ပြုသည်။

‘အခု ကျွန်တော်တို့ ကြားထဲမှာ အခက်အခဲရှိတာမျိုးတွေ ပြန်ပြီးတော့ ဖြေလျှော့မယ်၊ ပြန်ပြီး သွားဖို့ဆိုရင် လက်မှတ်ထိုးခေါင်း ဆောင် ၁၀ ဦးအနေနဲ့ နေပြည်တော်မှာ တွေ့နိုင်ဖို့ အဆိုပြုတာ။ တကယ်လို့ အဲဒီလို ခက်ရင် ခေါင်းဆောင်နှစ်ယောက် သွားတွေ့ဖို့ လည်း အဆိုပြုတယ်’’ ဟု ဦးလှ မောင်ရွှေက ပြောသည်။
အောက်တိုဘာ၌ အပစ် ရပ်အဖွဲ့ထိပ်သီးခေါင်းဆောင် များ နေပြည်တော်သို့ လာရောက် နိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်း က ဆိုသည်။
အစိုးရ၏  အဆိုပြုချက်နှင့် ပတ်သက်ပြီး KNU အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာ ဒိုမူးက ‘‘တွေ့နိုင်ရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ တွေ့နိုင်တဲ့ အချိန်ညှိတာတို့တော့ ရှိဦးမှာပေါ့။ နှစ်ဖက်သဘောတူတဲ့ အချိန်ကျ ရင်တော့ တွေ့လို့ရတာပေါ့’’ ဟု ပြောသည်။
ချင်းအမျိုးသားတပ်ဦး (CNF) ဒုဥက္ကဋ္ဌ ဒေါက်တာဆ လိုင်းလျန်မှုန်းက ‘‘အရင်တစ်ခါ အလွတ်သဘောဆွေးနွေးပွဲတုန်း က အစိုးရဘက်က တင်ပြထား တာတော့ ကျွန်တော်တို့ လက်မှတ် ထိုးထားတဲ့ ခေါင်းဆောင် ၁၀ ဦး နဲ့ အစိုးရဘက်က ခေါင်းဆောင် ပေါ့နော်။ ထိပ်သီးခေါင်းဆောင် တွေ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့၊ တပ်ချုပ်တို့ တွေ့ဆုံဖို့ ဆိုပြီးပေါ့။ အားလုံး ၁၀ ဖွဲ့ မတွေ့နိုင်သေးဘူး ဆိုရင်တော့ KNU နဲ့ RCSS ခေါင်းဆောင်တွေနဲ့ တွေ့ဖို့ဆိုတာမျိုး တင်ပြထားတာ ရှိပါတယ်’’ ဟု ပြောသည်။
ယင်းအဆိုပြုချက်နှင့်ပတ် သက်ပြီး ခေါင်းဆောင်များ ချက်ချင်း တွေ့ဆုံခြင်းထက် လတ်တလော တစ်ဆို့နေသည့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ဆိုင်ရာ အခက်အခဲများကို နှစ်ဖက်အလုပ်အဖွဲ့ ဦးစွာ တွေ့ဆုံဖြေရှင်းရန်၊ ထိုသို့ တွေ့ဆုံပြီးမှသာ ထိပ်ပိုင်းခေါင်း ဆောင်အချင်းချင်း တွေ့ဆုံပွဲပြု လုပ်ရန် အပစ်ရပ် ၁၀ ဖွဲ့အတွင်း သုံးသပ်ထားသည်ဟု ၎င်းက ဆို သည်။
အစိုးရ ကိုယ်စားလှယ်အဖွဲ့ နှင့် အပစ်ရပ်လက်မှတ်ထိုး ၁၀  ဖွဲ့ကိုယ်စားလှယ်များသည် စက်တင်ဘာ ၁၀ ရက်၊ ၁၁ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးမည်ဖြစ်ရာ ထိပ်ပိုင်းခေါင်းဆောင် များ တွေ့ဆုံနိုင်ရေးကိစ္စကိုလည်း ညှိနှိုင်းရန် စီစဉ်ထားသည်။
7Day    

No comments:

Post a Comment

My Blog List