Tuesday, September 10, 2019

ရုရှားအာဏာရပါတီ အမတ်နေရာ သုံးပုံတပုံခန့် ရှုံးနိမ့်နေ


 
ရုရှားအာဏာရပါတီဖြစ်တဲ့ ယူနိုက်တက် ရုရှားပါတီဟာ မော်စကို ဒေသန္တရလွှတ်တော် ရွေးကောက်ပွဲမှာ အမတ်နေရာ သုံးပုံတပုံလောက် ရှုံးနိမ့်နေတယ်လို့ ရေတွက်ပြီးခါနီး အချက်အလက်တွေကို ကိုးကားပြီး ရုရှားသတင်း အေဂျင်စီတွေက စက်တင်ဘာ ၉ ရက်နေ့မှာ ဖော်ပြပါတယ်။

စက်တင်ဘာလ ၈ ရက်နေ့က ရုရှားနိုင်ငံတလွှားမှာ ဒေသန္တရ ရွေးကောက်ပွဲတွေ ကျင်းပခဲ့တာပါ။
ယူနိုက်တက်ရုရှားပါတီဟာ  ရွေးကောက်ပွဲမှာ အမတ်နေရာ သုံးပုံ တစ်ပုံ ရှုံးနိမ့်ပေမယ့် မော်စကိုလွှတ်တော်ထဲမှာတော့ အမတ်နေရာ အများစုကို ထိန်းထားနိုင်ဆဲပါ။
တနင်္ဂနွေနေ့က ကျင်းပတဲ့ ဒေသန္တရရွေးကောက်ပွဲမှာ မော်စကို လွှတ်တော် အမတ်နေရာ စုစုပေါင်း ၄၅ နေရာရှိတဲ့အနက်  ယူနိုက်တက်ရုရှားပါတီက ၂၆ နေရာ ၊ ကွန်မြူနစ်ပါတီက ၁၃ နေရာ အပြင် အတိုက်အခံ ပါတီနှစ်ခုဖြစ်တဲ့ ယာဘလိုကို ပါတီနဲ့ Fair Russia ပါတီတို့က ၃ နေရာစီ အနိုင်ခဲ့တယ်လို့ အချက်အလက်တွေက ဖော်ပြပါတယ်။
ယူနိုက်တက်ရုရှားပါတီဟာ  ၂၀၁၄ ခုနှစ်က နောက်ဆုံးကျင်းပခဲ့တဲ့  မော်စကို ဒေသန္တရ ရွေးကောက်ပွဲမှာ အမတ်နေရာ ၂၈ နေရာအထိ အနိုင်ရခဲ့တဲ့အပြင် သူ့ပါတီကိုထောက်ခံတဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ် ၁၀ ယောက်လည်း အနိုင်ခဲ့ပါတယ်။
ဒါပေမယ့် မကြာသေးခင်လတွေက မြို့တော် မော်စကိုမှာ ငါးနှစ်ကျော် ကာလအတွင်း ဝင်ငွေလျော့ကျလာတာနဲ့ ပင်စင်ခံစားခွင့် အသက်ကို ၆၅ နှစ်အထိ တိုးမြှင့်လိုက်တာနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲတွေ အကြီးအကျယ်ပေါ်ပေါက်ခဲ့ပါတယ်။
အဲဒီဆန္ဒပြပွဲတွေအပြီး ရွေးကောက်ပွဲမှာတော့ သမ္မတပူတင်ကို ထောက်ခံတဲ့  အာဏာရ ယူနိုက်တက်ရုရှားပါတီဟာ အမတ်နေရာ သုံးပုံတပုံ ဆုံးရှုံးခဲ့ရတာပါ။
သမ္မတ ပူတင်ဟာ အရင်က လူထုထောက်ခံမှုနှုန်းလျော့ကျခဲ့ပေမယ့်  လက်ရှိမှတော့ ထောက်ခံမှုနှုန်း ၆၀ ကျော် ရရှိထားပြီး တခြား အနောက်တိုင်းခေါင်းဆောင်တွေထက် သာလွန်နေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ပူတင်ဟာ ၂၀၁၈ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့ တာကြောင့် ၂၀၂၄ ခုနှစ်အထိ သမ္မတ တာဝန် ထမ်းဆောင်မှာ ဖြစ်ပါတယ်။

DVB 

No comments:

Post a Comment

My Blog List